Wednesday, December 30, 2015

မြန်မာကို ကိုင်လှုပ်ခဲ့သော ဖြစ်ရပ်ကြီး (၁၀)ခု





၂၀၁၅ အထွေထွေရွေးကောက်ပွဲ

ခေါင်းစဉ်အမျိုးမျိုးတပ်၍ အုပ်ချုပ်ခဲ့သော စစ်အစိုးရအုပ်ချုပ်မှုကို မလိုချင် တော့ကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင်မြန်မာပြည်သူများသည် မဲပေး ခြင်းဖြင့် ၎င်းတို့၏ဆန္ဒကို ဖော်ထုတ်ခဲ့ကြသည်။ ဆန္ဒမဲပေးသူ ၇၀ ရာခိုင် နှုန်းကျော် မဲပေးခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံများအပြင် ထိုင်း၊ ဗီယက်နမ် အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများကပင် အတု ယူကြရန် ပြောကြားမှုများရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတစ်ရပ် ဖွဲ့နိုင်သည့် အရေအတွက်ကို ကျော်လွန်၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒီချုပ်သည် ပြည်သူ့လွှတ်တော်တွင် အမတ် ၂၅၅ နေရာ၊ အမျိုးသားလွှတ် တော်တွင် အမတ် ၁၃၅ နေရာရရှိရာ သမ္မတလောင်း နှစ်ဦးထိ တင်သွင်း ခွင့်ရပြီး ပါတီစိတ်ကြိုက် သမ္မတကို တင်မြှောက် ခွင့်ပါရရှိခဲ့သည်။

တပ်မတော်ခေါင်းဆောင်ဟောင်းများ ဦးဆောင်သော လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးသည် လွှတ်တော်သုံးရပ်ပေါင်း ၁၁၇ နေရာသာ အနိုင်ရခဲ့ပြီး ပြည်သူထောက်ခံမှုတွင် ဒီချုပ်ကို မယှဉ်နိုင်ခဲ့ပေ။ ထို့ပြင် မြန်မာလူထုသည် အမတ်နေရာ ၁,၁၅၀ ရှိသည့်အနက် အမျိုးသမီးအမတ် ၁၄၉ ဦးကို လွှတ်တော်ထဲသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းပမာဏသည် လက်ရှိ လွှတ်တော်ထဲတွင်ရှိသော အမျိုးသမီးအမတ် ၅၃ ဦးထက် ၁၀၀ ခန့် ပိုမိုသော အရေအတွက်လည်းဖြစ်သည်။ နိုဝင်ဘာ ၈ ရက်တွင် မြန်မာလူထုသည် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်ခြင်းကို မဲရုံပရ၀ုဏ်များတွင်သာမက လူမှုကွန်ရက်စာမျက်နှာများထက်တွင်ပါ မင်စွန်းလက်သန်းများဖြင့် ဖော်ကျူးခဲ့ကြသည်။ မြန်မာပြည်သူတို့သည် ခွပ်ဒေါင်းလိုဂိုဘေးတွင် တံဆိပ်တုံးထုပြီး အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ၊ စည်းကမ်းပြည့်ဝစွာ တော်လှန်ခဲ့ကြခြင်းလည်းဖြစ်သည်။

လက်ပံတန်းကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရ

လက်ပံတန်းမြို့တွင် သီတင်းတစ်ပတ်ကျော်ကြာ ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များ အသုံးပြု၍ အကြမ်းဖက်ဖြိုခွဲခဲ့သည်။ သပိတ်မှောက်ကျောင်းသားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့သည့်လုပ်ရပ်မှာ သမ္မတဦးသိန်းစိန်လက်ထက်၌ ရုပ်အဆိုးဆုံးလုပ် ရပ်တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပက ဝေဖန်ကန့်ကွက်မှုများခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် အမျိုးသားပညာရေးဥပဒေသည် ဗဟိုချုပ်ကိုင်မှုများ ရှိနေသည်ဟုဆိုကာ ဗကသများနှင့် တကသများမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဦးဆောင်ကာ ရန်ကုန်မြို့တွင် ၂၀၁၄ နိုဝင်ဘာ ၁၄ ရက်က စတင်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။ ဥပဒေတွင် ပြင်ဆင်ပေးရန် အချက် ၁၁ ချက်ကို ကျောင်းသားများက တောင်းဆိုခဲ့ကြပြီး တစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်း မရှိသောကြောင့် ဒီမိုကရေစီ ပညာရေးသပိတ် စစ်ကြောင်းကို မန္တလေးအိမ်တော်ရာမှ စတင်ထွက်ခွာ၍ ရန်ကုန်မြို့သို့ ဦးတည်ကာ ခြေလျင်ချီတက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။ ကျောင်းသားသပိတ်သည် ပြည်သူလူထု၏ အားပေးထောက်ခံမှု ရရှိလာခဲ့ပြီး မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ခရီးရှည် ချီတက်လာသည့် ပင်မသပိတ် စစ်ကြောင်းအပြင် ဧရာဝတီသပိတ်စစ်ကြောင်းနှင့် ပခုက္ကူ-မြေလတ် သပိတ်စစ်ကြောင်း စသည်ဖြင့် သုံးခုခွဲ၍ ရန်ကုန်မြို့သို့ ချီတက်လာခဲ့ကြ သည်။

ထို့နောက် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)နှင့် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ လေးပွင့်ဆိုင်ဆွေးနွေး ခဲ့ကြပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့သည်။

ထို့ကြောင့် ဧရာဝတီနှင့် မြေလတ်သပိတ်စစ်ကြောင်း ရပ်နားခဲ့ကြပြီး ပင်မသပိတ်စစ်ကြောင်းမရပ်နားဘဲ ဆက်လက်ချီတက်လာရာတွင် လက်ပံတန်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ် ၂ ရက်တွင် စတင်၍ ပိတ်ဆို့တားဆီးထားခဲ့ပြီး သပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်၌ အကြမ်းဖက်ဖြိုခွင်းခဲ့ကာ ကျောင်းသားနှင့် ဝန်းရံပြည်သူ ၁၂၇ ဦးကို ဖမ်းဆီး၍ သာယာဝတီထောင်တွင် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသည့်အထဲမှ တက္ကသိုလ်၊ ကောလိပ်တက်ရောက်သည့် ကျောင်းသား ၂၇ ဦးနှင့် သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးခဲ့ကာ ကျန်ရှိသူများကို ပုဒ်မငါးခုဖြင့် တရားစွဲဆိုခဲ့ပြီး ၉ လကျော် ကြာမြင့်သည်အထိ ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။

အငြင်းပွားမှုများနှင့် မျိုးစောင့်ဥပဒေလေးခု

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ ထောက်ပြမှုများရှိခဲ့သည့် မျိုးစောင့်ဥပဒေအဖြစ် လူသိများသော ဥပဒေကြမ်းလေးခုကို ၂၀၁၅ အတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီး သမ္မတကလည်း လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

၂၀၁၅ မေလနှင့် သြဂုတ်လများအတွင်း တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတို့ကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေများ ပြဋ္ဌာန်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)က ဦးဆောင်ကာ ၎င်းတို့စုဆောင်းထားသော ပြည်သူ ၁ ဒသမ ၃ သန်းကျော်၏ လက်မှတ်ဖြင့် သမ္မတထံစာပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ဥပဒေမပြဋ္ဌာန်းမီ ဥပဒေကြမ်း အဆင့်တွင်ပင် ယင်းမျိုးစောင့်ဥပဒေ များသည် ဒီမိုကရေစီစံနှုန်းနှင့် လူ့အခွင့်အရေးရှုထောင့်မှကြည့်ပါက အားနည်းချက်များစွာရှိကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

သမ္မတက မျိုးစောင့်ဥပဒေကြမ်းများကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ပေးပို့ခဲ့ပြီး နောက်လွှတ်တော်တွင် ဆွေးနွေးစဉ်ကာလများ အတွင်းကလည်း ဒီမိုကရက်တစ်အင်အားစု လွှတ်တော်ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အချို့က ယင်းဥပဒေကြမ်း အချို့သည် ကိုးကွယ်ရာဘာသာ မတူညီသော နိုင်ငံသားတိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။ မျိုးစောင့် ဥပဒေလေးခုအနက် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို အမျိုးသမီးထုအတွင်း ထောက်ခံမှု အချို့ရှိခဲ့သော်လည်း ယင်းဥပဒေ ပြဋ္ဌာန်းပြီး လပိုင်းအတွင်း အမှုဖွင့်အရေးယူခံရမှု အများအပြား ထွက်ပေါ် လာခဲ့ရာ အများစုသည် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများသာ ဖြစ်နေသည်။

သစ်ခိုးထုတ် တရုတ်နိုင်ငံသားများကို ပြစ်ဒဏ်ချပြီး ရှစ်ရက်အကြာတွင် လွတ်ငြိမ်းခွင့်ပေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်နှင့် ဆဒုံးဒေသများတွင် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသား ၁၅၅ ဦးကို ယခုနှစ်ဆန်းပိုင်းတွင် တပ်မတော်က ဖမ်းဆီးခဲ့သည်။ သစ်ခိုးထုတ်နေသော သစ်လုပ်ကွက်တွင် တရုတ်နိုင်ငံသားများနှင့်အတူ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ သစ်များဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် သစ်မှောင်ခိုအုပ်စုတွင် အကြီးဆုံးဖြစ် သည်။ ဖမ်းဆီးရမိချိန်မှ အမိန့်ချသည်အထိမြန်မာအစိုးရ၏ တရားစီရင် မှုအပေါ် ပြည်သူများက အတိုင်းအတာတစ်ခုအထိ ထောက်ခံအားပေးမှု ရှိခဲ့သော်လည်း အမိန့်ချပြီး ရှစ်ရက်အတွင်း အဆိုပါ တရုတ်နိုင်ငံသားများကို မြန်မာအစိုးရက သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ရာ
ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ဖမ်းဆီးရမိသည့်တရုတ်နိုင်ငံသားများကို မြန်မာအစိုးရက တရားလိုပြု၍ အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ပုဒ်မ အပက(၃)ဖြင့် တရားစွဲဆိုခဲ့သည်။ အမှုရင်ဆိုင်နေရသည့် တစ်နှစ်အတွင်း တရုတ်အစိုးရက ၎င်းတို့၏နိုင်ငံသားများ လွှတ်ပေးရန် မြန်မာအစိုးရကို အကြိမ်ကြိမ် ဖိအားပေးတောင်းဆိုခဲ့သည်။ မြန်မာအစိုးရက တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို တစ်သက်တစ်ကျွန်းထောင် ဒဏ်ချမှတ်လိုက်ပြီး ကျန်နှစ်ဦးကို အသက်မပြည့်သဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။ ထောင်ဒဏ်နှင့် ပတ်သက်၍ တရုတ်အစိုးရက တရုတ်နိုင်ငံရှိ မြန်မာသံအမတ်ကို ခေါ်ယူဆွေးနွေးခဲ့သည်။ ထိုသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရုတ်နိုင်ငံသားများအား ပြန်လွှတ်ပေးခဲ့ရာ ပြည်သူများက ဝေဖန်ခဲ့ကြသည်။

လူရာချီသေဆုံးခဲ့သည့် ဖားကန့်မြေစာပုံ ပြိုကျမှု

ဖားကန့်ဒေသ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော လူသေဆုံးမှုဖြစ်သည့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သော မြေစာပုံပြိုကျမှု ၂၀၁၅ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သည်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ ပေ ၁,၀၀၀ ခန့် အမြင့်ရှိ စွန့်ပစ်မြေစာပုံတစ်ခု နိုဝင်ဘာ ၂၁ ရက်က ပြိုကျခြင်းဖြစ်ကာ မြေစာပုံအောက်ဘက်မှ ရေမဆေးကျောက် ရှာဖွေသူများ နေထိုင်သည့် ယာယီတဲအိမ်များ မြေကြီးအောက် ရောက်သွားခဲ့သည်။ မြေပိသေဆုံးသူများကို စက်ယန္တရားများဖြင့် ရှာဖွေခဲ့ပြီး ရုပ်အလောင်း ၁၁၄ လောင်း ပြန်ရှာတွေ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သော်လည်း
သေဆုံးသူ အရေအတွက် အတိအကျကို မထုတ်ပြန်ပေ။ ဒေသခံများက အနည်းဆုံး လူဦးရေ ၂၀၀ ခန့် သေဆုံးနိုင်ကြောင်း ပြောသည်။ မြေစာပုံ ပြိုကျမှုကြောင့် လူရာချီသေဆုံးမှုအတွက် နိုင်ငံတော်သမ္မတက ဝမ်း နည်းကြောင်းနှင့် သတ္တုတူးဖော်ရေးကဏ္ဍတွင် အားနည်းချက်များ ပြန်လည်ဆန်းစစ်ရန်လိုကြောင်း ပြောခဲ့သည်။ ထိုဖြစ်ရပ်နှင့် ဗြိတိန်အခြေစိုက် Global Witness ၏ ဖော်ထုတ်မှုကြောင့် လူတစ်စုက အကျိုးအမြတ်များစွာ ဖြစ်ထွန်းပြီး ပြည်သူများ အကျိုးခံစားခွင့်နည်း ၍ ကျောက်စိမ်းများ အလွန်အကျွံတူးယူနေသော ကျောက်စိမ်းကုမ္ပဏီများ၏ စက်ယန္တရားများ ဒေသတွင်း ဖြတ်သန်းသွားလာခွင့်ကို ဒေသခံအချို့က ပိတ်ဆို့ဆန္ဒပြခဲ့သည်။ တစ်ဆက်တည်းတွင် ဖားကန့်ကျောက်စိမ်းတူးဖော် ရေးကဏ္ဍ၌ တရားမဝင်စက်ယန္တရားများဖြင့် လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ဒေသတွင်းအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးသည် အထိ အခြေအနေ ရှုပ်ထွေးနေသည်။

မိုးကျရွှေကိုယ်စနစ်ကို အကောင်းဆုံးတုံ့ပြန်ခဲ့သော ဖဲကြိုးနက်လှုပ်ရှားမှု

တပ်ဘက်မှ အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးကုသရေးဦးစီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်ထားလိုက်ခြင်းအပေါ် ကန့်ကွက်သော ဖဲကြိုးနက်လှုပ်ရှားမှု (Black Ribbon Campaign)ကို ဩဂုတ် ၁၀ ရက်တွင် ဆရာဝန်များက စတင်ပြုလုပ်ခဲ့ကြသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဆရာဝန်ကြီးများအပါအ ဝင် ဆေးပညာအသိုင်းအဝိုင်းက မိမိတို့၏အင်္ကျီပေါ်၌ ဖဲကြိုးနက်များ တပ်ဆင်ကာ အုပ်စုလိုက် ဓာတ်ပုံရိုက်ခြင်းနှင့် စတစ်ကာများဝေငှခြင်း၊ အရပ်ဘက်ဆရာဝန် များက မိမိတို့၏ဆေးခန်းနှင့် ကားများပေါ်၌ ဖဲကြိုးနက်တပ်ဆင်ထားခြင်းတို့ဖြင့် အဆိုပါလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းမှာ မြန်မာနိုင်ငံ အရပ်ဘက်အစိုးရဌာနများ တွင် စစ်တပ်မှ မိုးကျရွှေကိုယ်များ နေရာယူလာခြင်းနှင့် ပတ်သက်၍ သိသာထင်ရှားစွာဖြင့် စတင်ကန့်ကွက်ခဲ့မှုဖြစ်သည်။ ယင်းဖဲကြိုး နက်ကန့်ကွက်မှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့မှုအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီး နောက် နောင် ကျန်းမာရေးဝန်ကြီးဌာနသို့ တပ်မတော်ဘက်မှ အရာရှိများအား ပြောင်းရွှေ့ခန့်ထားတော့မည် မဟုတ်ကြောင်း တာဝန်ရှိသူများ က ပြောကြားခဲ့သည်။ ဖဲကြိုးနက် လှုပ်ရှားမှုမှ အစပြုကာ ရှေ့နေများက အဝါရောင်ဖဲကြိုးလှုပ်ရှား မှု၊ လျှပ်စစ်ဝန်ကြီးဌာနက ဖဲကြိုးပြာလှုပ်ရှားမှု၊ ပညာရေးဌာနဝန် ထမ်းများက ဖဲကြိုးစိမ်းလှုပ်ရှားမှု များနှင့် ပျဉ်းမနားရှိ အလယ်ရိုးမ ကဗျာဆရာများအဖွဲ့က ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှု စသည့် တပ်မတော်အရာရှိများ အရပ် ဘက်ဌာနများသို့ ပြောင်းရွှေ့ခန့်ထားမှုကို ဆန့်ကျင်တိုက်ပွဲဝင်ကြ သည့် ဖဲကြိုးရောင်စုံလှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့သည်။

လိပ်ကျွန်းတရားစီရင်ခန်းနှင့် နောက်ဆက်တွဲဂယက်များ

ကမ္ဘာကျော်လိပ်ကျွန်းလူသတ်မှုကို ဒီဇင်ဘာ ၂၄ ရက်က အမိန့်ချခဲ့ရာ ထိုင်းတရားသူကြီးက မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ တင်သွင်းသော သက်သေအထောက်အထားများတွင် အားနည်းချက်များ၊ ကွဲလွဲမှုများရှိခဲ့သော်လည်း တရား သူကြီးက အငြင်းပွားဖွယ်ရာ သေဒဏ်ချမှတ်ခဲ့သည်။ ကမ္ဘာ့မီဒီယာများ အပါအဝင် ထိုင်းပြည်သူနှင့် မြန်မာပြည်သူများက လိပ်ကျွန်း လူသတ်တရားခံမှာ မြန်မာလုပ်သားနှစ်ဦး မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ထိုင်းတရားသူကြီးက ၎င်းတို့နှစ်ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့သောကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံတွင် ကြီးမားစွာ ရိုက်ခတ်မှုများ ဖြစ်လာခဲ့သည်။ မြန်မာပြည်သူများက လုပ်သားနှစ်ဦးအတွက် တရားမျှတမှုကို တောင်းဆိုပြီး ၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးရန် နိုင်ငံတစ်ဝန်း ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ ဆန္ဒပြကန့် ကွက်မှုပြင်းထန်လာသောကြောင့် နှစ်နိုင်ငံနယ်စပ်ဂိတ်အချို့ ပိတ်ထားရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ လိပ်ကျွန်းလူသတ်မှုသည် ထိုင်းလူမိုက်ဂိုဏ်းတစ်ဂိုဏ်း ပါဝင်ပတ်သက်ကြောင်း ယုံကြည်သူများစွာရှိပြီး လူသတ်မှု၌ ကျူးလွန်သူ ထိုင်း နိုင်ငံသားဖြစ်ကြောင်း ဖော်ထုတ်လျှင် ထိုင်းခရီးသွားလုပ်ငန်းနှင့် ထိုင်းရဲတပ်ဖွဲ့ပုံရိပ်အကြီးအကျယ် ထိခိုက်မည်ဖြစ်၍ မြန်မာလုပ်သားနှစ်ဦးကြားမှ ဓားစာခံဖြစ်ခဲ့သည်ဆိုသော သုံးသပ်ချက်များ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။ သေချာသည်က သာမန်မှုခင်းမျိုးမဟုတ်ဘဲ နောက်ကွယ်တွင် နိုင်ငံရေးများ ရောယှက်ပါနေသည်က သေချာသည်။

ပြည်ခိုင်ဖြိုးပါတီတွင်းသန်းခေါင်ယံ အာဏာသိမ်းပွဲ

ဩဂုတ် ၁၂ ရက် ညဥ့်သန်းခေါင်ယံအချိန်တွင် လက်ရှိအာဏာရပါတီဖြစ် သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီအတွင်း သန်းခေါင်ယံအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သည့် သူရဦးရွှေမန်း အပါအဝင် ဗဟိုကော်မတီဝင် ၁၂ ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်သွင်းမီ နှစ်ရက်အလို ဩဂုတ် ၁၄ ရက်တွင်ယင်းသို့ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်မတိုင်ခင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးအချို့ကို ရာထူးမှအနားပေးသည်ဟု ကြေညာခဲ့သည်။ ပါတီမှ ထုတ်ပယ်သည့် ဗဟိုကော်မတီဝင်နေရာများတွင် အဆိုပါပုဂ္ဂိုလ်များကို အစားထိုးကာ ပူးတွဲဥက္ကဋ္ဌနေရာကို ဦးဌေးဦးအား လွှဲပြောင်းပေးခဲ့သည်။ သန်းခေါင်ယံ အာဏာသိမ်းမှုအပေါ် ပြည်ခိုင်ဖြိုးပါတီဘက်မှ ပြန်ရှင်းရာတွင် ပါတီ၏ တရားဝင်ဥက္ကဋ္ဌသည် သမ္မတဦးသိန်းစိန် ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီရန် ဒုတိယဥက္ကဋ္ဌကို ဥက္ကဋ္ဌအဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်ခွင့် ပေးထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ကို အပြီးလွှဲပြောင်းပေးခြင်း မဟုတ်ကြောင်း၊ သူရဦးရွှေမန်းမှာ နိုင်ငံတော်အတွက် ကြီးလေးသည့် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကာလကဲ့သို့ ပါတီလုပ်ငန်းများကို အချိန်ပြည့်လုပ်ဆောင်နိုင်ရန် သူရဦးရွှေမန်းအစား ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ ဩဂုတ် ၁၂ ရက်တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးမှ ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်လာသူ ဦးတင်နိုင်သိန်းက မီဒီယာများကို ရှင်းလင်းခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ်ရှုံးနိမ့်ရသည့် အဓိကအကြောင်းရင်းများစွာတွင် ယင်းသို့အာဏာရှင်ဆန်ဆန် ပါတီတွင်း အာဏာသိမ်းမှုလည်း ပါဝင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က သုံးသပ်ခဲ့ကြသည်။

နာဂစ်အပြီး အဆိုးရွားဆုံးသဘာဝဘေးများ ကြုံခဲ့သည့်နှစ်

သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကို ၂၀၁၅ ဇူလိုင်၊ ဩဂုတ်လများတွင် ကြုံခဲ့ရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေဘေးသင့်ခဲ့ပြီး သဘာဝဘေးကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ ထူးခြားမှုသည် နိုင်ငံ၏ ကုန်းမြင့်ဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းရှိ ဒေသများအပါအဝင် ရေလွှမ်းမိုးခဲ့ခြင်းဖြစ်ပြီး နိုင်ငံအနောက်ပိုင်း ရှမ်းပြည်နယ်ရှိဒေသအများစု ရေလွှမ်း မိုးခဲ့ခြင်းဖြစ်သည်။ အစိုးရထုတ်ပြန်ထားသောစာရင်းအရ အဆိုပါသဘောဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ရေဘေးသင့်သူ ၁ ဒသမ ၆၇သန်း ထိခိုက်ခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် လျှော့ချခြင်းကို အစိုးရကစနစ်တကျချိတ်ဆက်ဆောင်ရွက်မှုများ အားနည်းခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုသည် ကျပ်ဘီလီယံ ၂၀၀ကျော်ရှိခဲ့သည်။ မြန်မာနိုင်ငံတွင်၂၀၀၈ မေလက နာဂစ်မုန်တိုင်း ပြီးလျှင် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်သည်။

လယ်ဧကများ သိန်းချီ၍ ရေလွှမ်းမိုးခဲ့ပြီး မြန်မာတို့၏ အဓိက စားသုံးနေသည့် ဆန်အပါအဝင် အခြားစားသောက်ကုန်များ ယခုနှစ်အတွင်း ဈေးနှုန်းအတက် ကြမ်းခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို တစ်လကျော် ရပ်ဆိုင်းထားခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး နောက်အလှူငွေကောက်ခံရန် လူအများလမ်းပေါ်ထွက်လာကြပြီး စုပေါင်းဝိုင်းဝန်းရမည့် လူမှုရေးလှုပ်ရှားမှုအသိများ၊ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လှုပ်ရှားမှုများသည် ရေဘေးမှ အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဧရိယာကျယ်ကျယ်ပြန့်ပြန့်နှင့် ဖြစ်ပေါ်ခဲ့သော အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ယနေ့အချိန်ထိ လုပ်ဆောင်နေရဆဲဖြစ်သည်။

အောင်တံခွန်သင်္ဘောနစ်မြုပ်မှု

တောင်ကုတ်-စစ်တွေ ပြေးဆွဲနေသော ခရီးသည် ၃၀၀ ခန့် လိုက်ပါလာသည့် အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ပြီး လူအသေအပျောက်များစွာ ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံ၏ ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အားနည်းချက်များကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့စေခဲ့သည်။ အောင်တံခွန်သင်္ဘောသည် ၂၀၁၅ မတ်လ ၁၃ ရက်တွင် မြေပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်ပိုင်နက်၌ နစ်မြုပ်သွားခြင်းဖြစ်ပြီး ပြန်လည်ဆယ်ယူရရှိ သော ရုပ်အလောင်းများအရ သေဆုံးသူ ၇၈ ဦးရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ဒေသခံများ၊ လူမှုရေးအဖွဲ့အစည်းများကမူ နစ်မြုပ်ပြီးနောက် ပြန်ရှာမတွေ့ သူများရှိကာ သေဆုံးသူဦးရေ ၁၅၀ ခန့်ရှိနိုင်ကြောင်း အခိုင်အမာပြောကြ သည်။ ရာသီဥတုဆိုးရွားခြင်းနှင့် ကုန်ပိုတင်ဆောင်မှုကြောင့် သင်္ဘောနစ် မြုပ်ခြင်းဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သော်လည်း ရာသီဥတု သတိပေးချက်ကိုမူ အစိုးရက ကြိုတင်မကြေညာခဲ့ပေ။ သင်္ဘောသည် ကျောက်ဖြူမြို့ဆိပ်ကမ်းမှ မထွက်ခွာမီ သင်္ဘောဦးပိုင်းပေါက်ကာ ရေ၀င် နေကြောင်း ခရီးသည်များက သင်္ဘောဝန်ထမ်းများအား သတိပေးခဲ့သော် လည်း ဆက်လက်ထွက်ခွာခဲ့သောကြောင့် နစ်မြုပ်ခြင်းဖြစ်သည်ဟု အသက်ဘေးမှ လွတ်မြောက်လာသည့် ခရီးသည်များက ပြောသည်။ အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုကြောင့် အစိုးရကို ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိအချို့နှင့် ဝန်ထမ်းအချို့ကို အရေးယူမှုများ ပြုလုပ်ခဲ့ သကဲ့သို့ သယ်ယူပို့ဆောင်ရန်လည်း သင်္ဘောအသစ်များ ပြည်ပမှ မှာယူ ပေးမည်ဟု ကတိပေးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List