Wednesday, December 30, 2015

မြန်မာနှစ်ဦးအရေး သတိရှိစွာ ဆန္ဒပြပါ


‘‘ထိုင်းတရားစီရင်မှု...အလိုမရှိ...အလိုမရှိ’’၊ ‘‘ဇော်လင်းနဲ့ ၀င်းဇော်ထွန်း... ချက်ချင်းလွှတ်... ချက်ချင်းလွှတ်’’၊ "We Want Justice...We Want Justice" ဟူ သော ဆန္ဒပြဟစ်ကြွေးသံများက ရန်ကုန်မြို့ရှိ ထိုင်းသံရုံး ၀န်းကျင် တွင် ဖုံးလွှမ်းသွားသည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်း သာမက ပြည်ပနိုင်ငံများသို့လည်း မြန်မာနှစ်ဦးလွတ်မြောက်ရေးဆန္ဒထုတ်ဖော်မှု များက ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ ကျယ်ပြန့်သွား သည်။ ခရစ္စမတ်ရုံး ပိတ်ရက်များ တွင် ဆန္ဒထုတ်ဖော်မှုများက အ ရှိန်မြင့်လာခဲ့သည်။

ပြည်သူလူထုက မြန်မာလူ ငယ်နှစ်ဦးအား သေမိန့်ပြစ်ဒဏ်ချ မှတ်လိုက်ခြင်းမှာ တရားမျှတ သော စီရင်မှုမဟုတ်ဟု အခိုင်အ မာယုံကြည်ပြီး အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြရန် ထိုင်းသံရုံး ရှေ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။ ယခုတစ်ကြိမ်ဆန္ဒပြမှုမှာ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုက ဦးဆောင်၍ ဆန္ဒ ထုတ်ဖော်ခြင်းမဟုတ်ဘဲ အများ စုမှာ မြန်မာလူငယ်နှစ်ဦးလွတ် မြောက်ရေးအတွက်သာ ရှေးရှုနေ ကြသည်။

သို့သော် ငြိမ်းချမ်းစွာဆန္ဒပြ မှုကို လမ်းလွဲစေရန်နှင့် မြန်မာလူ ငယ်နှစ်ဦးလွတ်မြောက်ရေးကို အ ကြောင်းပြုကာ အခြားသော ရည် ရွယ်ချက်များဖြင့် ထောင်ချီသော ဆန္ဒပြသူများအကြား သွေးထိုးလှုံ့ဆော်မှုများရှိလာကြောင်း ဆန္ဒ ထုတ်ဖော်သူအချို့နှင့် မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်နေ ကြသည်။

သေဒဏ်အမိန့်ချမှတ်ပြီး နှစ် ရက်အကြာတွင် ထိုင်းသံရုံးရှေ့၌ ရာပေါင်းများစွာသော ပြည်သူများက တညီတညွတ်တည်း စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ၎င်းတို့ထဲမှ အချို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းမှ လမ်းလွဲသွား မည်ကို စိုးရိမ်နေ၍ အချင်းချင်း သတိပေးကာ အရှိန်သတ်ရန် ကြိုးစားခဲ့ကြသည်။

‘‘အားလုံးစည်းကမ်းရှိပေး ပါ။ ဒီအချိန်မှာ ကျွန်မတို့အားလုံး အတူတူပါပဲ။ အားလုံးခံစားနေ ကြရတာပါ။ ကျွန်မတို့ မြန်မာလူ မျိုးတွေ စည်းလုံးကြောင်း၊ သွေး စည်းကြောင်း၊ စည်းကမ်းရှိကြောင်းကို ထိုင်းလူမျိုးတွေရှေ့မှာ ပြပေး ကြပါ။ ဆူပူမှုတွေမလုပ်ကြပါနဲ့’’ ဟု ဒီဇင်ဘာ ၂၅ ရက် ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် နိုင်ငံကျော် အဆိုတော် မေခလာက ဆန္ဒထုတ်ဖော်သူများကို စည်းရုံးခဲ့သည်။

ယင်းနေ့က ဆန္ဒထုတ်ဖော် သူများသည် ဒဂုံမြို့နယ်ရှိ ထိုင်းသံရုံးရှေ့၊ မနော်ဟရီလမ်းထိပ်တွင် ပိတ်ဆို့ထားသည့် လုံခြုံရေးများကို ဖယ်ပေးရန်နှင့် မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် သံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောရန်တောင်းဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် အကြမ်းဖက်ရန် လာရောက်ခြင်းမဟုတ်ဘဲ မတရားစီရင်ချက်ချခံရသည့် လူငယ်နှစ်ဦး လွတ်မြောက်ရေးကိုသာ လာရောက်တောင်းဆိုခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ မွန်းလွဲပိုင်းတွင် သံရုံးမှ ဒုတိယသံအမတ်က ပြည်လမ်းပေါ်ရှိ ရာနှင့်ချီသော ဆန္ဒပြသူများနှင့် စကားပြောဆိုရန် ထွက်လာချိန်တွင် လူအုပ် ထဲမှ ရေသန့်ဘူးတစ်ဘူးထွက်ပေါ် လာခဲ့သဖြင့် ဒုသံအမတ်က မည် သည့်စကားမျှမဆိုဘဲ ပြန်လှည့် သွားခဲ့သည်။

ဆန္ဒထုတ်ဖော်သူများမှာ သံ​ရုံးအတွင်းဝင်ခွင့်မရချိန်တွင် ဒုသံ အမတ်ထွက်လာသည်ဆို၍ သံအ မတ်မှတစ်ဆင့် သတင်းစကားပါး ရန် အားခဲထားကြသည်။ သို့သော်၎င်းတို့၏ ဆန္ဒသည် တခဏအ တွင်း ပျက်ပြယ်ခဲ့ရသည်။ ဆန္ဒ ထုတ်ဖော်သူများက ရေဘူးနှင့် ပစ် ပေါက်သူ၏ မဆင်မခြင်လုပ်ရပ် ကြောင့် ဒုသံအမတ်နှင့် တိုက်ရိုက်စကားပြောဆိုခွင့် ဆုံးရှုံးခဲ့ရသည် ဟု ဆိုကာ ‘‘ရေဘူးနဲ့ ပစ်တာ ဘယ် သူလဲ’’၊ ‘‘အဆင့်အတန်းမရှိလိုက် တာ’’၊ ‘‘စကားပြောခွင့်ရဖို့အရေး မိုးလင်းကတည်းက စောင့်ခဲ့ရတာ သိရဲ့လား’’စသည်ဖြင့် ပြစ်တင်ဝေ ဖန်ခဲ့ကြသည်။ ရေဘူးနှင့် ပစ်ပေါက်သူမှာ လက်သည်မပေါ်ဘဲ လူအုပ် အကြားပုန်းလျှိုးပျောက်ကွယ်သွားသည်။ ယင်းဖြစ်ရပ်အပေါ် အချို့ က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး လိုက်သည်ဟု ပြောဆိုပြီး အချို့ကမူ ရှေ့ကလူအုပ်က မထိုင်၍ ရေဘူးနှင့် ပစ်ပေါက်ထိုင်ခိုင်းခြင်း ဖြစ် သည်ဟုလည်း ဆိုကြသည်။

ဒီဇင်ဘာ ၂၇ ရက်ကလည်း မဘသ ဆရာတော်များက ဦးဆောင်၍ မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒ ထုတ်ဖော်မှုကို ရွှေတိဂုံစေတီတော်ပေါ်၌ ပြုလုပ်ရာ ဘုရားဂေါပကအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် ဂေါပကအဖွဲ့က ခွင့်ပြုချက်ပေးလိုက်ရသည်။ သို့သော် ဂေါပကအဖွဲ့က ဆန္ဒထုတ်ဖော်သူများထံမှ လက်ကိုင်စပီကာများကို သိမ်းဆည်းချိန်တွင် ‘‘Hand Speaker ပြန်ရရေး ဒို့အရေး ဒို့အရေး’’ဟု ဆန္ဒပြသူများက ဟစ်ကြွေးခဲ့ကြသည်။

မြန်မာလူငယ်နှစ်ဦးလွတ် မြောက်ရေးအတွက် ပြည်သူလူထုပါဝင်သည့် ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုမှာ မှန်ကန်သည့် လမ်း ကြောင်းဖြစ်သော်လည်း လူပုဂ္ဂိုလ်အချို့နှင့် အဖွဲ့အစည်းအချို့တို့က လမ်းမှားရောက်အောင် ပြောဆို၍ လမ်းလွဲမှုများရှိနေသဖြင့် အစိုးရအကူးအပြောင်းကာလတွင် စိုးရိမ်စရာဖြစ်လာကြောင်း လွှတ်တော် အမတ်အချို့နှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ဒီဇင်ဘာ ၂၇ ရက်က ထိုင်းသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်သည့် သံ ဃာတော်အချို့နှင့် ပြည်သူအချို့ က ဒေါ်အောင်ဆန်းစုကြည်နေ အိမ်သို့ လမ်းလျှောက်ကာ မြန်မာလူငယ်နှစ်ဦးလွတ်မြောက်ရေးအ တွက် အကူအညီကောင်းခံခဲ့ သည်။ အကူအညီတောင်းခံသူ များက ဒေါ်အောင်ဆန်းစုကြည် သည် ကမ္ဘာကအသိအမှတ်ပြု ထား သည့် မြန်မာ့ခေါင်းဆောင်ဖြစ်ပြီး မကြာမီဖွဲ့စည်းမည့် အစိုးရသစ်ကိုဦးဆောင်မည့် ခေါင်းဆောင်ဖြစ်၍ သွားရောက်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ သို့သော် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အမြင်မတူသူများရှိနေပြီး နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းဖြစ်သည်ဟု ယူဆနေသူများလည်း ရှိနေသည်။

‘‘ဟိုနေ့က ဒေါ်အောင်ဆန်းစု ကြည်အိမ်ရှေ့သွားတာနဲ့ ပတ် သက်ပြီး ပြောရမယ်ဆိုရင် တောင်းဆိုအကူအညီ တောင်းတာရပါ တယ်။ ဒါပေမဲ့ ရန်ထောင်သလို၊ ပြစ်တင်သလို သွားလုပ်တဲ့ သ ဘောမျိုးသက်ရောက်နေတယ်။ ဒါမျိုးက မဖြစ်သင့်ဘူးလေ’’ဟု နိုင်ငံရေးဆောင်းပါးများရေးသားနေ သူ သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေ သော ဆန္ဒပြပွဲများ၏ နောက်ကွယ်တွင် မကောင်းသောရည်ရွယ်ချက်များဖြင့် နိုင်ငံရေးအရ လှုံ့ဆော်မှု များနှင့် သံသယဖြစ်ဖွယ်အနေအ ထားရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ထုတ်ပြောခဲ့သည်။ မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနကမူ လမ်းပေါ်ထွက်ဆန္ဒပြစေရန် လှုံ့ဆော်မှုရှိ သည်ဟူသော သတင်းများကိုငြင်း ဆိုခဲ့ပြီး စွပ်စွဲမှုများကို လက်ခံရန် အထောက်အထားတစ်စုံတစ်ရာ မရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ကို တုံ့ ပြန်ထားသည်။

ဆန္ဒထုတ်ဖော်ပွဲများတွင် ကြားဝင်၍ ဖျက်လိုဖျက်ဆီးနှောင့် ယှက်သူများသည် ခေတ်အဆက် ဆက်တွင်ရှိခဲ့ဖူးပြီး လက်ရှိအချိန် တွင်လည်း ထုံးစံအတိုင်း ပြုလုပ် မည်ဖြစ်ကာ လမ်းလွဲမရောက်ရန် ဆန္ဒပြပွဲကို ဦးဆောင်သူများ၊ နိုင်ငံရေးပါတီကြီးများက တိုက်တွန်း ဖေးမလုပ်ဆောင်ရန်လိုကြောင်း ဦးစည်သူအောင်မြင့်က အကြံပြုသည်။ လက်ရှိအချိန်တွင် ထိုင်းပြည်သူများသည် မြန်မာလူငယ်နှစ်ဦးအပေါ် ထောက်ခံမှုရှိခဲ့ပြီး ကရုဏာ သက်နေကြောင်းနှင့် မြန်မာပြည် တစ်ဝန်းဆန္ဒထုတ်ဖော်ရာတွင် လူမျိုးရေးမုန်းတီးမှု၊ အကြမ်းဖက်မှု များဖြစ်မလာရန် လိုအပ်ကြောင်း၊ အကယ်၍ဖြစ်လာပါက ထိုင်းလူ မျိုးများ၏ ထောက်ခံမှုလျော့ကျ သွားနိုင်ကြောင်း မြန်မာသံရုံးအဖွဲ့ ခေါင်းဆောင် ဦးထူးချစ်က ပြော သည်။ ‘‘ငြိမ်းငြိမ်းချမ်းချမ်း ဆု တောင်းတာတို့၊ မေတ္တာရပ်ခံတာ တို့ အေးအေးဆေးဆေးပဲဖြစ်စေ ချင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ လူမျိုးရေးမုန်းတီးမှုကို အခြေခံ မယ်။ အကြမ်းဖက်မှုတွေပါလာ ရင်တော့ ကလေးနှစ်ယောက်အ တွက် အလားအလာမကောင်းဘူး လို့ ကျွန်တော်ထင်တယ်’’ဟု ဦးထူးချစ်က သုံးသပ်သည်။

ထို့အတူ ဆန္ဒထုတ်ဖော်ခြင်း ဆိုသည်မှာ များသောအားဖြင့် မတရားမှုခံစားရသည့်အချိန်များ တွင် ဖြစ်ပေါ်လာသည့်အရာဖြစ် သော်လည်း တရားမှုနှင့် မတရား မှုအပေါ်ထားရှိသည့် သဘော ထားနှင့် အမြင်မှာ ပြည့်စုံရန် အ ရေးကြီးကြောင်းနှင့် တရားမျှတမှု နှင့် ပတ်သက်၍ လူမျိုးစွဲ၊ ပုဂ္ဂိုလ် စွဲများကို အခြေခံလုပ်ဆောင်မည် ဆိုပါက အခြားသူများ၏ လှည့် ဖြားအသုံးချခြင်း ခံရမည်ကို လူတိုင်းသိထားသင့်ကြောင်း စာရေး ဆရာ မသီတာ (စမ်းချောင်း)က အကြံပြုသည်။‘‘ဆန္ဒပြတယ်ဆိုတာ ဒီမိုက ရေစီစနစ်တစ်ခုမှာ လူအများစု ကိုင်စွဲကျင့်သုံးလို့ရတဲ့ နည်းလမ်း တစ်ခုတော့ ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီလို နည်းလမ်းနဲ့ ကိုယ်ဖြေရှင်း ချင်တဲ့ ပြဿနာကို ပြေလည် အောင်ဖြေရှင်းနိုင်တဲ့အနေအထားရှိ၊ မရှိဆိုတာ ကိုယ်တိုင်ဆင်ခြင် သုံးသပ်ရမှာပဲ’’ဟု ၎င်းက ဆက် လက်အကြံပြုသည်။

ဖြစ်ပေါ်လာသည့် ပြဿနာ တိုင်းကို ဆန္ဒပြသည့်နည်းဖြင့် ရ နိုင်၊ မရနိုင်ကို စဉ်းစားချင့်ချိန်ရ မည်ဖြစ်ပြီး ဆန္ဒပြသည့်အကျိုး ဆက်ကြောင့် ပြေလည်သွားခြင်း များရှိသကဲ့သို့ ဆန္ဒပြသည့် နည်း လမ်းအား ရေရှည်စွဲကိုင်အသုံးပြု သော်လည်း အကျိုးသက်ရောက် မှုရှိမည်မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသူအချို့က သုံးသပ်သည်။

‘‘အခုလောလောဆယ်ဆို ရင် ပြတာ၊ ပြောတာတွေက တော် တော်လေးကို ထိရောက်နေပါပြီ။ အဲဒီလောက်ဆိုရင် တစ်ဦးချင်းအ မြင်အရ လုံလောက်ပါပြီ။ အခုဟာကလည်း အောက်ခြေရုံးက ဆုံး ဖြတ်လိုက်တာဆိုတော့ ပြစရာရှိ တာပြမယ်။ အချိန်ကိုစောင့်ဆိုင်း ရဦးမှာပါ။ လွှတ်ပေးဖို့၊ မလွှတ် ပေးဖို့ဆိုပြီး တရားစီရင်ရေးကို သိပ် ပြီး စွက်ဖက်လို့ရတာ မဟုတ်ဘူး လေ။ မှန်ကန်ဖို့အရေးနဲ့ မှန်မှန် ကန်ကန်ဖြစ်တယ်ဆိုရင်လည်း လူ တွေလက်ခံလာအောင် လုပ်ပေးရ မယ်လို့ပဲ ထင်ပါတယ်’’ဟု ဦးစည်သူအောင်မြင့်က မှတ်ချက်ပြုသည်။

လက်ရှိကာလတွင် အွန်လိုင်း ပေါ်၌ လူတစ်စု၏ လှုပ်ရှားမှုများ ကိုကြည့်လျှင် မူလပါတီအနေဖြင့် မဟုတ်ဘဲ ပါတီထောက်ခံသူနှင့် အားပေးသူများအကြား အားပြိုင် မှုများရှိနေပြီးနောက်ကွယ်မှ နိုင်ငံရေးကစားကွက်များရှိနိုင်ကြောင်း မန္တလေးမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးစောထိန်သိန်းက ၎င်း၏ အမြင်ကို ပြောသည်။

‘‘နိုင်ငံရေးအသုံးချမှုအနေနဲ့ က နောက်ကွယ်ကကိစ္စဆိုတော့ မပြောတတ်ဘူး။ ရှိမယ်လို့တော့ ထင်တယ်။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှု ကစားကွက်အနေနဲ့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါကလည်း သေချာဖန်တီးထားတာတော့ မဟုတ်လောက် ဘူးဗျ။ ဖြစ်လာတဲ့အခြေအနေမှာ အသုံးချတဲ့သဘောလောက်ပဲ’’ဟု ၎င်းက ဆိုသည်။ ၁၉၆၇ က တရုတ်-ဗမာ အရေးအခင်းတွင်ဆန္ဒပြသူများက တရုတ်သံရုံးထဲသို့ဝင်ရောက် ကာ ၀န်ထမ်းတစ်ဦးအား ဓားဖြင့် ထိုးသည့်ဖြစ်ရပ်ရှိခဲ့ဖူးပြီး လက်ရှိ တွင်လည်း စိတ်ခံစားမှု မထိန်းနိုင်ကာ သံရုံးကို ဖျက်ဆီးခြင်း၊ ရိုက်နှက်ခြင်း၊ သံရုံးပရ၀ဏ်ထဲသို့ ၀င်ရောက်ခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်း လက်ရှိပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက တိုက်တွန်းသည်။

‘‘ပြည်သူတွေအနေနဲ့ ကိုယ့် နိုင်ငံသားနှစ်ယောက်မတရားစီ ရင်ခံရတယ်ဆိုတာကို ဆန္ဒပြဖော်ထုတ်ပြရင်း တစ်ဖက်မှာလည်း စည်းကမ်းသေ၀ပ်တဲ့ နိုင်ငံသား တွေဖြစ်တယ်ဆိုတာ ပြဖို့လိုတယ်။ နောက်ကွယ်က မမျှော်လင့်တဲ့ ကျွန် တော်တို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်သွားနိုင်တဲ့ အန္တ ရာယ်တွေကိုလည်း သတိပြုကြ ပါ’’ဟု ဦးရဲထွန်းက အကြံပြုပြော ကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List