Monday, December 28, 2015

သေဒဏ်ချခံရသည့် မြန်မာလုပ်သား နှစ်ဦးအရေးနှင့် ပြည်သူ့အသံ


ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်လူငယ်စုံတွဲနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို အပြစ်ရှိသည်ဟုဆိုကာ ထိုင်းတရားသူကြီးက ဒီဇင်ဘာ ၂၄ ရက်၌ သေဒဏ်အမိန့်ချမှတ်ခဲ့သည်။ မြန်မာလုပ်သားနှစ်ဦးတွင် အပြစ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က တရားခွင်အတွင်း ခိုင်လုံသည့် သက်သေမပြနိုင်ခဲ့ဘဲ သေဒဏ်ချမှတ်ခဲ့သည့်အတွက် မြန်မာပြည်သူများက ထိုင်းတရားစီရင်မှု အပေါ် မကျေနပ်ကြောင်းပြသသည့် ဆန္ဒဖော်ထုတ်ပွဲများကို မြန်မာနိုင်ငံမှ မြို့ကြီးအချို့အပါအ၀င် ပြည်ပရောက်မြန်မာနိုင်ငံသားများက ပြုလုပ်ခဲ့ကြသည်။ မြန်မာလုပ်သားနှစ်ဦးသေဒဏ်ကျခံရသည့်အပေါ် တရား မျှတမှုရှိ၊ မရှိနှင့် ၎င်းတို့နှစ်ဦးပြန်လည်လွတ်မြောက်ရေးနှင့်ပတ်သက်၍ ပြည်သူများ၏ အသံကိုစုစည်းဖော်ပြလိုက်ပါသည်။
ဦးထူးချစ် (မြန်မာသံရုံးအဖွဲ့)

မိမိတို့ရရှိထားတဲ့ တိကျခိုင်လုံတဲ့ အထောက်အထားများအရ အခု လိုသေဒဏ်စီရင်ချက်ချတာဟာ တရားမျှတမှုမရှိဘူးလို့ ပြောလိုပါတယ်။ ထိုင်းနိုင်ငံက လေးစားတန်ဖိုးထားတဲ့ ဒီအင်န်အေကျွမ်းကျင်သူကိုယ်တိုင် ဒီအင်န်အေနဲ့ စွပ်စွဲချက်မမှန်ကန်ဘူးလို့ ပြောနေတာတောင်မှ အခုလို အမိန့်ချတာ၊ တရားဥပဒေနဲ့ (လုံးဝ)မညီပါဘူး။ အခုအမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ အတတ်နိုင်ဆုံးလိုက်ပါဆောင်ရွက်ပေးနေတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းမကျွမ်းမှု၊ အတွေ့အကြုံနည်းပါးမှုတွေ ကြောင့် တချို့ကိစ္စတွေမှာ လစ်ဟာမှုတွေရှိခဲ့ပါတယ်။ အခုကိစ္စမှာ မြန်မာ့တပ်မတော်အနေနဲ့ ကိုယ့်လူမျိုးတွေအတွက် ထိထိရောက်ရောက်လုပ်ဆောင်ပေးခဲ့တယ်လို့ ခံစားရပါတယ်။ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အခုလို လူသိရှင်ကြား ထိုင်းအစိုးရကို တရားရုံးဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ပြောတာဟာကလေးတွေရဲ့ အနာဂတ်အတွက် အများကြီးအထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။ အစိုးရရော၊ လွှတ်တော်ရောကလည်း အခုကိစ္စကို တစိုက်မတ်မတ် (ကောက်ရိုးမီးလိုမဟုတ်ဘဲ) အတတ်နိုင်ဆုံးကူညီပေးကြဖို့လိုပါမယ်။ ကလေးတွေ လွတ်မြောက်ဖို့ ဆန္ဒပြနေတာကို ကျွန်တော့်အနေနဲ့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ဆန္ဒပြမှုတွေဟာ အမျိုးသားရေးအသွင်မဆောင်ဖို့၊ အကြမ်းမဖက်ကြဖို့လိုပါမယ်။ အကြမ်းဖက်မှုတွေပေါ်ပေါက်လာခဲ့ရင် အရင်ခံရမှာက ထိုင်းနိုင်ငံတွင်းမှာ လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ မြန်မာလူထုတစ်ရပ်လုံးအနေနဲ့ ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့မှုဟာ ထိုင်းအစိုးရနဲ့ပဲ ဆိုင်ပါတယ်။ ထိုင်းလူထုတစ်ရပ်လုံးနဲ့ မဆိုင်ပါဘူး။ ထိုင်းလူထုတစ်ရပ်လုံးနဲ့ ထိုင်းဘုရင်မိသားစုက ကရုဏာသက်ပြီးထောက်ခံမှုရရှိအောင် ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ကိုဝင်းလှိုင် (တောင်ကိုရီးယားနိုင်ငံ)

တရားမျှတမှုမရှိဘူးဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေသာမက ထိုင်းလူမျိုးတွေကပါ သူတို့ ထိုင်းတရားရုံးရဲ့ မတရားသေဒဏ်ပေးလိုက်တဲ့အပေါ် ဝေဖန်သံတွေ ထွက်ပေါ်နေတာကို အကုန်ကြားကြမှာပါ။ (၁) မျက်မြင်သက်သေမရှိဘူး (၂) ဒီအင်န်အေမတူဘူး (၃) စီစီတီဗီမှာပေါ်တဲ့ အရိပ်တွေဟာ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ပုံရိပ်တွေ မဟုတ်ဘူးဆိုတာ ကို တရားရုံးက သိနေရက်သားနဲ့ သေဒဏ်ပေးလိုက်တဲ့အပေါ်မှာတော့ အာဏာသိမ်း ထိုင်းစစ်အစိုးရဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးနှစ်ယောက်ကို မတရားအမိန့်ချလိုက် တယ်လို့ပဲ မြင်ပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိရောက်စွာ အကူအညီမပေးခဲ့လို့ နောက်ဆုံးဒီသေဒဏ် ဆုံးဖြတ်ချက်ကြီးကို ထိုင်းအစိုးရက ချမှတ်လိုက်တာဆိုတာ သိသာထင် ရှားနေပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ လိပ်ကျွန်းလူသတ်မှုထက် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ထပ်ပြီးအာဏာပြန်ရရေးပဲ အာရုံစိုက်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်းသိနေပါတယ်။ ကျွန်တော်တို့ ကိုရီးယားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းသံရုံးကို သွားရောက် ဆန္ဒပြရတဲ့အကြောင်းကလည်း ကိုယ့်နိုင်ငံသားနှစ်ယောက်ကို ဒီလိုမ တရားသဖြင့် သေဒဏ်ပေးခံလိုက်ရတာကို ထိုင်းအစိုးရသာမက ကိုရီးယားအစိုးရနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အစိုးရတိုင်းက သိသွားစေချင်တဲ့ ရည်ရွယ်ချက်လည်းရှိပါတယ်။ သူတို့နှစ်ဦးလွတ်မြောက်အောင်အတွက် အခု လက်ရှိဦးသိန်းစိန်အစိုးရအနေနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ ကြိုးပမ်းသင့်သလို ကျွန်တော်တို့ပြည်သူအတွေအနေနဲ့လည်း Signature Campaign (လက်မှတ်ထိုး ကမ်ပိန်းတွေ)လုပ်ပြီး ထိုင်းအစိုးရကိုရော ထိုင်းဘုရင်ထံကိုလည်း ပေးပို့ပြီး မေတ္တာရပ်ခံပေးဖို့ကိုလည်း လုပ်ဆောင်သင့်ပါတယ်။

ကိုလူမော်လတ် (အကြမ်းမဖက်အမျိုးသားရေးလှုပ်ရှားသူ)

တရားမျှတတယ်လို့ လုံးဝမထင်ဘူး။ တရားသူကြီးကိုယ်တိုင် လူ့ အခွင့်အရေးချိုးဖောက်တဲ့ သဘောဖြစ်နေတယ်။ မတရားသဖြင့် အမိန့် ချတာ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ဒီအမှုအခင်းဖြစ်စဉ်ကာလမှာ မြန်မာကလေးနှစ်ယောက်က သက်သက်ကို စစ်ဆေးခံရတာ။ သေဆုံး သွားတဲ့သူ နှစ်ယောက်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဆီက ထွက်ဆိုချက်တွေလိုတယ်။ လောလောဆယ် စိုးရိမ်တာက ကလေးတွေ ရဲ့ ထောင်တွင်းလုံခြုံရေးပဲ။ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လာရင် သူတို့အစိုးရက ခေါင်းထဲမထည့်ခဲ့တဲ့ သမိုင်းကြောင်းတွေ အများကြီးရှိတယ်။ ဖြစ်သလိုပြီးစလွယ်လုပ်တာတွေ အများကြီးပဲ။ ဒီကိစ္စကတော့လက်မခံနိုင်စရာလုံးဝမရှိဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်။ ဒီဆန္ဒပြမှုအကြောင်းပြုပြီး ထိုင်းရောက်မြန်မာတွေရဲ့ လုံခြုံရေးနဲ့ အလုပ်အကိုင်တွေ မချောမွေ့တာတွေအနည်းနဲ့ အများရှိနိုင်ပါတယ်။

ဦးစောလှထွန်း

(ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး)

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံ ချင်ဘူး။ အမှုဖြစ်စဉ်တွေအနေနဲ့လည်း ဒီဆုံးဖြတ်ချက်ကို လက်မခံချင် ဘူး။ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်ကို သီးခြားမှတ်ချက်မပေးလိုဘူး။ အစိုးရအနေနဲ့ ကြေညာချက်လေးထုတ်ရုံ လောက်နဲ့ မဟုတ်ဘဲ တရားဝင်ထိထိရောက်ရောက်ဆောင်ရွက်ပေးစေလိုပါတယ်။ သူများနိုင်ငံရဲ့ ဥပဒေကိုလည်း လေးစားရမှာဖြစ်လို့ ၀င်စွက်ဖက်တာမျိုးမဟုတ်ဘဲ ထိုင်းဘုရင်ကို မေတ္တာရပ်ခံတာမျိုးဆို ဟိုဘက်ကလည်း စဉ်းစားပေးနိုင်တာပေါ့။ ဒီမှာ ဆန္ဒပြတာကို ထိုင်းဘက်က သူတို့နိုင်ငံကို စော်ကားတယ်ဆိုတဲ့ သဘောမျိုးမြင်သွားရင် ဟိုမှာရှိနေတဲ့ တို့အလုပ်သမားတွေ အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်ရတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဒီလိုပြည်သူတွေ ဆန္ဒထုတ်ဖော်တဲ့အားက အစိုးရအနေနဲ့ တစ်ဖက်နိုင်ငံကို တောင်းဆိုတဲ့အခါ အကျိုးသက်ရောက်မှုရှိနိုင်တာပေါ့။

ဦးတင်မောင်တိုး (တောင်ကြီးခရိုင်-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)သူတို့နိုင်ငံက အတော်ဆုံးမှုခင်းဆရာဝန် ပွန်တစ်ကိုယ်တိုင်က ဒီအင်န်အေကိုက်ညီမှုမရှိဘူးဆိုပြီးတော့ သက်သေခံထွက်ဆိုထားတာရှိ တယ်။ အဲဒီကတည်းက လွှတ်မယ်။ ဒါမှမဟုတ်လျှော့ပေါ့တဲ့ ပြစ်ဒဏ်ပဲ ထင်ထားတယ်။ စီရင်ချက်ချလိုက်တဲ့အချိန် သေဒဏ်ဆိုတာတော့ လုံးဝတရားမျှတမှုမရှိဘူး။ သံရုံးက ရပ်တည်ပေးတယ်ဆိုတာလောက်ပဲ။ အမှု ရင်ဆိုင်စဉ်ကာလတစ်လျှောက်မှာ ဘာမှထိရောက်တဲ့ အကူအညီတွေ မပေးခဲ့ဘူးဆိုတာ သိသာတယ်။ အဓိကက မြန်မာရွှေ့ပြောင်းလုပ်သား များအဖွဲ့ကပဲ ကူညီပေးနေတာကို တွေ့ရတယ်။ အစိုးရကနေ ထိရောက် တဲ့ အကူအညီပေးတာမတွေ့ရဘူး။ အစိုးရအနေနဲ့ရော နိုင်ငံ တော်သမ္မတအနေနဲ့ ကာချုပ်အနေနဲ့ပါ သူတို့လုပ်ပိုင်ခွင့်မူဘောင်ထဲကနေ တောင်းဆိုတာမျိုးလုပ်ပေးစေချင်တယ်။ ပြည်သူလူထုက လက်မှတ်ရေးထိုး ထိုင်း သံရုံးပို့ဖို့ စီစဉ်နေတာတွေရှိတယ်။ ဗမာပြည်သူတွေ သန်းနဲ့ချီလက်မှတ် ထိုးတောင်းဆိုရင် ထိရောက်နိုင်မယ်။

မေခလာ (အနုပညာရှင်)

ချစ်ငယ်တို့ မြန်မာကလေးတွေ အူတူတူ အတတနဲ့ ခံလိုက်ရတာ။ ကလေးတွေက ထိုင်းစကားလည်း သေချာမတတ်၊ အင်္ဂလိပ်စကားလည်း မတတ်ရှာ။ ရွာကနေလာပြီး မိဘကိုလုပ်ကျွေးနေတဲ့ ကလေးတွေ။ အဲဒီ ကလေးတွေကို ရှင်းရှင်းပြောရင် အသုံးချခံလိုက်ရတဲ့အတွက်ကြောင့် ကိုယ့်မြန်မာလူမျိုးတွေကိုယ်စား အရမ်းဝမ်းနည်းတယ်။ ကြေကွဲတယ်။ အမှန်တရားလည်း အမြန်ဆုံးပေါ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုဖြစ်ရင် မြန်မာလူမျိုးတွေပဲ သိက္ခာကျမှာလေ။ ထပ်ပြီးတော့လည်း ပိုနှိမ်ကြမယ်။ နှိမ်လို့လည်း အခုလိုဖြစ်တာလေ။ အမေရိကန်တစ်ယောက်ကို သူတို့လုပ်ရဲမလား၊ ဗြိတိန်လူမျိုးတစ်ယောက်ကို လုပ်ရဲမလား၊ ချစ်ငယ်တို့က ပြည်သူထဲက ပြည်သူတစ်ယောက်ပါပဲ။ ဘာအာဏာမှမရှိပါဘူး။ အဲဒီတော့ နိုင်ငံတော်ကနေ တကယ့်ကို ထိထိရောက်ရောက်မေတ္တာရပ်ခံစာ၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မိတ်ဆွေမပျက် ရေရှည် ဆက်ဆံလို့ရအောင် ညှိနှိုင်းပေးဖို့ ချစ်ငယ်တို့ တကယ်ကို လိုလားစွာ တောင်းဆိုပါတယ်။ ချစ်ငယ်တို့က ဆန္ဒပြတာမဟုတ်ပါဘူး။ ဆန္ဒဖော်ထုတ်တာပါ။ အဲဒီလိုဆန္ဒဖော်ထုတ်တဲ့နေရာမှာ သူတို့အနေနဲ့လည်း ကိုယ်ချင်းစာနာတရားနဲ့ တွေးကြည့်လေ။ ဒီမှာအလုပ်လာလုပ်နေတဲ့ ယိုးဒယားလေးတစ်ယောက်ကို အဲဒီလိုမတရားစော်ကားခံထိရင် သူတို့ဘယ်လိုခံစားရမလဲ။ ဒီလိုနေရာမှာ လူမျိုးရေးတွေမပြောချင်ပါဘူး။ယိုးဒယားဘက်မှာလည်း မြန်မာလူမျိုးတွေကို ကာကွယ်ပြောနေတဲ့သူတွေအများကြီးပါ။ အဲဒီလူတွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့ရဲ့ ရဲတွေမမှန်မကန်တာကို ၀ိုင်းပြောပေးတဲ့သူတွေလည်း အများကြီးပါပဲ။ အမှန်တရားကိုပဲ ဖော်ထုတ်စေချင်ပါတယ်။

ဦးကျော်မြဦး

(သင်္ဘောအရာရှိ၊ လှိုင်သာယာ FMI City)

လိပ်ကျွန်းအမှုမှာ အများကတော့ မတရားဘူးလို့ ပြောနေကြတာ ပေါ့။ ထိုင်းကလည်း သူတို့ဥပဒေ၊ သူတို့တရားစီရင်ရေးစနစ်ရှိတယ်။ ပြည် သူလူထုရဲ့ ဆန္ဒဆိုတာက ဘောင်ကန့်သတ်ထားလို့ မရပါဘူး။ အယူခံ ၀င်ဖို့နဲ့ နှစ်ပြည်ထောင်ချစ်ကြည်ရေးအရ ပြန်စဉ်းစားပေးဖို့ပဲ ပြောသင့်ပါ တယ်။ ဘယ်တိုင်းပြည်ရောက်ရောက် ရဲဟာ ရဲပါပဲ။ သူတို့ပြောနေကျ စကားတစ်ခုရှိပါတယ်။ ဖမ်းချင်တဲ့လူကိုသာပြပါ၊ အမှုရှာဖို့ ရဲတာဝန်ပါ တဲ့။ ပြီးတော့ မြန်မာခေါင်းဆောင်တွေဟာ အမြော်အမြင်ရှိကြပါတယ်။ လုပ်သင့်လုပ်ထိုက်တာ ကိုယ်စီကိုယ်ငလုပ်ကြမှာပါ။ ဒီကိစ္စမှာ နိုင်ငံရေး အမြတ်ထုတ်ပြီး သူတို့မကောင်းဘူး၊ တို့ကောင်းတယ် လျှောက်ပြောနေ ကြသူတွေကို နားမယောင်ကြဖို့ မီဒီယာတွေက သတိပေးမယ်ဆိုရင် ကောင်းပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတာ အပြစ်မရှိပါဘူး။ ကျွန်တော်ကတော့ အမှန်တရားကို ဖြစ်စေချင်ပါတယ်။ အယူခံဝင်ခြင်း၊ ဘုရင်ထံအသနားခံခြင်းတို့ လုပ်ရမှာပါ။ သူတို့တရားစီရင်ရေးစနစ်ကို ထိခိုက်စော်ကားသလိုဖြစ်သွားရင် ဆန့်ကျင်ဘက်ရလဒ်ဖြစ်သွားနိုင်ပါ တယ်။

ဦးတင့်ဆွေ (တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ)

ဒီကိစ္စက လုံးဝတရားမျှတမှုမရှိတာပါ။ မျက်မြင်သက်သေလည်း မရှိဘူးဗျာ။ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ထိုင်းမှုခင်းဆရာဝန်ကိုယ် တိုင်ကလည်း ဒီအင်န်အေစစ်ဆေးတဲ့အခါ မတူပါဘူးလို့ ထွက်ဆိုပြီးသား။ထိုင်းက လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကျွန်တော်တို့ကလေးနှစ် ယောက်အပြစ်မရှိဘူးလို့ ကြေညာချက်ထုတ်ထားတာတွေရှိတယ်။ ဒါ တွေကြားထဲက ကျွန်တော်တို့ကလေးနှစ်ယောက်ကို သေဒဏ်ပေးတာ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို စော်ကားတာပဲ။ ဒီဖြစ်စဉ်တစ်လျှောက်လုံး မှာ အစိုးရအနေနဲ့ အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒါကြောင့် လည်း သူတို့ ဒီလိုလုပ်ရဲတာလို့ ယူဆတယ်ဗျ။ အစိုးရအနေနဲ့ ရှေ့လျှောက်ထိထိရောက်ရောက်လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒီကိစ္စက ကလေးနှစ်ယောက်ရဲ့ ကိစ္စတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်နေတယ်။ အခုတစ်နိုင်ငံလုံးဆန္ဒတွေပြနေကြတယ်။ ငြိမ်နေလိုက်ရင် နောက်ဆို သူတို့လုပ်ချင်ရာလုပ်လို့ရမယ် ထင်လိမ့်မယ်။ ဒီလိုဆန္ဒပြကြလို့ လက်တလောမှာ ထိုင်းကမြန်မာလုပ်သားတွေအတွက် စိုးရိမ်စရာပေါ့။ ဒါပေမဲ့ ရှေရှည်မှာတော့ ကျွန်တော်တို့ လူမျိုးကိုထိရင် တစ် တိုင်းပြည်လုံးက ငြိမ်မနေဘူးဆိုတာသိပြီး မတရားမလုပ်ရဲတော့ဘူးပေါ့။

ဦးစိုးမင်းထွဋ် (ပြည်မြို့)

မြန်မာလုပ်သားနှစ်ဦး သေဒဏ်ချမှတ်ခံရမှုဟာ တရားမျှတတယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံကရှေ့နေတွေအပါအ၀င် ထိုင်းနိုင်ငံသူနိုင်ငံသားတွေကအစ တရားမျှတမှုမရှိဘူးလို့ ပြောနေကြ တာပဲ။ သက်သေအထောက်အထားဖြစ်စဉ်တွေအားလုံးမှာ သေဒဏ်ချ လောက်တဲ့အထိ မခိုင်လုံတာတွေလည်း တွေ့ရပါတယ်။ အဲဒီလို တခြားနိုင်ငံမှာ ကိုယ့်နိုင်ငံသားနှစ်ဦး တရားမျှတမှုမရှိဖြစ်နေတဲ့ကိစ္စ ရင်ဆိုင်နေရတဲ့ ကာလတွေမှာ နိုင်ငံတော်အစိုးရအနေနဲ့ ထိထိရောက်ရောက်အကူအညီပေးနိုင်ခဲ့တာမျိုး မတွေ့ရဘူး။ အခုအချိန်မှာ နိုင်ငံတော်သမ္မတကိုယ်တိုင်ထိုင်းနိုင်ငံအစိုးရနဲ့သွားပြီး တွေ့ဆုံဆွေးနွေးသင့်တယ်။ အခုလိုထိုင်း အစိုးရကို မြန်မာတွေဆန္ဒပြနေတာကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားသုံးသန်းကျော်ကို အနည်းနဲ့အများတော့ ထိုင်းအစိုးရအနေနဲ့ ဖိနှိပ်လာနိုင်တဲ့ စိုးရိမ်မှုမျိုးရှိတယ်။ မြန်မာအစိုးရကို တောင်းဆိုချင်တာကတော့ မြန်မာနိုင်ငံသားနှစ်ဦးအတွက် သမ္မတဖြစ်ဖြစ်၊ တာဝန်အရှိဆုံးသူတွေအနေနဲ့ ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပေးပါ။ တရားမျှတတဲ့ တရားစီရင်ရေးဖြစ်အောင် ဆောင်ရွက်ပေးစေချင်တယ်။

ဒေါက်တာအလင်္ကာ (ဆရာဝန်)

ဖတ်ရတဲ့သတင်းတွေအရ ထိုင်းတရားစီရင်ရေးက မျှတရဲ့လားဆို တာ သံသယရှိတယ်ပေါ့။ ဒါကတော့ သူ့နိုင်ငံရဲ့ ဥပဒေကိုတော့ အစ်မ တို့က လေးစားလိုက်နာရမှာပေါ့။ ပြစ်ဒဏ်ပေးတာ ခိုင်ခိုင်မာမာမဟုတ် ဘူးဆိုရင်တော့ လူ့အသက်နှစ်ချောင်းဆုံးရှုံးရမှာဆိုတဲ့အတွက် အစ်မတို့ ဘယ်လိုမှမခံစားနိုင်ဘူး။ ကိုယ့်တိုင်းသူပြည်သားဖြစ်တဲ့အတွက်ကြောင့် တစ်ကြောင်း၊ ကိုယ့်အမျိုးသားရေးအတွက်ကြောင့် တစ်ကြောင်း အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်တယ်။ အစိုးရ ဘာတွေလုပ်နေလဲ သေချာတော့ မသိဘူး။ ဒါပေမဲ့လည်း ဖိဖိစီးစီးလုပ်လိမ့်မယ်လို့ အစ်မတော့ မထင်ဘူးပေါ့။ တရားဥပဒေရေးရာအရတော့ နားလည်သူတွေနဲ့ အထောက်အပံ့ပေးပြီး အမှုကနေလွတ်မြောက်ဖို့ ကြိုးစားစေချင်တယ်။ တစ်ခါနှစ်နိုင်ငံခေါင်းဆောင်တွေကလည်း အမှုမှန်ဖြစ်အောင် တတ်နိုင်တဲ့ဘက်က လုပ်စေချင်တယ်။ ပြည်သူတွေကလည်း တရားမျှတတဲ့ စီရင်ချက်တစ်ခုမဟုတ်ဘူးလို့ ယူဆလို့ ဆန္ဒထုတ်ဖော်နေတာဖြစ်တယ်။ အားလုံးဟာ ကိုယ့်နည်းလမ်းနဲ့ ကိုယ်ဆောင်ရွက်ကြရမှာပေါ့။ အစိုးရကလည်း အစိုးရအပိုင်း၊ ပြည်သူတွေကလည်း ပြည်သူတွေအပိုင်းပေါ့။ အစ်မတို့က ကောက်ရိုးတစ်မျှင်ပဲဖြစ်ဖြစ် အစ်မတို့ ဆန္ဒကိုထုတ်ဖော်ကြရမှာပါ။ အစ်မတို့လူမျိုးချင်းမမုန်းတီးပါဘူး။ အကြမ်းဖက်လိုစိတ်မရှိဘူး။ တရားစီရင်မှု မမျှတတာကိုပဲဆန့်ကျင်ဆန္ဒထုတ်ဖော် နေတာပါ။

ကိုစောမောင်

(ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ)

မြန်မာလုပ်သားနှစ်ဦး သေဒဏ်စီရင်ချမှတ်ခံရတာက တရားမျှတ မှုလုံးဝမရှိပါဘူး။ အခုဖြစ်စဉ်မှ မဟုတ်ဘူး။ မြန်မာနိုင်ငံသားအရေးကိစ္စ မှန်သမျှ ဘယ်တုန်းကမှ တရားမျှတမှုဆိုတာ မရှိခဲ့ပါဘူး။ အခု ဖြစ်စဉ် က တစ်ဖက်သတ်စီရင်ချက်ချလိုက်တာ။ မြန်မာနိုင်ငံသားအလုပ်သမား တွေကို ငါတို့လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ လုပ်လိုက်တာ ပါ။ မြန်မာအစိုးရအနေနဲ့ လူသက်သေတွေ ရှာပေးဖို့ကအစ ထိရောက်တဲ့ အကူအညီမပေးနိုင်ခဲ့ပါဘူး။ မြန်မာဘက်က ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေ၊ မှုခင်းဆရာဝန်တွေ စေလွှတ်မယ်ဆိုပြီး အသံပဲကြားတယ်။ အဖျားရှူးသွားတယ်။ အခုမှ ကယ်ပါယူပါဖြစ်ကုန်တယ်။ အခုအချိန်မှာ မြန်မာအစိုးရအနေနဲ့ အမှုကို အစကနေ ပြန်လည်စစ်ဆေးပေးဖို့ ဖြစ်နိုင်မယ်ဆို ဒီအမှုဖြစ်ခါစက နာမည်ထွက်လာတဲ့ ‘‘ရှောင်’’ဆိုတဲ့ ဂစ်တာသမားကို အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ ခေါ်ယူပြီး သက်သေထွက်ဆိုခိုင်းစေချင်တယ်။ သူဟာ ဒီအမှုရဲ့ အဓိကမိန်းပွိုင့်ပဲ။ သူအားလုံးကိုသိနေတယ်။ အခုလို မြန်မာပြည်က ကျွန်တော်တို့ညီနောင်တွေ ဆန္ဒထုတ်ဖော်ပေးတာကို အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူတွေ ဆန္ဒပြတာ ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေ သူတို့နိုင်ငံသားကို ထိရင်ငြိမ်ခံနေကြတော့မယ့်သူတွေမဟုတ်ဘူးဆိုတာ သူတို့သိသွားတာပါ။ထိုင်းရောက်မြန်မာအလုပ်သမားတွေကို နောက်ဆို ထိုင်းအာဏာပိုင်တွေအနေနဲ့ တရားလက်လွတ်စော်ကားရဲမှာမဟုတ်တော့တာတော့ သေချာပါတယ်။

မဝေချို (စက်ချုပ်)

တရားမျှတမှုမရှိဘူးလို့ ခံစားရတဲ့အတွက် ကျွန်မဒီနေရာ (ထိုင်းသံရုံးရှေ့)ကိုရောက်လာတာပါ။ ကျွန်မသိတဲ့ သတင်းအရ ဒီအင်န်အေကွဲလွဲ ချက်ရှိတယ်။ ထွက်ဆိုချက်တွေ ကိုက်ညီမှုမရှိဘူး။ မျက်မြင်သက်သေ မရှိဘူး။ အမှန်တကယ်ကျူးလွန်ခဲ့တယ်ဆိုရင်တောင် မျက်မြင်သက်သေ မရှိဘဲနဲ့ ဒီလောက်ကြီးလေးတဲ့ ပြစ်ဒဏ်ကို မချသင့်ဘူးလို့ ထင်တယ်။ ဒီ ပြစ်ဒဏ်ချမှတ်တာက အရမ်းကိုကြီးလေးနေတယ်။ တကယ်လည်း မ ဟုတ်ခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့မြန်မာလူမျိုးတွေအတွက် အရမ်းကို နစ်နာတယ်။ ကျွန်မဒီနေရာကို ဒီနှစ်ယောက်တည်းအသက်တင်မဟုတ် ဘူး။ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ရောက်လာခဲ့တာ။ အစိုးရရဲ့ ကူညီပေးမှုကို သေချာမသိပေမယ့် အားမရဖြစ်မိတယ်။ မြန်မာပြည်သူနှစ်ဦးဖြစ်နေတဲ့အတွက်၊ မတရားမှုလည်းဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မတို့နိုင်ငံသားတွေကို အများကြီးကာကွယ်ပေးစေချင်တဲ့ ဆန္ဒတော့ရှိတယ်။

ကိုမြတ်ကိုကို (မြ၀တီမြို့ဒေသခံ)

ဗြိတိန်အပါအ၀င် တစ်ကမ္ဘာလုံး ထိုင်းရဲ့တရားစီရင်ရေးဟာ မှန် ကန်မျှတမှုမရှိလို့ လက်မခံတာ၊ ဆန္ဒဖော်ထုတ်တောင်းဆိုတာတွေ ထိုင်း နိုင်ငံရဲ့ မှုခင်းဆရာဝန်ကြီးတွေ၊ ထိုင်းအနုပညာရှင်တွေ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တက်ကြွစွာပါဝင်တာတွေ့နေရတယ်။ မြန်မာ အစိုးရကယ်တင်ပေးနိုင်မှုက ဒီထက်ပိုလုပ်ဆောင်နိုင်ပေမယ့် လက်တွေ့ လုပ်ဆောင်ချက်တွေက ထိရောက်လုံလောက်တဲ့ ကယ်တင်မှုမျိုးမဟုတ် သေးဘူးလို့ ထင်ပါတယ်။ ကိုယ့်မိဘတွေကောင်းနေရင် ကိုယ့်သားသမီး ကို ဘယ်သူမှ စော်ကားလို့မရပါဘူး။ ထိုင်းအစိုးရအပေါ် မြန်မာတွေ ဆန္ဒပြတောင်းဆိုရုံနဲ့ မြန်မာအလုပ်သမားတွေကို ဒီထက်ပိုပြီး နှိပ်စက်အနိုင်ကျင့်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ တန်ဖိုးနည်းအလုပ်သမား မြန်မာကလွဲပြီး သူတို့ရှာလို့မရပါဘူး။ ဆန္ဒပြတာအပြင် မြန်မာအစိုးရအနေနဲ့ သံတမန်နည်းအရ ထိရောက်စွာသတိပေးတာ၊ ကမ္ဘာက လေးစားတဲ့ ခေါင်းဆောင်ကိုယ်တိုင်လည်း မှန်ကန်တဲ့ဘက်က ရပ်တည်တောင်းဆိုပေးတာ၊ မြန်မာပြည်သူပြည် သားတွေအနေနဲ့လည်း အားလုံးစည်းလုံးညီညွတ်ပြီး ထိရောက်ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်တာတွေကို မိမိလိုလားချက်မရမချင်းတောင်းဆိုတာတွေ ပြုလုပ်ပေးရပါမယ်လို့ ယူဆပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List