Wednesday, December 30, 2015

လက်ရှိအစိုးရ လက်ထက်တွင် ရာဇ၀တ်မှု ပုဒ်မများကို အသုံးချပြီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် လူထုရွေးချယ်ထားသည့် လာမည့်အစိုးရသစ် လက်ထက်တွင် ဖျက်သိမ်းပြင်ဆင်ရမည့် ပုဒ်မများ ရှိနေဟု ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ပြောကြား





ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူများကို သာယာဝတီမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၂၉ ရက်က(၃၂) ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုနေ့ရုံးချိန်းတွင်လည်း ယခင်စစ်ပြီးသား စစ်ချက်များအား ရုံးရှေ့တွင် ပြန်လည်မှတ်တမ်း တင်ခဲ့သဖြင့် အသစ်စစ်ဆေးနိုင်ခြင်း မရှိဘဲ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့သည်။

ပြီးခဲ့သည့်အပတ် ရုံးချိန်းက တင်ပြခဲ့သည့် တစ်ပတ်လျှင် နှစ်ကြိမ်ရုံးချိန်း စစ်ဆေးပေးရန် ကိစ္စမှာလည်း ၂၀၁၆ ခုနှစ် ဇန်န၀ါရီ အတွင်းမှသာ ဆုံးဖြတ်ပေးမည်ဟု တရားသူကြီးက ပြောကြားခဲ့ကာ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူ အချို့မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန် တိုးတက်လာခြင်း မရှိသည့်အပေါ် စိုးရိမ်မိကြောင်း ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ဆိုသည်။

ထို့ပြင် ကိုအောင်မှိုင်းဆန်းကလည်း ဆေးစစ်ချက်အရ ၎င်းတွင် စီပိုးရှိနေသဖြင့် ကုသရန် လိုအပ်နေပြီး ဆရာဝန်နှင့် တိုက်ရိုက် မတွေ့ ဆုံရသေးကြောင်း ပြောကြားသည်။ ၎င်းက “ရန်ကုန်ဆေးရုံကြီးမှာ ကျွန်တော့်ပေါင်က အကျိတ်ခွဲတော့ ဆေးစစ်ရတယ်။ အဲဒီက ဆေးစစ်ချက်အရ ကျွန်တော့်မှာ စီပိုးတွေ့တယ်ဆိုတာ သိရတယ်။ ထပ်ပြီး သေချာအောင် အမျိုးသားကျန်းမာရေးမှာ ထပ်စစ်တော့ ဟုတ်တယ် စီပိုးရှိနေတာ တွေ့ရတယ်။ ဆေးကုသဖို့ကတော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ ကျွန်တော် တိုက်ရိုက်မတွေ့ရ သေးပါဘူး။ သူနဲ့တွေ့ပြီးမှ ဘယ်လိုပုံစံ ကုသမလဲဆိုတာ ဆက်ပြောရမှာပါ” ဟု ရုံးထုတ်စဉ်က ပြောကြားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ရာဇ၀တ်မှုပုဒ်မများကို အလွဲအသုံးချကာ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားများကို ဖြစ်ပေါ်စေခဲ့ပြီး လာမည့်အစိုးရ လက်ထက်တွင် ပယ်ဖျက်၊ ပြင်ဆင်ရမည့် ပုဒ်မများ ရှိနေကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောကြားသည်။

မဖြိုးဖြိုးအောင်က “တချို့ပုဒ်မတွေက ရာဇ၀တ်အက်ပုဒ်မတွေ ဖြစ်တယ်။ ဒီပုဒ်မတွေက ရာဇ၀တ်မှုတွေအတွက် ဖန်တီးထားတဲ့ ပုဒ်မတွေဖြစ်တယ်။ ဒါပေမဲ့ အခုအစိုးရ လက်ထက်မှာတော့ အလွဲသုံးချခံရပြီး နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပေါ်စေဖို့အတွက်၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးစေဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ နောင်အစိုးရ လက်ထက် ရောက်ရင်တော့ မဖြစ်မနေ ဖျက်သိမ်းရမယ့် ပုဒ်မတွေရှိပါတယ်။ ငြိမ်းစုစီပုဒ်မ ၁၈ က အရေးကြီးပါတယ်။ နောက်ပြီး အီလက်ထရွန်နစ် ဥပဒေကလည်း မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “အခု ကျွန်မတို့ကို စွဲထားတဲ့ ၁၄၃၊ ၁၄၅ က အန္တရာယ်ရှိတဲ့ လူစုလူဝေး ဖြစ်ပေါ်စေတဲ့ အတွက်ကြောင့်လို့ ပြောတယ်။ တကယ်တမ်း အန္တရာယ်ရှိခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေမှာ များပြားလှတဲ့ လူတွေကိုတော့ အဲဒီပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေ မရှိခဲ့ဘဲနဲ့ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် အေးအေးချမ်းချမ်း ဆန္ဒပြတဲ့ ကျွန်မတို့ကိုစွဲ ဆိုထားတာဟာ ဥပဒေရဲ့အားနည်းချက်လို ဖြစ်နေတယ်။ ဒါမျိုးတွေ မဖြစ်အောင် တိတိကျကျ လုပ်ဆောင်ဖို့ လိုပါတယ်” ဟုဆိုသည်။

ယင်းအပြင် လက်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများနှင့် ကျောင်းသားများအား ယခင်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး တစ်နှစ်ကျော်ကြာမှ ပုဒ်မ-၁၈ ဖြင့် ပြန်လည် တရားစွဲဆိုမှုမှာ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများအား မမြင်ရသည့်ကြိုးဖြင့် ချည်နှောင်သည့်သဘော ဖြစ်သည်ဟု မဖြိုးဖြိုးအောင်က မှတ်ချက်ပြုသည်။

ဗကသ ကျောင်းသားများနှင့် တကသ ကျောင်းသားများအား ယခင်ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး တစ်နှစ်ကျော်ကြာမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို မှုများမှာ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း အများအပြား ရှိခဲ့သည်။

ဒီမိုကရေစီ ပညာရေးသပိတ်မှ ကျောင်းသားများနှင့် ၀န်းရံသူ ၇၀ ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲထားခြင်းဖြစ်ပြီး ကိုးလကျော်ကြာ တရားရင်ဆိုင် နေရဆဲဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List