Monday, December 16, 2013

လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ဆွေးနွေးပွဲ UNFC ကို ဖိတ်ကြားမည် မဟုတ်ဟုဆို


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဘုံသဘောတူညီချက် ရရှိရန် ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ကောင်စီ (UNFC) ကို ဖိတ်ကြားမည် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တွေ့ဆုံဆွေး နွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ ပါဝင်ဆွေးနွေးရန် ဖိတ်ကြား ထားသော်လည်း လက်နက်ကိုင် မဟာမိတ် အဖွဲ့များကိုမူ ဖိတ်ကြားမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“မဟာမိတ် အဖွဲ့ထဲက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါနေပြီလေ။ အဲဒါကြောင့် ဘယ်မဟာမိတ် အဖွဲ့ကိုမှ ဖိတ်ကြားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်း ရှင်းပြသည်။

KIO ဌာနချုပ် လိုင်ဇာတွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ဆွေးနွေးပွဲတွင် ဘုံသဘောတူညီချက် ၁၁ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ရေးဆွဲရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် ၁၃ ဦးဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို KNU ဌာနချုပ်တွင် ဇန်နဝါရီလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီက ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List