Tuesday, December 17, 2013

၈၈ မျိုးဆက်အဖွဲ့၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြမည်

 17-12-2013
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားရန်ရှိကြောင်း အဆိုပါအဖွဲ့မှ ဦးကိုကိုကြီးက ဒီဇင်ဘာ ၁၆ တွင် ပြောကြားသည်။

လက်ရှိတွင် ၈၈ မျိုးဆက်အဖွဲ့၏ ခေါင်းဆောင်များအကြားတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းနှင့် လွှတ်တော်ကော်မတီမှ သတ်မှတ်ထားသည့် နောက်ဆုံးထားပေးပို့ရမည့်ရက် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ တင်ပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်ခက်ခဲအောင် ပြုလုပ်ထားသည့်အချက် ပုဒ်မ ၇၄ ချက်အထိ ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် ပြင်ဆင်လိုသည့် အချက်များ ဆိုခြင်းထက် ပြင်ဆင်သင့်သည့် နိုင်ငံရေးအယူအဆများကိုသာ တင်ပြသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

"တော်တော်များများက ပုဒ်မတွေနဲ့ ချဉ်းကပ်တာပေါ့။ ကျွန်တော်တို့က ဖွဲ့စည်းပုံကို မြင်တာက နိုင်ငံရေးပြဿနာလို့ပဲမြင်တယ်။ နိုင်ငံရေးသဘောတူညီချက်ရပြီးသွားမှ ဘယ်ဥပဒေတွေကို ပြင်မယ်မပြင်ဘူးဆိုတာကို စဉ်းစားရမှာ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးအယူအဆအရသာ ချဉ်းကပ်ချင်တာ"ဟု ၎င်းက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိကအချက်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရေးပင်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံတွင် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ထားသည့် အချက်များပါနေကြောင်း၊ တစ်ဦးနှင့်တစ်ဦးသာ ယုံကြည်မှုရှိလာပြီး ယင်းကဲ့သို့ ကြိုတင်ကာကွယ်ထားသည့် အချက်များလျော့ပါးသွားပြီး ပြေလည်သွားမည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ဦးကိုကိုကြီးက "အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက စကားလုံးတွေ၊ ပုဒ်မတွေဆိုတာက လူကဖန်တီးထားတာပဲ။ တကယ်တော့ အဖွဲ့အစည်းတွေကြား၊ လူတွေကြားထဲမှာ ယုံကြည်မှုရဖို့က အရေးကြီးတယ်။ အဲဒါပြီးသွားရင် ဖွဲ့စည်းပုံက အားလုံးသဘောတူညီတဲ့ ဖွဲ့စည်းပုံဖြစ်သွားမှာပေါ့။ ယုံကြည်မှုမရမချင်းကတော့ တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖက်ကိုတစ်ဖက် ပိတ်ဆို့ထားတာတို့၊ အပေါ်စီးယူထားတာတို့ အချက်တွေကရှိနေမှာပဲ"ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် တပ်မတော်သားများအပါအ၀င် လွှတ်တော်တွင်းပါဝင်သော ပါတီအသီးသီးမှ ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ တင်ပြသွားရမည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါကော်မတီသို့ တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပြည်သူ့ဆန္ဒသဘောထားများ လိုက်လံကောက်ယူနေသကဲ့သို့ အခြားအဖွဲ့အစည်းအချို့မှလည်း ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုများ ပြုလုပ်ကာ အဆိုပါကော်မတီသို့ တင်ပြမှုများရှိနေကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List