Tuesday, December 17, 2013

သမ္မတမှတ်ချက်ဖြင့် ပို့ထားသည့် ဥပဒေကြမ်းနှစ်ခု လာမည့် လွှတ်တော်တွင် ဆွေးနွေးမည်

 17-12-2013
လာမည့် န၀မအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ သဘော ထားမှတ်ချက် ပြန်လည်ပေးပို့ထားသည့် ဥပဒေကြမ်းနှစ်ခုကို ထပ်မံ ဆွေးနွေးမည်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက မဇ္ဈိမကို ပြောသည်။

“လာမယ့် အစည်းဝေးမှာ သမ္မတမှတ်ချက်နဲ့ ပေးပို့ထားတဲ့ ဥပဒေကြမ်းတွေအပြင် တခြားဝန်ကြီးဌာနတွေက တင်လာတဲ့ ဥပဒေတွေလည်းရှိတယ်။ ဒါတွေကို လွှတ်တော်စဖို့ ၁၀ ရက်အလိုမှာ ဆွေးနွေးရမှာ ပါ။ လက်ရှိ ဘယ်လောက်အထိ ကော်မတီကို ရောက်နေတယ်ဆိုတာကိုတော့ မသိရသေးဘူး”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

လွှတ်တော်ဘက်မှ ပြီးခဲ့သည့် အဋ္ဌမအကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတို့ကို နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပြန်လည်ပေးပို့ထားခြင်း ဖြစ်သည်။

ယင်းဥပဒေများအပြင် ပြီးခဲ့သည့် အစည်းဝေးအတွင်း ဆွေးနွေးရန် ကျန်ရှိခဲ့သည့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကိုလည်း အစည်းအဝေးအစတွင် ပြန်လည်ဆွေးနွေးမည်ဖြစ်သည်ဟု ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် လွှတ်တော်အတွင်း ဆွေးနွေးစဉ် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့အကြား ကွဲလွဲမှုများရှိခဲ့သည့် မီဒီယာဥပဒေကြမ်းကိုလည်း ဆက်လက်ဆွေးနွေးရန်ရှိသည်ဟုပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်ခင်ဋ္ဌေးကြွယ်က ပြောကြားသည်။

န၀မအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဇန်န၀ါရီလ ဒုတိယပတ်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးကာလအတွင်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းရန်လည်း ရှိနေသည်။ ထို့ပြင် ၂၀၁၄ - ၂၀၁၅ ခုနှစ်၊ ပြည် ထောင်စုအစိုးရ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကိုလည်း ဆွေးနွေးရမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment

My Blog List