Wednesday, December 18, 2013

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ရန် EU ကူညီမည်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ရန် ဥရောပသမဂ္ဂက ကူညီမည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီ၏ မြန်မာ့အရေး အနှစ်ချုပ် သုံးသပ်ချက်တွင် ဖော်ပြထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် ရုံးတာဝန်ခံ Tom Lambert ကဆိုသည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွင် အဟန့်အတားသဖွယ် ကြန့်ကြာနေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များကို အဆင်ပြေ ချောမွေ့လာစေရန်အတွက် ဥရောပသမဂ္ဂ နိုင်ငံများအနေနှင့် အထောက်အပံ့များ ပေးရန် အဆင်သင့် ရှိနေပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင်လည်း အမျိုးသမီးများ အပါအဝင် အလွှာအသီးသီး၊ နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ပါဝင်သင့်ကြောင်း အဆိုပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်ဟု ၎င်းက ရှင်းပြသည်။

ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အစိုးရက ဆောင်ရွက်နေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အသိအမှတ် ပြုသော်လည်း၊ တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေးကိုလည်း ပိုမိုမျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရက ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်ရေး စင်တာတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ပါဝင် ကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေး၊ လူ့အခွင့်အရေး အကာအကွယ်ပေးရေးတို့ အပါအဝင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုများကို ကိုင်တွယ် ဖြေရှင်းရေး၊ လက်နက် လျှော့ချရေးနှင့် လက်နက် မပြန့်ပွားရေးတွင် နိုင်ငံတကာ အဖွဲ့အစည်းများ သဘောတူညီချက်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါ သုံးသပ်ချက်တွင် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များက ၎င်းတို့၏ အမြင်ကို ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ပထမဦးဆုံးအကြိမ် ရောက်ရှိ လာခဲ့သည့် EU ဥက္ကဋ္ဌ မြန်မာ ငြိမ်းချမ်းလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ၂၀၁၃ ခုနှစ် အတွက် ထောက်ပံ့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် လက်မှတ်ရေးထိုးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List