Thursday, December 19, 2013

မြန်မာ-အိနိ္ဒယ နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားမှု မြန်မာဘက်က ကန့်ကွက်

19.12.2013

မြန်မာ-အိန်္ဒိယ နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် တမူးမြို့နယ်ရှိ နယ်နိမိတ်မြေနေရာများတွင် အိန်္ဒိယ အစိုးရက အဆောက်အအုံတည်ဆောက်ရန် မြေပြုပြင်နေခြင်းများကို အုပ်ချုပ်ရေးပိုင်း၊ မြန်မာစစ်တပ်နှင့် ဒေသခံများအပါအ၀င် ကန့်ကွက်မှုများ ဆောင်ရွက်နေကြောင်း တမူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင် ဇော်က မဇ္ဈိမကို ဒီဇင်ဘာ ၁၈ ရက်တွင် ပြောသည်။

“နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နေရာပေါ့။ အိန်္ဒိယဘက် အာသံစစ်တပ်က အတင်းလုပ်ခိုင်းတယ်ဆို ပြီး မြေနေရာတွေ ပြုပြင်နေတာ။ ကျွန်တော်တို့လည်း ခရိုင်ရုံးအပါအ၀င် ဒီမှာရှိတဲ့ စစ်တပ်နဲ့ နေ့စဉ်သွား ပြီး ကန့်ကွက်နေတယ်။ အိန်္ဒိယခရိုင်ရုံးကိုလည်း ကန့်ကွက်စာ ပို့ထားတယ်”ဟု ပြောသည်။

နှစ်နိုင်ငံ အငြင်းပွားနေသည့် နယ်နိမိတ်စည်းမျဉ်းအဖြစ် သတ်မှတ်ရန် တမူးမြို့နယ်တွင် နေရာကိုးခုကျန် ရှိနေပြီး အဆိုပါမြေနေရာများတွင် နှစ်နိုင်ငံက မည့်သည့်အဆောက်အအုံမှ ဆောက်လုပ်ခွင့်မရှိကြောင်း တမူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ လက်ရှိတွင် အဆိုပါ မြေနေရာများတွင် အိန်္ဒိယဘတ်မှ စစ် ဆေးရေးဂိတ်နှင့် ခြံစည်းရိုးဆောက်လုပ်ရန် အကြောင်းပြချက်ဖြင့် စက်ယန္တရားများ အသုံးပြုကာ မြေယာ များ ပြုပြင်နေခြင်းဖြစ်သည်။

နှစ်နိုင်ငံ တရားဝင်သဘောတူညီမှု ရရှိထားသည့် မြေနေရာများတွင် အဆောက်အအုံနှင့် ခြံစည်းရိုးများ ဆောက်လုပ်မည်ဆိုလျှင် သတ်မှတ်ထားသည့် နယ်နိမိတ်စည်းမျဉ်းများပေါ်တွင် ဆောင်လုပ်ခွင့်မရှိဘဲ BP(နယ်နိမိတ် သတ်မှတ်ထားသည့် ကျောက်တိုင်) ကျောက်တိုင်မှ မိမိနိုင်ငံပိုင်မြေအတွင်း ဆယ်မီတာ အကွာအဝေးတွင်သာ စတင် ဆောက်လုပ်နိုင်မည်ဖြစ်သည်။ လက်ရှိ အငြင်းပွားနေသည့် မြေနေရာ BP 76, BP 77, BP 78, BP 89, BP 90, BP 91, BP 92, BP 93, BP 94 ဖြစ်ပြီး အိန်္ဒိယဘက်မှ မြေယာပြု ပြင်နေရာ မြန်မာအစိုးရဘတ်က လုံးဝပြုပြင်ဆောက်လုပ်ခြင်းမရှိကြောင်း ကန့်ကွက် ပြောဆိုထားသည်။

“အိန်္ဒိယဘက်က သတ်မှတ်ချင်တဲ့ နယ်စပ်စည်းမျဉ်းနေရာနဲ့ ကျွန်တော်တို့ဘက်က သတ်မှတ်ချင်တဲ့နေ ရာ ကွာနေတယ်။ သတ်မှတ်မယ့်နေရာက တော်တော် ဝေးကွာနေတယ်။ အဲဒါကြောင့် ခုလဲ အောက်ခြေ ကနေ ကန့်ကွက်နေသလို အထက်နှစ်နိုင်ငံ သံတမန်အနေဖြင့်လည်း ကန့်ကွက် ဆောင်ရွက်နေတယ်။နိုင်ငံတော်အထိလည်း ဆွေးနွေးနေတယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။

တိုင်းအစိုးရအနေဖြင့်လည်း နေ့စဉ် တွန်းအားပေး ကန့်ကွက်သွားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။ အိန်္ဒိယခရိုင်ရုံးကို ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပို့ထားသော်လည်း လုပ်ငန်းများ လုပ်ဆောင်မှု မှာ ရပ်ဆိုင်သွားခြင်းမရှိသေးကြောင်း မြို့နယ်အုပ်ချူပ်ရေးမှူးက ပြောသည်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က “အရပ်အမြင်အရတော့ ခြောက်ပေလောက် မြန်မာနိုင်ငံထဲကို ၀င်လာပြီး မနေ့က ကျွန်တော်တို့ သွားကြည့်တဲ့အနေအထားအရ ပြောတာ။ အဘိုးအဘွားတွေ ပြောပြတဲ့အတိုင်းဆိုရင် တော်တော်လေး ၀င်လာပြီ၊ အဲဒါကြောင့် ဆောက် လုပ်နေတဲ့ စီမံကိန်းညှိနှိုင်းမှုတွေမပြီးခင်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့လိုတယ်”ဟု ပြောသည်။

စွန့်ပစ်မြေစာပုံများသည် အမြင့် ၁၀ ပေကျော်အထိ ရှိနေပြီး အိန်္ဒိယပိုင် ကုန်းမြေများကို ဖြိုချကာ မြန်မာ နယ်နိမိတ်စည်းမျဉ်း အနိမ့်ပိုင်းများအတွင်းထိ ကျူးကျော် ၀င်ရောက်နေသည်ဟု ဆိုသည်။

နိုင်ငံရေး အချုပ်အခြာအာဏာကို ထိပါးလာသည့်ကိစ္စ ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် အမြန်ဆုံး ဆောင်ရွက်သင့်သည်ဟု ဒေသအကြီးအကဲများက ဆိုသည်။

ဒေသခံများက ဒီဇင်ဘာ ၂၄ ရက်တွင် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်နိုင်ရန် ခွင့်ပြုချက် တောင်းခံလာသည့်အတွက် ယနေ့(ဒီဇင်ဘာ၁၈)ရက်စွဲဖြင့် တရားဝင် ခွင့်ပြုလိုက်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကိုင်ဆောင်မည့် ဆိုင်းဘုတ်များတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ၊ မြန်မာ-အိန်္ဒိယ ချစ်ကြည်ရေး မဖျက်ဆီးပါနှင့်၊ မြန်မာနိုင်ငံ နယ်နိမိတ်အား ကျူးကျော်ခြင်း လုံးဝ လက်မခံပါ။ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ဥပဒေအား လေးစားလိုက်နာပါနှင့် ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင် တည်ရှိသည်ဟု ပါရှိသည့် ဆိုင်းဘုတ်များကို မြန်မာ-အင်္ဂလိပ် နှစ် ဘာသာဖြင့် ဖော်ပြသွားမည်ဖြစ်သည်။

အိန်္ဒိယ-မြန်မာ နယ်နိမိတ် သတ်မှတ်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးလာခဲ့သည်မှာ မှတ်တမ်းများအရ လွန်ခဲ့သည့် ၁၉၆၇ ခုနှစ်စပြီး တည်နေရာမြေပုံများအရ အငြင်းပွား ဆောင်ရွက်နေခြင်းဖြစ်သည်။ တမူးမြို့နယ်တွင် BP အမှတ် ကျောက်တိုင်ပေါင်း ၇၀ ကျော်ရှိသည့်အထဲ အငြင်းပွားရန် ကျန်ရှိနေသည့်နေရာ ကိုးခုရှိသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List