Tuesday, July 16, 2013

ရှစ်လေးလုံး ငွေရတုအခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ ထိုင်းနိုင်ငံသို့ သွားရောက်

Tuesday, July 16, 2013
ရှစ်လေးလုံး ငွေရတုအခမ်းအနား ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီမှ ကော်မတီဝင် လေးဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒီမိုကရေစီ အင်အားစုများ ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက်နိုင်ရန် အတွက် ဖိတ်ကြားရန် ထိုင်းနိုင်ငံသို့ ဇူလိုင် ၁၁ ရက်က ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။
ဇူလိုင် ၁၄ ရက်နေ့တွင် ၎င်းအဖွဲ့ဝင် ၄ ဦးနှင့်အတူ ABSDF မှ ဥက္ကဋ္ဌ ကိုသံခဲသည် ထိုင်းနိုင်ငံ အခြေစိုက် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီမှ ဥက္ကဋ္ဌထံသို့ သွားရောက်ခဲ့ပြီး ယနေ့ဖြစ်ပေါ် နေသော မြန်မာနိုင်ငံ၏ အခြေအနေများနှင့် အတူ ရှစ်လေးလုံး ငွေရတုပွဲသို့ တက်ရောက်ရန် ဆွေးနွေးခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားသည့် အဖွဲ့ပေါင်း ၆၀ ကျော်အား တက်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟု သိရသည်။၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်သင်းသင်းအေးက “ကျွန်မတို့ ပြင်ပက အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့ အခါမှာ ငွေရတုပွဲကိုတက်ဖို့ သူတို့မှာ ရှိနေတဲ့ အခက်အခဲတွေကို မေးပါတယ်။ ဗီဇာရဖို့ အခက်အခဲ ရှိရင်တော့ သူတို့ကလည်း တက်ချင်တယ်ဆိုရင် ကျွန်မတို့ဆီကို ဇူလိုင် ၂၅ ရက် နောက်ဆုံးထားပြီး သူတို့ရဲ့ အချက်အလက်တွေကို ပေးပို့ဖို့ ပြောထားပါတယ်။ ဇူလိုင် ၂၅ ရက် ကျရင်တော့ ပေးပို့ထားတဲ့ လူတွေရဲ့ အချက်အလက်တွေကိုယူပြီး အစိုးရနဲ့ ဆွေးနွေးဖို့ ကျွန်မတို့ ကမ်းလှမ်းထားတာ ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။
ရှစ်လေးလုံး ငွေရတု အခမ်းးအနားသို့ အပြည်ပြည်ဆိုင်ရာမှ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများ ပါဝင်နိုင်စေရန် အတွက် စေ့စပ်ဆွေးနွေးပေးရန် ကြိုးပမ်းမည်ဟု ရှစ်လေးလုံး ငွေရတု ဖြစ်မြောက်ရေး ကော်မတီက တာဝန်ယူကြောင်းကို ဇူလိုင် ၄ ရက်က M-3 စားသောက်ဆိုင်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရှစ်လေးလုံး ငွေရတု ဖြစ်မြောက်ရေး ကော်မတီဝင် လေးဦးသည် ထိုင်းနိုင်ငံမှ ဇူလိုင် ၁၇ ရက်တွင် ပြန်လည်ရောက်ရှိ လာမည်ဟုလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List