Thursday, July 18, 2013

ရန်ကုန် - မန္တလေးအမြန်လမ်း ရဲတပ်ဖွဲ့ဝင်များ ရှေးဦးသူနာပြု သင်တန်းပေးမည်

Thursday, July 18, 2013
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် မတော်တဆမှုများကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်စေရန် ယင်းလမ်းမပေါ်ရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို မိုင်တိုင် ၂၀၀ လမ်း အသုံးပြုခ ကောက်ခံရေးစခန်းအနီး ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးချုပ်ရုံးတွင် ဇူလိုင်လ ၂၃ ရက် မှ ၂၇ ရက်နေ့အထိ ရှေးဦးသူနာပြုသင်တန်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သူနာ တင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက The Voice သို့ပြောကြားသည်။
“မတော်တဆတစ်ခုခုဖြစ်ရင် ပထမဆုံး တွေ့ရတာက ရဲတပ်ဖွဲ့ဝင်တွေပဲ ဖြစ်တယ်။ ထိခိုက်မိတဲ့ အချိန်နဲ့ ဆေးရုံမရောက်ခင် စပ်ကြားမှာ ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပြီး အသက်ကယ်တင်ဖို့အတွက် ဖွင့်တာ ပါ” ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။ အဆိုပါ ရှေးဦးသူနာပြုစုခြင်း သင်တန်းအတွက် တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံထားကြောင်း မိုင် ၂၀၀ ဂိတ်အနီး ရှိ ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးချုပ်ရုံးမှ ဒုရဲအုပ်တစ်ဦးက The Voice သို့ပြောဆိုသည်။

ယင်းသို့ သင်တန်းပို့ချရာတွင် အကြိမ်အရေအတွက် ကန့်သတ်မထားဘဲ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်းများက အကူအညီ တောင်းခံတိုင်း သင်တန်းပေးသွားမည် ဖြစ်ကြောင်း ဒေါ်နီနီမိုးက ပြောဆိုသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် ရှေးဦးသူနာပြု သင်တန်းများကို အခြေခံပညာကျောင်းများ ၊ တက္ကသိုလ်များ၊ ကုမ္ပဏီများ၊ လေကြောင်းလိုင်းများမှ လေယာဉ်မောင်နှင့် လေယာဉ်မယ်များ၊ ဧည့်လမ်းညွှန်များကို သင်ကြားပေးလျက်ရှိပြီး ယခုကဲ့သို့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များကို သီးသန့် သင်တန်းပေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ရန်ကုန်-နေပြည်တော်လမ်း ၁၁၅ မိုင်တွင် ရှေးဦးသူနာပြုစခန်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်တွင်၏ စတင်ဖွင့်လှစ်ခဲ့ပြီး ရုံးခန်းအဖြစ် ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်း မိတ္ထီလာ ယာဉ်ရပ်နားစခန်းတွင် နောက်ထပ်စခန်းတစ်ခု ဖွင့်ရန် ပြင်ဆင်လျက် ရှိသည်။

No comments:

Post a Comment

My Blog List