Tuesday, July 16, 2013

အမရပူရမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနပိုင် မြေ ၁၇ ဒသမ ၁၇ ဧကတွင် ဟိုတယ်ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

Tuesday, July 16, 2013
မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်း လုပ်ငန်းပိုင်မြေ ၁၇ ဒသမ ၁၇ ဧကပေါ်တွင် B.O.T စနစ်ဖြင့် ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရန် Win & Win Co., Ltd ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ခွင့်ပြုချက်ကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၈/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုဝန်ကြီး ဌာနမှတစ်ဆင့် တင်ပြသော အဆိုပြုချက်ကို ဆောင်ရွက် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ Win & Win Co., LTd သည် သစ်နှင့် သစ်အချောထည် ထုတ်လုပ်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြီးခဲ့သည့် ဇွန် ၂၉ ရက်က ပြုလုပ်သော ၁၇/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင်လည်း Sanda Hotel Co.,Ltd ကို မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ပုဂံဟိုတယ်ဇုန်(၂)ရှိ မြေကိုးဧက၌ B.O.T စနစ်ဖြင့် ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခွင့် ပေးခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ၀င်ရောက်မှု များပြားနေခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၃၄ ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနီးပါး ဖြစ်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုံးပုံတစ်ပုံကျော်ရှိသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ၀င်ရောက်မှု ဆက်တိုက်မြင့်တက် လျက်ရှိပြီး ယခုနှစ်တွင် ၂၀၁၂ ခုနှစ်ထက် ရာခိုင်နှုန်း ၄၀ ၀န်းကျင် တိုးတက် ၀င်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားသည်။
၂၀၁၂ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ နိုင်ငံခြား ခရီးသွားဧည့်သည် ခြောက်သိန်းကျော်နှင့် နယ်စပ်အသီးသီးမှ ၀င်ရောက်သူ လေးသိန်းကျော်ရှိပြီး စုစုပေါင်း တစ်သန်းကျော် လာရောက်ခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားပိုင် ဟိုတယ် ၇၅၀ နီးပါးရှိပြီး အခန်းစုစုပေါင်း ၂၇၀၀၀ ကျော်ရှိသည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသော နိုင်ငံခြားဟိုတယ် ၃၀ လုံးရှိပြီး အခန်းပေါင်း ၅၂၀၇ ရှိသည်။ အခန်းပေါင်း ၂၄၀၀ ကျော်ပါဝင်မည့် နိုင်ငံခြား ဟိုတယ်စီမံကိန်း ရှစ်ခုကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းများ ပြီးစီးပါက နိုင်ငံခြားဟိုတယ် အခန်းအရေအတွက် ၇၈၅၀ ခန်း ရှိလာမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List