Tuesday, October 16, 2012

Interview with U Win Tin (ဒေါ်စု အမေရိကန်ခရီးစဉ်နဲ့ အဝေးရောက်တွေ)



အင်န်အယ်ဒီပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်နဲ့ မိုးမခမီဒီယာတို့ရဲ့ အင်တာဗျုးကဏ္ဍကို ရပ်နားခဲ့တာ ၁ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဧည့်သည်များတဲ့ ဆရာကို တွေ့ဆုံစကားပြောခွင့်ရဖို့ ခက်ခဲသလို ဆရာကိုယ်တိုင်ကလည်း အချိန်ယူပြီး စကားပြောချင်တာကြောင့်မို့ ရက်ချိန်းများ အကြိမ်ကြိမ် ပြောင်းခဲ့ရတာလည်း ရှိပါတယ်။ တွေ့ဆုံခွင့်ရချိန်မှာ ဆရာ့ ကျန်းမာရေးအခြေအနေကို မေးမြန်းရာမှာ ဆရာဝန်ကြီးများက ဆရာရဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ဖို့ အကြိမ်ကြိမ် တောင်းဆို ထားတာကို ခုချိန်ထိ အချိန်ရွှေ့ဆိုင်းနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက ဆရာကိုယ်တိုင် စိတ်ဝင်စားတာကတော့ ပြည်ပ
ရောက် မြန်မာတွေ၊ အဝေးရောက်အင်န်အယ်ဒီတွေနဲ့ ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဆရာနဲ့ အဲသည်ခေါင်းစဉ်ကိုပဲ မေးမြန်းခဲ့ပါတယ်။


 
မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပထမဦးဆုံးအကြိမ် ခရီးစဉ်မှာ အမေရိကန်ပြည်ကအစိုးရခေါင်းဆောင်တွေ၊လွှတ်တော်အမတ်တွေ၊အဖွဲ့အစည်းအသီးသီးကခါင်းဆောင်တွေ၊ပညာရှင်တွေနဲ့ တွေ့ဆုံ
ဆွေးနွေးတာတွေ၊ သဘောထားပြောတာတွေ နေ့စဉ်မပြတ်လုပ်ခဲ့တာကိုတွေ့ရပါတယ်။ ပြီင်္းတော့ လက်ရှိမြန်မာ အစိုးရ ခေါင်းဆောင် ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံတယ်၊ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့လည်း ဆုံခဲ့ကြတာတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီ ပါတီနဲ့ လူထုပရိသတ်အပေါ်မှာ ဒေါ်စုက ဘယ်လိုသဘောထား ထုတ်ပြန်ချက် ရှင်းလင်းချက် ရှိပါသလဲ။
ဖြေ။     ။ ဒါတွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေလုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပါတယ်။ အမေရိကန်ုအစိုးရ၊ ပြီးတော့ ကုလသမဂ္ဂတို့ မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်တာတော့မရှိပါဘူး။ ယေဘူယျအားဖြင့်တော့   ပြောကြားတာတွေ ရှိပါတယ်။ ဒါတွေဟာ အစိုးရတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ၊ အခြားအဖွဲ့အစည်းတွေရဲ့ နောင်အနာဂတ် မှာ ဖြစ်ပေါ်လာမယ့် မြန်မာပြည်အပေါ်ထားရှိတဲ့ သဘောထား အပြောင်းအလဲတွေ၊ ဆက်ဆံရေးတွေ ရှိလာမလဲဆိုတာ နဲ့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
မေး။     ။ ဒီမိုကရေစီအရေးတော်ပုံကာလ ၂၄ နှစ်ကျော်ကာလ၊ ဒေါ်စုရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်နဲ့ ပတ်သက်ပြီးတော့
ပေါ့လေ ပြည်တွင်း ပြည်ပမှာ အတော်ကို ရိုက်ခတ်မှုတွေ၊ လှုပ်ရှားမှုတွေ ရှိတာကို တွေ့ရတယ်။ အဲသည် ၂၄ နှစ်ကာလတွင်းမှာ အမေရိကန်ပြည်တွင်းမှာ အထူးသဖြင့် မြန်မာတွေ အမြောက်အများ ပြောင်းရွှေ့နေထိုင်နေပြီ။ အင်န်အယ်ဒီပါတီက အချို့သော အမတ်တွေ၊ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေလည်း ရှိနေကြတယ်။ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာ့အဖွဲ့အစည်းတွေ၊ ဦးဆောင်သူ
တွေလည်း ပေါ်ထွန်းနေကြတဲ့အချိန် ဖြစ်တယ်။ ဒ့ါအပြင် ပထမမျိုးဆက်တင် မဟုတ်တော့ဘူး၊ ဒုတိယမျိုးဆက်တွေ၊ တတိယ မျိုးဆက် မြန်မာတွေတောင် ပေါက်ဖွားစည်ပင်နေတဲ့အရပ်ဒေသတခု ဖြစ်နေတယ်။ အဲသည်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက် လည်ပတ်တဲ့အတွက်အဝေးရောက် မြန်မာပရိသတ်နဲ့တွေဆုံခွင့်ရကြတယ်။ ဒေါ်စုရဲ့စင်မြင့်ပေါ်က ဟောပြောချက်တွေ၊ ဖြေကြားချက်
တွေကို မြန်မာပရိသတ်က ကြားနာခွင့် ရကြတယ်။ ပြည်သူလူထုအနေနဲ့ ပရိသတ်တွေအဖြစ်နဲ့ အများကြီး အားရကျေနပ်မှု ရှိကြတယ်။ ၀မ်းမြောက်ဝမ်းသာ အားပေးထောက်ခံမှုတွေ ကြိုဆိုမှုတွေကိုလည်း ပြသနိုင်ခဲ့တယ်။ ဒါပေမယ့် … အဝေးရောက်နေတဲ့ အန်အယ်ဒီရဲ့ အင်အားတွေ၊ အစုအဖွဲ့တွေရဲ့ အခန်းကဏ္ဍ၊ ပြည်ပက မြန်မာကွန်မြူနီတီနဲ့အတူ သူတို့တွေရဲ့ ၀င်ရောက်လက်တွဲ
ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ထူးထူးခြားခြား ထင်ထင်ရှားရှား တွေ့ကြရတယ်လို့ ဆရာ့အနေနဲ့ တွေ့မိသလဲ။ ဆရာ့ အနေနဲ့ ဘယ်လို မြင်သလဲ။ ကြားသလဲ။
ဖြေ။     ။ အဝေးရောက်နေတဲ့ ပါတီကလူတွေရဲ့ အနေအထားက လျော့ပါးသွားတယ်၊ ငြိမ်ကျသွားတယ်လို့ ပြောရမယ်။ တခြား ဝေးဝေးလံလံမကြည့်နဲ့ ထိုင်းကိုကြည့်ပါ။ ထိုင်းမှာရှိတဲ့ NLD-LA ဆိုတာ ပြည်ပမှာရှိတဲ့ အင်န်အယ်ဒီအဖွဲ့အစည်းများ အားလုံး ရဲ့ မိခင်ဌာနပဲ။ သို့သော် ထိုင်းမှာရှိတဲ့ NLD အဖွဲ့ကိုယ်တိုင်က အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတယ်။ ခေါင်းဆောင်တချို့က တခြားနိုင်ငံတွေကို ထွက်သွားတယ်။ အချို့တွေက ပြည်တွင်းကို ပြန်လာကြတယ်။ ထိုင်းမှာ ကျန်ခဲ့သူတွေလည်း ရှိတယ်။ အဲသည်မှာ ပြန်လည်ထူထောင်တာတွေ လုပ်နေကြရတယ်။ ဒါက ဘာအရင်းခံကြောင့်လဲလို့ ပြန်ကြည့်ရင် သူတို့တွေက တရားမ၀င် တဲ့ အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်ခဲ့ကြရတာဖြစ်တယ်။ လွတ်မြောက်နယ်မြေဆိုပြီးတော့ပေါ့။ ဆက်သွယ်လုပ်ကိုင်နေရတဲ့ အဖွဲ့ အစည်းတွေကိုကြည့်ရင်လည်းပဲ တရားမ၀င်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေခဲ့ကြရတာ ဖြစ်တယ်။ အမေရိကား လို နေရာမျိုးကို ရောက်လာပြန်တော့လည်းပဲ အဲသည်က အဝေးရောက်အင်န်အယ်ဒီတွေ ဆက်သွယ်လုပ်ကိုင်ရတဲ့ အဖွဲ့အစည်း
တွေ၊ လူတွေဆိုတာကလည်း စစ်အစိုးရဖက်ကကြည့်ရင် တရားဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်တွေဖစ်နေတယ်။ အဲသည် က ခေါင်းဆောင်တွေ၊ လှုပ်ရှားသူတွေရဲ့ အနေအထားတွေကို ကြည့်ပြန်တော့လည်း သူတို့တွေကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေးအရ ရပ်တည်လို့ရအောင်၊ လှုပ်ရှားလို့ရအောင် အခြားနိုင်ငံသားအဖြစ် ပြောင်းလဲရပ်တည်ရတာတွေ ရှိတယ်။ အခြားနိုင်ငံသားအဖြစ် မဟုတ်ပြန်ဘူးဆိုရင်လည်း သူများတိုင်းပြည်မှာ တရားမ၀င်နိုင်ငံခြားသားအဖြစ် ရပ်တည်နေတော့လည်း ရှုပ်ထွေးမှုတွေ ရှိပြန်တယ်။ ဒါကြောင့် အခုလိုအချိန်မျိုးတွေမှာ မြန်မာပြည်တွင်းမှာ အပြောင်းအလဲတွေ အများကြီး ပေါ်ပေါက်လာတဲ့အချိန်မှာ သူတို့တွေရဲ့ အနေအထားတွေ အခမ်းကဏ္ဍတွေဟာ လျော့နည်းသွားတယ်။ အားနည်းသွားတယ်လို့ ပြောချင်တယ်။
မေး။     ။ ဒါဆိုရင် ပြည်တွင်းက အင်န်အယ်ဒီပါတီကလည်းအဝေးရောက် မြန်မာတွေအပေါ်မှာသဘောထားတွေထုတ်ပြန်ပေးသလို မျိုး၊ အဝေးရောက်အင်န်အယ်ဒီတွေအပေါ်မှာ သဘောထားတစုံတရာ ပေးထားတာမျိုး မရှိဘူးလား ဆရာ။
ဖြေ။     ။ အမှန်အတိုင်းပြောရရင်တော့ ပြည်တွင်းက အင်န်အယ်ဒီပါတီအနေနဲ့က အဝေးရောက်ပါတီ အင်အားတွေနဲ့ ပတ်သက်ပြီး ရေရေရာရာ သဘောထားတခု မပေးနိုင်သေးဘူး။ ပုဂ္ဂိုလ်ရေး တဦးချင်း သဘောထားတွေ ပေးကြတာတော့ ရှိတယ်။ ဥပမာ ကျနော့်အနေနဲ့ အင်န်အယ်ဒီ အယ်လ်အေဆိုတာရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြောထားတာမျိုး ရှိတယ်။ လွတ်မြောက် နယ်မြေဆိုတာကနေပြီး ပြည်ပမှာတရားဝင်ရပ်တည်မှုတခုဖြစ်အောင်လုပ်ကြဖို့စဉ်းစားကြဖို့တိုက်တွန်းတာမျိုးရှိခဲ့တယ်။အမြဲတမ်း   ပြည်ပမှာ တရားမ၀င်အဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တာမျိုးကနေ ပြောင်းလဲဖို့ လိုတယ်။ ရပ်တည်လာတဲ့အခါကျရင် လည်း ပြည်တွင်းက မိခင်အဖွဲ့အစည်းကို မပစ်ပယ်ဘဲနဲ့ ဘယ်လိုမျိုး ဆက်သွယ်မှာလဲ။ ပြည်ပက ပရိသတ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အခြားကွန်ယက်တွေနဲ့ကော ဘယ်လိုမျိုး ဆက်ဆံရေး ထူထောင်မှာလဲ။ ဒါတွေ စဉ်းစားကြဖို့ လိုတယ်ဆိုတာမျိုး ပြောခဲ့ဖူးတယ်။ ဒီအဖွဲ့တွေဟာ ပြည်တွင်းက မြို့နယ်ကျေးလက်ရုံးခွဲတွေ၊ ပါတီဌာနခွဲတွေလိုမျိုး အသိအမှတ်ပြုတာမျိုးမဟုတ်တဲ့ သီးခြား လက္ခဏာ
တွေ၊ ဦးဆောင်မှုတွေ၊ ရပ်တည်မှုတွေကို ဘယ်လို သဘောထားမလဲ။ ဘယ်လို လုပ်ကြမလဲ။ မိခင်ပါတီအနေနဲ့ သဘောထားက မပြတ်သေးဘူး။ ဒီအချက်တွေ အရင်းခံကြောင့်မို့လို့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်တဲ့ ခရီးစဉ်မှာ အဝေးရောက်နေတဲ့ အင်န်အယ်ဒီတွေဟာ ရောက်တဲ့ နေရာတွေကနေ ဖုတ်ဖက်ခါပြီး ထလာကြတယ်၊ လူထုပရိသတ်နဲ့ လက်တွဲပြီး လှုပ်ရှားကြတယ်။ သို့သော်လည်း အမောက်ထောင်ပြီးပြနိုင်တာမျိုးတွေ၊ ခွပ်ဒေါင်းလိုကနိုင်တာမျိုးတွေ မရှိတဲ့အရပ်တွေ လည်း ရှိမှာပဲဆိုတာ ကျနော့်အနေနဲ့ လက်ခံပါတယ်။ နားလည်ပါတယ်။
မေး။     ။ အခုဒေါ်စုခရီးစဉ်မှာ အဝေးရောက်အင်န်အယ်ဒီအင်အားတွေ စုစည်းမိကြတယ်၊ လက်တွဲမိကြတယ် ဆိုခဲ့ရင် ခုချိန် ကတည်းက စပြီးတော့ သူတို့တတွေဟာ စုဖွဲ့မှုတွေ၊ လှုပ်ရှားမှုတွေ၊ သဘောထားတွေတော့ ထွက်ပေါ်သင့်တာပေါ့နော် ဆရာ။
ဖြေ။     ။မြန်မာပြည်ပြင်ပက တိုင်းပြည်တိုင်းမှာ နေရာတိုင်းမှာရှိနေတဲ့ အင်န်အယ်ဒီအင်အားတွေလို့ ကိုယ့်ကိုယ်ကိုခံယူထားတဲ့သူ
တွေက ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ရမှာဖြစ်တယ်။ ငါတို့တွေက အခွင့်အခါအကြောင်းသင့်မှ နိုးထလာတာမျိုး မဖြစ်သင့်ဘူး။  ငါတို့
တွေဟာ ရောက်ရာကျရာနေရာတွေမှာ အမြဲတမ်း ရှင်သန်နေဖို့အတွက် ပုံမှန်လုပ်ငန်းတွေ လုပ်ကိုင်နေဖို့အတွက် သီးခြားရပ်တည်မှု သီးခြားသဘောထားတွေရှိဖို့လိုတယ်ဆိုတာကို အခု ဒေါ်စုရဲ့ ခရီးစဉ်ကနေပြီးတော့ သုံးသပ်ဆင်ခြင်လို့ရတယ်။ အဲသည် သင်ခန်းစာ ရတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့လည်း ပြည်တွင်းမှာ ရှိနေတဲ့ မိခင်ပါတီတရပ်အနေနဲ့လည်း သီးခြားအသွင်သဏ္ဍန်ဆောင်ပြီး စဉ်းစားရမယ့် လုပ်ငန်းတရပ်၊ တာဝန်တရပ် ဖြစ်စေတယ်လို့လည်း ပြောချင်ပါတယ်။
မေး။     ။ နောက်တခုကတော့ ဒေါ်စုရဲ့ အမေရိကန်ခရီးစဉ်မှာ ၀ိုင်းဝန်းကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေထဲမှာ  မြန်မာ့ အရေးလုပ်ဆောင်နေတဲ့ အစုအဖွဲ့တွေအများအပြားတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့ အထင်ကရ မြို့နယ်တွေ
ဖြစ်တဲ့ ၀ါရှင်တန်ဒီစီ၊ နယူးယောက်၊ ကင်တာကီ လူဝီဗီးလ်၊ ဖို့ဝိန်း၊ ဆန်ဖရန်၊ အယ်လ်အေ စတဲ့ မြို့နယ်တွေပေါ့လေ။ အဲသည် က မြန်မာ့အရေးလှုပ်ရှားနေကြတဲ့ ဒေသခံ အစုအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဆရာဘယ်လို မြင်တွေ့ရသလဲ။
ဖြေ။     ။ ဒါကလည်း တနွယ်ငင် တစင်ပါ ဖြစ်ရမယ့် အကြောင်းကိစ္စပါပဲ။ အဝေးရောက် အင်န်အယ်ဒီတွေဟာ ပြည်ပမှာ ရပ်တည်နေကြတယ်ဆိုရင် သူတို့ဖာသာ သူတို့ သီးခြားရပ်တည်နေကြတာ မဟုတ်ဘူး။ ပြည်ပမှာရှိနေတဲ့ ဒေသခံ မြန်မာ ကွန်မြူ နီတီတွေ၊ အသင်းအဖွဲ့တွေ၊ အခြားတိုင်းရင်းသားအစုအဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ သာရေးနာရေးအဖွဲ့တွေ၊ အမေရိကန်အဖွဲ့
တွေနဲ့ ဆက်ဆံရေးရှိနေတာမျိုး၊ ဆက်စပ်မှုတွေရှိနေတာမျိုး ရှိရလိမ့်မယ်ထင်တယ်လေ။ ဒါကလည်း မိခင်ပါတီက စေခိုင်းလိုက် လို့ ပြန်ကြားရေးတို့ ဆက်သွယ်ရေးရုံးဖွင့်ထားတာမျိုးလည်း မဟုတ်ရဘူး။ ဆက်သွယ်ရေးရုံးထောင်တာ မဟုတ်သော်လည်း ဘဲ ပြည်တွင်းမှာရှိတဲ့ မိခင်ပါတီရဲ့ သဘောထားတွေ၊ လှုပ်ရှားမှုတွေက တနည်းတဖုံ ထင်ဟပ်နေတဲ့ ဆက်စပ်ပေးနေတဲ့ လှုပ်ရှားမှု၊ ရှင်သန်မှုတွေကိုတော့ ဖော်ဆောင်နေလိမ့်မယ်လို့ထင်တယ်။ အကြောင်းပေါင်းစုံလို့ထလာပြီး ဝေယျာဝစ္စလုပ်တဲ့ အစုအဖွဲ့မျိုးလို
တော့ မဖြစ်ရဘူးလို့ ပြောချင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့တွေအနေနဲ့ကလည်း အဲသည်က ပြည်ပကမြို့နယ်တွေမှာ လက်ရှိ လုပ်ကိုင်နေကြတဲ့ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး ဆောင်ရွက်မှုတွေလည်း ရှိကြဖို့ လိုတယ်ဆိုတာကို အလေးအနက်သဘောထားပါတယ်။
မေး။     ။ ဆိုတော့ ဆရာတို့အနေနဲ့က ပြည်ပက အဝေးရောက်မြန်မာအသိုင်းအ၀ိုင်းတွေကို အလေးအနက်ထားတယ်။ ဆက်စပ် မှုတွေ၊ ပတ်သက်မှုတွေ ရှိဖို့လိုတယ်လို့လည်းသဘောထားတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က စင်မြင့်တွေပေါ်ကနေ လူထုပရိသတ်ကို ဟောပြောတယ်၊ မေးခွန်းတွေ ဖြေရှင်းတယ်။ အဲသည်လိုမျိုးပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါလာတဲ့ အင်န်အယ်ဒီပါတီက တာဝန်ရှိသူတွေကကော မြန်မာကွန်မြူနီတီက လှုပ်ရှားသူတွေနဲ့ အခါအခွင့်သင့်သလို တွေ့ဆုံ  ဆွေးနွေးတာ မျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်တယ်လို့မထင်ဘူးလား။ ဥပမာအားဖြင့် တချိန်တည်း အမေရိကားကို ရောက်လာတဲ့ ဦးသိန်းစိန်နဲ့ အခြားဝန်ကြီးတွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အဝေးရောက်မြန်မာအစုအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ကြိုးစား တယ် ။ တွေ့ဆုံပြီး ရှင်းလင်းပြောဆို စည်းရုံးတာတွေ လုပ်တယ်။ သူတို့ဆိုရင် မီဒီယာသမားတွေ၊ ကွန်မြူနီတီက ဦးဆောင်သူတွေကို ဆက်သွယ်ပြီး တွေ့ဆုံပွဲတွေလုပ်ခိုင်းတယ်။ အဲလိုလုပ်ပြီး မြန်မာတွေနဲ့ တွေ့ဆုံတဲ့ မှတ်တမ်းတွေ ကျနော်တို့ အများကြီး တွေ့ရတယ်။ အဲဒါကိုကော ဆရာ ဘာပြောချင်သလဲ။
ဖြေ။     ။ ကျနော် မီဒီယာတွေမှာ ကြည့်တဲ့အခါမှာ သမ္မတဦးသိန်းစိန်အဖွဲ့က သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အများ အပြားပါလာတာကို တွေ့ရတယ်။ သူတို့ထဲက ၀န်ကြီးဦးစိုးသိန်းတို့ ပြောတာဆိုတာတွေဆိုရင် အတော်ကို အာသွက် လျာသွက်
ပြောတဲ့ စကားတွေ ပါတယ်။ သူတို့မှာ အစိုးရရဲ့ စာရိတ်စကနဲ့ လာတာ ဖြစ်တယ်။ သူတို့ကို ကြိုတင်ပြင်ဆင်ဖိတ်ခေါ်ထားတာတွေ ရှိတယ်။ ဒေါ်စုတို့အဖွဲ့ဆိုရင် နိုင်ငံခြားက ဖိတ်တယ်ဆိုတိုင်းလည်း လူတွေအများကြီးနဲ့ သွားနိုင်တဲ့ အနေအထား မရှိပါဘူး။ သူ့အပြင် တာဝန်ရှိသူ လူ ၂ ယောက် ၃၊ ၄ ယောက် လောက်ပဲပါလာနိုင်တဲ့ အပိုင်းတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေ့စဉ် ခရီးစဉ် အတွက် ပြင်ဆင်ပေးရတာတွေ၊ မီဒီယာဘာညာတွေအတွက် လုပ်ကိုင်ပြင်ဆင်ပေးရတာတွေနဲ့ အလုပ်တွေ များနေတာမျိုး
တွေ ဖြစ်နိုင်တယ်။ သူတို့မလုပ်နိုင်ဘူးဆိုတာထက် သူတို့လုပ်နိုင်ဖို့ အင်အားနဲ့အခြေအနေ ရှိမရှိကိုလည်း ထည့်တွက်စေချင် တယ်။ ဒေါ်စုကလည်း အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ လာတယ်ဆိုရင်တော့ တမျိုးတဖုံ ဖြစ်နိုင်ပါတယ်။ သို့သော်လည်းပဲ အခု
မေးခွန်းမှာ ပြောသလိုပေါ့လေ … ပါတီကနေ အတူပါလာတဲ့ တာဝန်ခံတွေဟာ ဖြစ်နိုင်ရင်တော့ ခေါင်းဆောင်အတွက် တာဝန်တွေ ထမ်းဆောင်တာအပြင်ရောက်ရှိတဲ့ နေရာဒေသကလူတွေ၊ အစုအဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးရှင်းလင်းတာတွေ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ကို ပိုမိုကျယ်ပြန့်ထိရောက်အောင် ဆွဲဆန့်ပေးနိုင်တဲ့ လက်တံတွေအဖြစ်နဲ့ လုပ်ပေးနိုင်ရင် ပိုပြီး ကောင်းမယ် ဆိုတာကို လက်ခံပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း အကျိုးပိုဖြစ်ဖို့ ရှိတယ်လို့လည်း ပြောချင်ပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ အလေးအနက် ထပ်ပြောချင်တာကတော့ အမေရိကန်မှာ ရှိတဲ့ ဒေသခံ မြန်မာအသိုင်းအ၀ိုင်းထဲက ခေါင်းဆောင်တွေ၊ ပညာရေး၊ စီးပွားရေး၊ စာပေ၊ အနုပညာ၊ နိုင်ငံရေး၊ ဘာသာရေး စတဲ့ နယ်မြေအသီးသီးက ဒေသခံ ခေါင်းဆောင်တွေ၊ ဦးဆောင်သူတွေ၊ လှုပ်ရှားနေသူတွေ အများကြီး ရှိနေတယ် ဆိုတာ ကျနော်တို့ သိပါတယ်။ သူတို့တွေမှာ ကျနော်တို့နဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေး တင်ပြစရာတွေ ရှိနေမယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး လာရောက်တဲ့ အမေရိကန်
ပြည် ဒေါ်စုခရီးစဉ်ဆိုတာက သည်လိုမျိုး အခွင့်အရေးမျိုး နောက်တကြိမ်ရဖို့ဆိုတာလည်း မလွယ်ဘူးဆိုတာလဲ မှန်ပါတယ်။ သည်တော့ ကျနော်အနေနဲ့ ပြောချင်တာက ဒါကိုလည်း ကျနော်တို့အနေနဲ့က သင်ခန်းစာယူပြီး မှတ်သားထားပါမယ်။ ဥပမာတခု အနေနဲ့ ပြောရရင် ရွာတရွာကို ဇာတ်ပွဲလာကတဲ့အခါ အများပရိသတ်ကတော့ စင်ပေါ်က ဇာတ်မင်းသား၊ ဇာတ်မင်းသမီးကို စင်အောက်ကနေ ကောင်းကောင်း ကြည့်လိုက်ရရင် ကျေနပ်အားရကြတာချည်းပါပဲ။ သို့သော်လည်း ကျနော်တို့ မြန်မာရိုးရာဓလေ့ မှာတော့ဖြင့် ရွှေမန်းဦးတင်မောင်တို့၊ ဦးစိန်အောင်မင်းတို့ဆိုတာက မည်သို့ပင် ညဖက်မှာ ဇာတ်ကရလို့ အိပ်ရေးပျက်သော် လည်း ရောက်တဲ့ ရပ်ရွာမှာ ရပ်မိရပ်ဖတွေ၊ ဂေါပကတွေ၊ ရွာဦးကျောင်းက ဘုန်းကြီးတွေနဲ့ ဧည့်ခံစကားပြောတဲ့ ၀တ်ကိုတော့ ထမ်းဆောင်ကြလေ့ရှိပါတယ်။ ဒါကတော့ ဒေါ်စုရဲ့ ခရီးစဉ်ကို စီစဉ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ အစိုးရပိုင်းက လူတွေရဲ့ စီစဉ်မှု၊ နားလည်မှု၊ အချိန်ဇယားတို့ အကန့်အသတ်တို့နဲ့ သက်ဆိုင်လိမ့်မယ်။ အဲဒီအပိုင်းတွေကြောင့်လို့လည်း ဖြစ်နိုင်တာကိုလည်း ထည့်စဉ်းစားရမယ်။ နောင်ဆိုရင်လည်း ပိုပြီး ထိတွေ့ ဆက်စပ်နိုင်အောင်လို့ စဉ်းစားကြရမယ်လို့ ပြောချင်ပါတယ်။
မေး။     ။ ဟုတ်ကဲ့ပါ ဆရာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ဂုဏ်ထူးဆောင် ဧည့်သည်တော် တဦးလို ဖိတ်ကြားပြီး ခရီးစဉ်တွေ စီစဉ်ပေးတာကို ကျနော်တို့ တွေ့ရပါတယ်။ မြန်မာဧည့်ပရိသတ်တွေ နဲ့ တွေ့ဆုံပွဲတွေဖြစ်မြောက်
အောင်လည်း သက်ဆိုင်ရာတွေက ပံ့ပိုးစီစဉ်ပေးတာတွေအများကြီးရှိတာကိုလည်း အသိအမှတ်ပြုရပါတယ်။ အဲသည်မှာ ကျနော်တို့ တွေ့ရတာ တချက်ကတော့ပေါ့လေ။အခြားအမေရိကန်အဖွဲ့အစည်းတွေအစုအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး တဲ့ ဖိုရမ်တွေ၊ စကားဝိုင်းတွေ၊ ဂုဏ်ပြုချီးမြှင့်ပွဲတွေကို သူတို့ဖြတ်သန်းခဲ့တဲ့ အခြေကျပြီးသား၊ ရင့်ကျက်ပြီးသား အတွေ့အကြုံတွေ၊ အရင်းအမြစ်တွေ သုံးပြီးတော့ ဆောင်ရွက် အားထုတ်နိုင်ကြတယ်။ ကျနော်တို့ မြန်မာကွန်မြူနီတီတွေမှာကျတော့ သူတို့တွေ
လောက် အင်နဲ့ အားနဲ့ မရှိကြတော့ ကိုယ့်အားကိုယ်ကိုးပြီး အများကြီး အားထုတ်ကြရတာပေါ့ ဆရာရယ်။ အဲဒီအတွက် ကျနော်တို့ တတွေ ရင်ဆိုင်ရတဲ့ မေးခွန်းတွေ စိန်ခေါ်ချက်တွေက မင်းတို့ မြန်မာတွေ ဘယ်လောက်များများ စုစည်းပြီး လာမှာလဲ။ မင်းတို့ လုပ်နိုင်ပါ့မလား။ လုံခြုံရေးအရ စိတ်ချရပါ့မလား။ စည်းကမ်းရှိပါ့မလား။ ဆန္ဒပြတာတွေ ဆူပူတာတွေကောဖြစ်မှာလားဆိုပြီး စိုးရိမ် တဲ့ မေးခွန်းတွေကို ကျနော်တို့တတွေ ရင်ဆိုင်ကြရတယ်။ အဲသည်လို မေးခွန်းတွေ အကန့်အသတ်တွေကို ရင်ဆိုင်ကျော်လွှားပြီး
တော့မှဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲတွေကို အောင်မြင်အောင် လုပ်ခဲ့ကြရတာ ဖြစ်တယ်ဆိုတာကို လည်း ဖြည့်စွက်ပြီး ပြောပြချင်ပါတယ်။
ဖြေ။     ။ ဟုတ်ပါတယ်။ ကျနော်တို့ ကြားပါတယ်။ ဒါတွေက အမေရိကန်ပြည်ရောက်နေတဲ့ မြန်မာကွန်မြူနီတီအတွက် အတွေ့ အကြုံသစ်တွေရတယ်၊ သင်ခန်းစာအသစ်တွေ ရတယ်လို့လည်း ခင်ဗျားတို့တွေ ဖက်ကလည်း ပြောနိုင်တာေ ပါ့။ နောင်ခရီးစဉ်
တွေ နောင် ပြည်ပနိုင်ငံတွေသွားကြမယ်ဆိုရင် ကျနော်တို့ ခေါင်းဆောင်တွေ၊ တာဝန်ခံတွေဖက်ကလည်း ကြိုတင် ပြင်ဆင် သိရှိ ထားဖို့ အချက်အလက်တွေ ရတယ်လို့လည်း ပြောနိုင်ပါတယ်။ ကျနော်တို့ဖက်က သဘောပေါက်ပါတယ်။
မေး။     ။ နောက်တခုကတော့ ဆရာပြောသလိုပေါ့လေ ပြည်ပရောက်နေတဲ့ အဝေးရောက်နေတဲ့ ပြည်သူတွေနဲ့ ဆက်ဆံရေးတို့၊ ဆက်စပ်မှုတို့အတွက် ပထမဦးဆုံး စတင်လိုက်တဲ့ ခရီးပေါ့လေ။ အခုလိုမျိုး အနှစ် ၂၀ ကျော်မှ တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ ခရီး၊ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခရီး ဖြစ်တယ်။ အဲသည်မှာ ဆရာပြောသလို အဝေးရောက် အင်န်အယ်ဒီတွေတင် မဟုတ်ဘူး၊ အဝေးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေတင် မဟုတ်ဘူး၊ အဝေးရောက်မြန်မာ ကွန်မြူနီတီ မှာကဒုတိယမျိုးဆက်သစ်တွေ၊တတိယမျိုးဆက်တွေအထိကိုကျယ်ပြန့်နေပြီ။သူတို့လူငယ်မျိုးဆက်သစ်တွေ၊ကာလသားကာလသမီး
တွေဆိုတာကလည်း မြန်မာပြည်အတွက်ထမ်းဆောင်မယ့် အင်အားတွေ ဖြစ်တယ်။ သူတို့တွေရဲ့ အင်အားတွေ မျှော်လင့် ချက်တွေ ကိုလည်း အမေရိကန်ပြည်ထောင်စု ဒေါ်စုခရီးစဉ် တွေ့ဆုံပွဲတွေမှာ အများကြီး တွေ့ရတယ်။ အဲဒါကိုလည်း ပြောချင်ပါတယ်။
ဖြေ။     ။ ဟုတ်ကဲ့ပါ။ ဒါကတော့ အဝေးရောက်မြန်မာမိသားစုတွေရဲ့ အင်အားတွေ၊ ၀န်းရံမှုတွေ၊ ထောက်ခံမှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့တတွေက သိရှိရပါတယ်။ အသိအမှတ်ပြုပါတယ်။ သင်ခန်းစာယူစရာတွေ ရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါတွေ ဟာ ပြည်တွင်းက စည်းရုံးရေးအတွက်၊ ပရိသတ်တွေ၊ ပါတီအင်အားတွေအတွက်လည်း ချိန်ထိုးပြီး စဉ်းစားကြရမယ်လို့ လည်း ပြောချင်ပါတယ်။
(ဓာတ်ပုံ – ၀ါရှင်တန်ဒီစီ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ မြင်ကွင်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် စင်မြင့်နှင့် ဧည့်ပရိသတ်မှာ ကစားကွင်းကြီးတခုခြားပြီး တွေ့ဆုံခဲ့ရသည့် မြင်ကွင်းဖြစ်သည်)

No comments:

Post a Comment

My Blog List