Sunday, October 14, 2012

ရွှေဂုံတိုင် လမ်းဆုံအနီး ယာဉ် လေးစီးတိုက်မှု ဖြစ်

 ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲကျော်ခန့်က ယာဉ်လေးစီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာအနည်းငယ်စီရရှိကာ ကားနှစ်စီး အနည်းငယ် ပျက်စီး
ပြီး လမ်းဘေး ဓါတ်တိုင်တတိုင် ပြိုလဲသွားသည်။

အုတ်ခဲများ တင်ဆောင်လာပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း ဦးကတုံး
မောင်းနှင်လာသော ကုန်တင်ယာဉ်အမှတ် ၁က/၂၆၄၇ သည် ရွှေဂုံတိုင်လမ်းဆုံအနီး ကမ္ဘာအေးဘုရား လမ်းနှင့် ဓမ္မ စေတီလမ်း မီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ လမ်းဘေးပလက်ဖောင်းပေါ်ရှိ ဓါတ်တိုင် ကို ဝင်တိုက်ပြီးနောက် ရွှေဂုံတိုင် မီးပွိုင့်တွင် ရပ်နားထားသော ဆလွန်းကားသုံးစီးကို ဆင့်ကဲတိုက်မိပြီးမှ ရပ်တန့်သွားသည်။

“ကျနော့် ကားက မီးပွိုင့်မိလို့ ရပ်ထားတာ နောက်ကနေ ဆူညံသံတွေ ကြားလိုက်ရတော့ လှည်ကြည့်တာ ကုန်တင်ကား တစီး ပလက်ဖောင်းပေါ် တက်ပြီး တခြမ်းစောင်း မောင်းလာတာ တွေ့လိုက်ရတဲ့ အချိန်မှာပဲ ကားက ဓါတ်တိုင်ကို တိုက်လိုက်တာ ဓါတ်တိုင်က လဲပြီး ကျနော့်ကား စက်ဖုံးပေါ် လာကျတယ်” ဟု ဆူပါ ဆလွန်း အငှားယာဉ်မောင်း က ပြောသည်။

“တော်သေးတာပေါ့ဗျာ ဓါတ်တိုင်ကကားခေါင်မိုးပေါ်မကျလို့ကားနောက်ခန်းမှာလည်းခရီးသည် နှစ်ယောက် ပါလာသေးတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ပျက်စီးမှုအများဆုံးဖြစ်ခဲ့သော တိုယိုတာကယ်ဒီနားအငှားယာဉ်မောင်း ဖြစ်သူ ဦးဝင်းနိုင်က “ကျနော့်ကားကို နောက်ကနေဝင်တိုက်လိုက်တော့ ကားကလည်ထွက်သွားတယ်။ တိုက်မိမိ ချင်း ကျနော့်စိတ်ထင် ကားတောင် ပက်လက်လန်သွားမယ် ထင်ခဲ့တာ” ဟု ဆိုသည်။

“ကားပေါ်မှာတော့ ခရီးသည် မပါပါဘူး။ ကားက အသစ်စက်စက်ပဲရှိသေးတာ ကျနော်က အငှားမောင်း တာပါ။ ပိုင်ရှင်နဲ့တော့ ပြဿနာ တက်တော့မှာပဲဗျာ” ဟု ဦးဝင်းနိုင် က ညည်းငြူသည်။

ကုန်တင်ယာဉ်သည် ဓါတ်တိုင်ကိုတိုက်ပြီး ဆူပါဆလွန်းကား ၄/က …. အငှားယာဉ်ကို ထပ်မံတိုက်မိပြီး
နောက် တိုယိုတာ ကယ်ဒီးနား ၅ ဃ/ .. အငှားယာဉ် နောက်ပိုင်းကို ဝင်တိုက်မိရာ တိုယိုတာကယ်ဒီနား ယာဉ်မှတဆင့်ရှေ့တွင်ရပ်ထားသော တိုယိုတာ ၁/င ကိုယ်ပိုင်ဆလွန်းယာဉ် ကို ဝင်တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အလုပ်သမားလေးဦး ဒဏ်ရာ အနည်းငယ် ရပြီး တိုယိုတာ ၁င/ ကိုယ်ပိုင်ဆလွန်းကားနှင့် ဆူပါဆလွန်း အငှားယာဉ်တို့မှာ ထိခိုက်မှု နည်းပါးသော် လည်း ၅ဃ/ အငှားယာဉ်မှာ ကားနောက်ပိုင်းနှင့် ယာဉ် ယာဖက်ဘေး ပျက်စီးသွားသည်။

“ကျနော်တို့ ကားက မောင်းလာတာ အရှိန် သိပ်မပြင်းပါဘူး။ မီးပွိုင့်မှာ ဘရိတ်ပေါက်ပြီး ယာဉ်မောင်းလည်း ဂီယာနဲ့ ကားကို အရှိန်ထိန်းဖို့ ကြိုးစားပေမယ့် ကုန်းဆင်း ဖြစ်တဲ့အတွက် ဂီယာထိုးလို့ မရဘူးဖြစ်နေလို့ ကားက ပလက်ဖောင်းပေါ်ကို တက်သွားတာ”ဟုကုန်တင်ကားပေါ်တွင်ပါလာသော ရွှေပြည်သာ မြို့နယ်နေ အလုပ်သမား ဦးနိုင် က ဆိုသည်။

ကုန်တင်ကားသည် ပလက်ဖောင်းပေါ်တက်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မိချိန်တွင် ယာဉ်ပေါ်တွင် ပါလာသော အလုပ်သမား ခုနှစ်ဦးအနက် လေးဦးမှာ ကြောက်လန့်တကြားဖြင့် ယာဉ်ပေါ်မှခုန်ချခဲ့ရာမှ ဒဏ်ရာ အနည်း ငယ်စီ ရရှိသွားခြင်း ဖြစ်သည်။

ဘရိတ်ပေါက်သွားသော ကုန်တင်ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အုတ်နီခဲများကို ဗဟန်းမြို့နယ်ရှိ
ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ တင်ဆောင်လာစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်အသွားအလာများပြားသော ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတားတစင်းတည်ဆောက်ရန် မြို့တော် စည်ပင်သာယာရေး ကော်မတီက Capital Development ကုမ္ပဏီကို တာဝန်ပေးထားပြီး ဖြစ်သော်လည်း ယခု အချိန်အထိ မြေစမ်းသပ် တိုင်းတာခြင်း လုပ်ငန်းကိုသာ လုပ်ကိုင်နေကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List