Wednesday, October 17, 2012

ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်ရန် စောင့်ဆိုင်းနေ

 

မြန်မာနိုင်ငံ၏ ရွှေဝါရောင်တော်လှန်ရေးအတွင်းက နိုင်ငံရေး လှုပ်ရှားသူများအတွက် အမှုလိုက်ပေးရင်း တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပုဒ်မ ၂၂၈နှင့် ထောင်ဒဏ် ၆လ အင်းစိန်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင် နိုင်ရန် စောင့်ဆိုင်းလျှက်ရှိသည်။

၎င်းအမှုကို အောက်တိုဘာလ ၁၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ပြစ်မှုအယူခံ အမှတ် ၂၄၉/၁၂ ဖြင့် ဦးစောကျော်ကျော်မင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုသည့် အယူခံဝင်စာကို ရန်ကုန် တိုင်းဒေသကြီး တရားရုံးတွင် စာတင်ခဲ့ခြင်းဖြစ်ကြောင်း အယူခံဝင်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်(မြို့မ)က ကေအိုင်စီသို့ ပြောသည်။
“ကျနော်က ဦးစောကျော်ကျော်မင်းကို ချထားတဲ့ပြစ်ဒဏ်ဟာ ဘယ်လိုမှ ဥပဒေနဲ့မညီပါဘူး။ လျှောက်တင် ချက်အရလည်း မှားနေပါတယ်ဆိုတာကိုပြောရမယ်။ သူတို့ဘက်က လက်ခံတယ်ဆိုရင်တော့ နိုင်ငံတော် ဘက်ကနေ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် လက်aထာက်ညွှန်ကြားရေးမှူးနဲ့ ကျနော်တို့ တစ်ယောက်တဖက် ပြောရမယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် ရှေ့နေစောကျော်ကျော်မင်း အယူခံစာတင်နိုင်ရေးအတွက် ရှေ့နေ ဦးညီညီထွေးနှင့် ဦးအောင်သူရိန်ထွန်းတို့မှ အချက်အလက်များနှင့်တကွ လိုအပ်သည်များကို လိုက်လံလုပ်ဆောင်ပေးမည်ဟု ဦးသန်းထွန်း အောင်(မြို့မ)က ဆက်ပြောသည်။
ဆက်လက်၍ အယူခံဝင်ရမည့်အမှုများကို အပတ်စဉ် သောကြာနေ့တိုင်းတွင် ရန်ကုန်တိုင်းတရားရုံးရှေ့ တွင် ဖော်ပြထားပြီး ရှေ့နေ စော ကျော်ကျော်မင်း၏ အယူခံဝင်ရမည့် အမှုပါလာခဲ့ပါက တရားရုံးမှ သတ်မှတ်ဖော်ပြထားသည့် နေ့ရက်တွင် သွားရောက်အယူခံဝင်ရမည်ဟု သိရသည်။
လက်ရှိအချိန်၌ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရသည့် စောကျော်ကျော်မင်းကို မိသားစုဝင်များ သာ ထောင်ဝင်စာ သွားရောက်တွေ့ဆုံနိုင်ပြီး အယူခံဝင်ပေးမည့် ရှေ့နေအနေဖြင့် တွေ့ခွင့်မရကြောင်းနှင့် မကြာသေးမီက မတရားသဖြင့် တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ စောကျော်ကျော်မင်း၏ စာတိုလေးတစ်
စောင်အား ၎င်းလက်ခံရရှိခဲ့ကြောင်း ရှေ့နေ ဦးသန်းထွန်းက ဆိုသည်။
ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့တွင် ရှေ့နေစောကျော်ကျော်မင်း သည် တရားရုံးကို မထီမဲ့မြင်မှု ပုဒ်မ ၂၂၈အရ ထောင်ဒဏ် ၆လ ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် တရားရုံးမှ အရေးယူထောင်ချလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP) ၏ မှတ်တမ်းအရ သိရသည်။
စောကျော်ကျော်မင်းသည် မတရားစွဲဆိုချက်ဖြင့် အဖမ်းအဆီးမခံနိုင်သဖြင့် ၂၀၀၈ ဒီဇင်ဘာလဆန်း ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယမန်နှစ် သြဂုတ်လက ပြည်ပရောက် မြန်မာ
နိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လာကြရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်ကြောင့် ၂၀၁၂ခုနှစ် ၊ ဖေဖော်ဝါရီလက ပြည်တော်ပြန်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List