Wednesday, October 17, 2012

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား
တူမောင်ညို၊ ၁၆ အောက်တိုဘာ၊ ၂၀၁၂

“ပြည်သူ့ဆန္ဒ” နဲ့ပတ်သက်လာရင် ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရသဘောထားပုံက အနည်းဆုံး ၃ မျိုး
လောက်ရှိပုံရတယ်။

          - လုံးဝအသိအမှတ်မပြု ငြင်းပယ်ရမယ့် “ပြည်သူ့ဆန္ဒ”
          – တစ်စိတ်တစ်ပိုင်း သို့တည်းမဟုတ် တစ်ဝက်တစ်ပျက်သာအသိအမှတ်ပြုရမယ့် “ပြည်သူ့ဆန္ဒ”
          – သူတို့ စိတ်ကြိုက်စီမံဖေါ်စပ်ထားတဲ့ “ပြည်သူ့ဆန္ဒ”
ဒီထက် မကလည်းဖြစ်နိုင်သေးတယ်။  တစ်ချက်ချင်းစီကို ထင်ရှားတဲ့ သာဓကတွေနဲ့ ရှင်းလင်း တင်ပြပါမယ်။
၁။ လုံးဝအသိအမှတ်မပြု ငြင်းပယ်ရမယ့် “ပြည်သူ့ဆန္ဒ”
          အနီးအဝေးကာလ လက်တွေ့ဖြစ်ရပ်တွေထဲ ထင်သာမြင်သာအရှိဆုံးဖြစ်ရပ်အချို့ကို ထုတ်နုတ်ဖေါ်ပြလိုက်ပါတယ်။
          သာဓက  – လက်ပတောင်းကြေးနီးစီမံကိန်းရပ်ဆိုင်းရေး ဒေသတောင်သူလယ်သမားပြည်သူများ၏ ဆန္ဒ - လက်ပံတောင်းကြေးနီးစီမံကိန်းရပ်ဆိုင်းဖျက်သိမ်းရေးဆန္ဒပြမှု “နောက်ကွယ်မှာ ပယောဂ ပါတယ်” ဆိုပြီး သမ္မတဦးသိန်းစိန်ကိုတိုင်က ပြည်သူ့ဆန္ဒကို သေးသိမ်အောင်လုပ်ခဲ့တယ်။ ပါဝင်ဆန္ဒပြသူတွေကို ဖမ်းဆီး ခဲ့တယ်။
          သာဓက  – ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ချီတက်ဆန္ဒပြမှုနဲ့ ကချင်ပြည်နယ်ထိုးစစ်ရပ်ဆိုင်းရေး ပြည်သူများ၏ဆန္ဒ – ဦးဆောင်ပါဝင်သူများကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး၊ တရားစွဲဆိုခဲ့တယ်။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ကျောက်တိုင်ကို ခိုးကြောင် ခိုးဝှက်ဖယ်ရှားဖျက်ဆီးခဲ့တယ်။
          သာဓက  – ခပ်ဝေးဝေးက အကြောင်းတရားဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (တပြည်လုံးပြည်သူများဆန္ဒ) - (နဝတ) စစ်အစိုးရ ကျင်းပပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး
ကောက်ပွဲရလဒ်ကို အသိအမှတ်မပြု ငြင်းပယ်ခဲ့မှုဖြစ်ပါတယ်။ စစ်အစိုးရဟာ သူတို့ကိုယ်တိုင်ကျင်းပပေး ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို သူတို့ လုံးဝအသိအမှတ်မပြုဘဲ။ လျစ်လျူရှုခဲ့ကြပါတယ်။
၂။ တစ်စိတ်တစ်ပိုင်း သို့တည်းမဟုတ် တစ်ဝက်တစ်ပျက်သာအသိအမှတ်ပြုရမယ့် “ပြည်သူ့ဆန္ဒ”
သာဓက – ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးပြည်သူ့ဆန္ဒဖေါ်ထုတ်မှုကို တစ်ဝက်တစ်ပျက် ပဲလိုက်နာခဲ့တယ်။  ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ၅ နှစ်သက်တမ်းပဲ ရွေ့ဆိုင်းပေးခဲ့တယ်။ ပြည်သူ့ ဆန္ဒ ကို ဈေးဆစ်တာပဲ။ ဒီစီမံကိန်းကို အပြီးအပြတ် ရပ်ဆိုင်းဖျက်သိမ်းတာ မလုပ်ခဲ့ဘူး၊ ဒါဟာ ပြည်သူ့ဆန္ဒကို အပြည့်အဝလေးစား လိုက်နာခြင်းမရှိတဲ့ လက်တွေ့ဖြစ်ရပ်ပါ။
၃။ သူတို့ စိတ်ကြိုက်စီမံဖေါ်စပ်ထားတဲ့ “ပြည်သူ့ဆန္ဒ”
သာဓက ၁-  အထင်အရှားဆုံးကဖြစ်ရပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူမှုပဲဖြစ်ပါတယ်။
 ညောင်နှစ်ပင်ညီလာခံမှာ သူတို့ စိတ်ကြိုက်ချမှတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မအတည်ပြုခဲ့တဲ့ “လူထုဆန္ဒခံယူပွဲရလဒ်” ဖြစ်ပါတယ်။
မြန်မာပြည်သမိုင်းမှာ အဆိုးဝါးဆုံး၊ အကြီးမားဆုံးနစ်နာမှုဖြစ်တဲ့ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခံရတဲ့ ကာလအတွင်းမှာ  ပြည်သူ တွေကို စာနာထောက်ထားမှုမပြုဘဲ။ အတင်းအကြပ်အတည်ပြုခဲ့တာပါ။ နာဂစ်ကြောင့်သေဆုံးသူ ၇၇၇၃၈ ဦး၊ ပျောက်ဆုံးသူ ၅၅၉၁၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၉၃၅၉ ဦးရှိပါတယ်။ ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၇ ဘီလီယံမျှ ဆုံးရှုံးခဲ့ရပြီး၊ လူဦးရေ ၂ သန်းကျော်ကို အိုးမဲ့အိမ်မဲ့ဘဝချက်ချင်းကျရောက်သွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ပါတယ်။
 အဲဒီတုန်းက(နအဖ)စစ်အစိုးရ၊ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်က “ဝဋ်ကြွေး” ရှိလို့ ခံရတာပဲဆိုပြီး လူစိတ်ကင်းမဲ့စွာ မှတ်ချက် ချပြောဆိုခဲ့တဲ့စကားကို မှတ်မိနေကြဦးမှာပါ။
သာဓက ၂ – လက်တလောဖြစ်ရပ်ဖြစ်တဲ့ “OIC ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့်မပြု” ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
OIC ဆိုတဲ့စကားလုံးက တူရကီနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ရောက်ရှိလာတဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့မှာ  စတင်ကြားသိလာခဲ့ကြတာပါ။ တူရကီနိုင်ငံခြားရေးဝန်ကြီး နဲ့အတူ တူရကီ ဝန်ကြီးချုပ် ကတော်လည်းပါလာပါတယ်။ အဲဒီခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်ပြောခဲ့တာတွေဟာ  “OIC အတွင်းရေးမှူး မြန်မာနိုင်ငံလာရောက်ဖို့ဖိတ်ကြားခဲ့တာတွေ၊ OIC အစည်းအဝေးမှာ ရခိုင် ကိစ္စ ထပ်မံရှင်း လင်းပြပေးဖို့၊  မိထ္ထီလာနဲ့သရက်မှာရှိတဲ့ တူရကီစစ်သင်းချိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့” စတဲ့ လောကွတ် တွေနဲ့ ရွှန်းရွှန်းဝေနေခဲ့တာပါ။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၂) နဲ့  ဒေါက်တာမျိုးမြင့်၊ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) သာသနာရေးဝန်ကြီးဌာန၊ ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ “စုံစမ်းစစ်ဆေးရေး ကော် မရှင်” ဖွဲ့စည်းပေးခဲ့တာပါ။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ OIC  နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ နားလည်မှုစာချွန်လွှာ MoU ထိုးခဲ့ကြတာပါ။ မင်တောင်ကောင်းကောင်းမခြောက်သေးပါဘူး။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင်  “ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့် OIC ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်ပြုမည်မဟုတ်” ဟုဆိုနေပြန်ပြီ။
ပြည်သူ့ဆန္ဒနဲ့ကိုက်ညီမှုရှိ/မရှိ ဆိုတဲ့အချက်ကို MoU ရေးထိုးစဉ်က သမ္မတနဲ့ အစိုးရအဖွဲ့ ဟာ ပြည်သူ့ဆန္ဒကို ဘာကြောင့် အလေးထားထည့်သွင်းမစဉ်းစားခဲ့ခြင်းမရှိခဲ့တာလဲ။
သာဓက ၃- အရှင်ဂန္ဘီရတို့ ဦးဆောင်ဆန္ဒပြတဲ့ သံဃာလှုပ်ရှားမှုကို (နအဖ) စစ်အစိုးရ ကနဲ့လက်ရှိသမ္မတဦးသိန်းစိန်အစိုးရက အကြမ်းဖက်ဖြိုခွဲပြီး၊“ဒုဗ္ဗစရဟန်း”လို့သမုတ်ပါတယ်။ အရှင်ဝီရသူ တို့ရဲ့ “သမ္မတဦးသိန်းစိန်အပြောကို ထောက်ခံတဲ့ဆန္ဒပြမှု” နဲ့ ခွင့်ပြုချက်မယူဘဲ မန္တလေးက သံဃာဆန္ဒပြ မှုတွေကိုတော့ မျက်စိမှိတ်ခွင့်ပြုထားတယ်။ ဒါဟာ သံဃာအချင်းချင်း ဂိုဏ်းခွဲတဲ့ လုပ်ရပ်ဖြစ်ပါ တယ်။ ဒေဝ ဒတ် လုပ်နည်းလုပ်ဟန်ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် “ပြည်သူ့ဆန္ဒ” ဆိုတဲ့စကားလုံးကို (နအဖ) စစ်အစိုးရပဲဖြစ်ဖြစ် ၊ လက်ရှိ ဦးသိန်းစိန် စစ်အစိုးရပဲဖြစ်ဖြစ် သူတို့ အကျိုးစီးပွားကိုဖုံးကွယ်ဖို့နဲ့ လှည့်စားအသုံးချဖို့နေရာ မှာသာ ပြောဆိုသုံးစွဲနေ တာဖြစ်ပါတယ်။ သူတို့ဆန္ဒ/သူတို့အကျိုးစီးပွားတွေကို “ပြည်သူ့ဆန္ဒ” ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပြီး အသုံးချ
နေတာသာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူကပဲဖြစ်ဖြစ် “ပြည်သူ့ဆန္ဒ”လို့ ပြောလာရင် သတိရှိကြပါ။ခွဲခြမ်းစိတ်ဖြာကြည့်ကြ ပါလို့ ပန်ကြားပါတယ်။

No comments:

Post a Comment

My Blog List