Wednesday, October 17, 2012
သက်ဝင်းအောင်အတွက် စာ
သက်ဝင်းအောင်အတွက် စာ
ဒီကနေ့ ၂၀၁၂ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ဟာ ကိုသက်ဝင်းအောင်ရဲ့ အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့တာ ၆ နှစ်ပြည့်ဖြစ်ပါတယ်။ ကိုသက်ဝင်းအောင် ကွယ်လွန်ပြီးနှစ်ရက်အကြာက ကျနော်ရေးခဲ့ တဲ့ အမှတ်တရ ဆောင်းပါးတပုဒ်ပါ။
အဖြူရောင်မြစ်တစင်း၏ စီးဆင်းမှု
(၁)
ညီလေးရေ ..
အသက်အရွယ်နဲ့မမျှအောင် အာဏာရှင် ပါးကွက်သားတွေရဲ့ ရက်စက်မှု တွေကို နောက်ဆုံး အချိန် အထိ အံတုရင်း လူ့ဘ၀ကို ကျောခိုင်းသွားရတဲ့ ညီလေးရေ.. ။
ဘဝအမောတွေကို ဖြတ်သန်းရတာခါးသီးလွန်းလာလို့ အပြီးအပိုင်အနားယူသွားတာလား ညီလေး..
အကိုတော့ ‘တောက်’တချက် ခပ်ပြင်းပြင်းခေါက်မိတယ်။ 
ဒါ ကံကြမ္မာမဟုတ်ဘူး။ 
ဒါ တရားနဲ့ ဖြေရမယ့် ကိစ္စမဟုတ်ဘူး။
ဒါ မေ့ပစ်ရမယ့် ကိစ္စမဟုတ်ဘူး။
ဒါ သင်ပုန်းချေရမယ့် ကိစ္စမဟုတ်ဘူး။ 
ဒါ … မဟုတ်ဘူး။
ဒါ လူသတ်မှု။ စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့တဲ့ လူသတ်မှု။ ရက်ရက်စက်စက် သွေးအေးအေးနဲ့ သတ်တဲ့လူသတ်မှု။ တရားခံတွေကို လက်ပူးလက်ကြပ်မိရက်နဲ့ ဖမ်းဆီးအရေးယူခွင့် မရနိုင်သေးတာ ကိုတော့ အကို့တို့ကို ခွင့်လွှတ်ပါ ညီလေး။
ညီလေးလိုအပေါင်းအသင်းအပေါ်သံယောဇဉ်ကြီးတဲ့၊ကူညီချင်စိတ်အပြည့်ရှိတဲ့၊သဘောထား   နူးညံ့ပျော့ပျောင်းတဲ့၊ လူတွေအပေါ်မှာ စာနာနားလည်တတ်တဲ့ ညီလေးလိုလူတယောက် ဆုံးရှုံးလိုက်ရ တာကိုတော့ ကြေကွဲလို့ မဆုံးပါဘူး၊
အကို စဉ်းစားနေမိတယ်။ ညီလေးလို ကျောင်းသားလေးတယောက်ကို စစ်အုပ်စုက ဘာကြောင့် ဒီလောက်ကြောက်နေကြတာလဲ၊ အဖြေက ဒူးမထောက်အညံ့မခံဘူးဆိုတဲ့ ညီလေးရဲ့ ရဲရင့်တဲ့ စိတ်ဓာတ် ကို ကြောက်နေတာပဲ။ 
အချို့လူတွေကို ကျမ္မာရေးအခြေအနေသိပ်ဆိုးလာပြီဆိုရင် လျှော့ပေါ့သက်သာ (Medical Parole) နဲ့ လွှတ်တတ်ကြပါတယ်၊ ဒါဟာလည်း တရားခံဖြစ်မှာ လက်ညိုးထိုးခံရမှာမို့ပါ။ ညီလေးကိုကျတော့ ဘာကြောင့်မလွတ်ရတာလဲ၊ ငှက်ဖျားဒဏ် အကြီးအကျယ်ခံရတဲ့အတွက် အာရုံကြောတွေ တုန့်ဆိုင်းခဲ့ရ တာ၊ ကိုယ်အောက်ပိုင်းချိနဲ့ပြီး လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ခုံနဲ့ထောင်ဝင်စာတွေ့ရတာ။ ဒီထက် ဘယ်လောက်ထပ်ပြီး ဆိုးပေးရဦးမှာလဲ။ စစ်အုပ်စုကတော့ အခုလိုသေဆုံးရတဲ့အထိ ဆိုးပြဖို့ လိုတယ် လို့ တောင်းဆိုလိုက်တယ်ဆိုတာ အခုတော့ တကမ္ဘာလုံးက သိသွားစေပါပြီ။
(၂)
၁၉၉၇ခုနှစ်ဇွန်လကုန်လောက်မှာအကိုခေတ္တခိုအောင်းနေတဲ့နေရာကိုညီလေးတို့၃ ယောက် ရောက် လာခဲ့တယ်။ နေ့တိုင်းလိုလို ရေခပ်၊ ထင်းခွဲနေတာကို မြင်ယောင်နေမိတယ်။ ထမင်းဟင်း ချက်တဲ့နေရာ မှာလည်း ကူညီလုပ်ကိုင်ပေးနေတာကို အမှတ်ရနေမိတယ်။ ညဖက် သူများတွေ စကားကောင်းနေချိန်မှာ အခန်းထဲ ခြင်ထောင်ချပြီး တရားထိုင်နေတာတွေဟာ မမေ့နိုင်စရာတွေပါ။
ဒီလိုနဲ့ တိမ်းရှောင်နေရာက ဆက်လက်ထွက်ခွာဖို့ ဖန်တီးလာပါတယ်။ ဗြုန်းစားကြီး ထွက်ခွာရမယ် ဆိုတော့ ကမန်းကတန်း စီစဉ်ရတယ်။ တောလမ်းခရီးလျှောက်ရမှာတဲ့။ ဆန်ကျိုး၊ မိုးကာ၊ ဆား၊ အချိုမုန့်နဲ့ လမ်းမှာစားဖို့ ပေါ့ပါးတဲ့ စားစရာတွေကိုစီစဉ်တဲ့အခါမှာ ချွေးတလုံးလုံနဲ့ အလုပ်ရှုပ်နေတဲ့ ညီလေးရဲ့ပုံရိပ်ဟာ မျက်လုံးအိမ်ထဲ ထင်ကျန်နေဆဲပါ။
မျှော်လင့်ထားတာတဲ့ အဆပေါင်းများစွာ ကြမ်းတမ်းတဲ့ခရီး အတူလျှောက်ခဲ့ကြတယ်။
မြို့ပေါ်မှာကြီးပြင်းလာခဲ့တဲ့ တို့တတွေ အကြိမ်ကြိမ်အလီလီ လှည့်ပြန်ဖို့ စိတ်ကူးဝင်ခဲ့ကြတယ်။
တောတွေကိုဖြတ်၊ တောင်တွေကိုတက်၊ လျှိုတွေထဲဆင်း၊ ကိုင်းတောထဲတိုး၊ ချောင်းတွေကိုကျော်၊ မိုးရွာထဲ အမိုးအကာကင်းမဲ့စွာ အိပ်ခဲ့တာကိုလည်း ပြန်သတိရမိပါရဲ့၊ ၃ ရက်လောက် ဖြတ်သန်း လာခဲ့ပြီး တဲ့နောက် အဖော်တယောက် နေထိုင်မကောင်းဖြစ်လာလို့ ဓာတ်ဆားရေ အဆက်မပြတ်တိုက်ခဲ့တာလည်း ညီလေးပါပဲ။ နောက်ထပ်တယောက် အင်အားချိနဲ့လာတဲ့အခါ သူ့ရဲ့အဝတ်ထုတ်နဲ့ ဆန်ကျိုးကို ညီလေး ကူ သယ်ပေးခဲ့တယ်။ တယောက်စာတောင် မနည်းကြိုးစားပြီး လျှောက်ရတဲ့ခရီးမှာ တချက်မမဲ့ဘဲ နှစ်ယောက် စာဝန်ကိုထမ်းခဲ့တာမြင်ယောင်တိုင်း ညီလေးရဲ့ စေတနာနဲ့ ကူညီတတ်တဲ့စိတ်ကို လေးစားစွာ အသိအမှတ်
ပြုရပါတယ်။
ငါးရက်ခွဲ ခြေလျှင်ခရီးနှင်ခဲ့ပြီးတဲ့နောက် အကိုတို့ချစ်တဲ့ မြန်မာပြည်ကို ကျောခိုင်းတဲ့အချိန် “ငါပြန် လာခဲ့မယ် မြန်မာပြည်ရေ”လို့ ညီလေးကြွေးကြော်ခဲ့သေးတယ်နော်။
(၃)
ချင်းမိုင်မှာ အတူနေစဉ်ကာတွေမှာ အပြင်ကိုထွက်မလည်တတ်တဲ့အကျင့်၊ အကျီစားသန်၊ အရီ သန်ကြတဲ့ အတူနေသူတွေကြားမှာ စကားနည်းနည်း၊ ခပ်ပြုံးပြုံးနဲ့ခပ်လျှိုလျှိုသာ နေထိုင်တတ်တဲ့ အကျင့် ကလည်း တမျိုးထူးခြားစေခဲ့တယ်။ အိမ်မှာမတွေ့လို့ ညီလေးတယောက် အပြင်သွားတယ်ဆိုရင် ဝပ်အုန်
မောင်းဘုန်းကြီးကျောင်းမှာတရားသွားထိုင်တယ်ဆိုတာ ဘယ်သူမှ ဖြေစရာမလိုဘဲ သိနေကြတယ်။
ထိုင်းနိုင်ငံရောက်ပြီး ခြောက်လ ခုနှစ်လအကြာ ပြည်တွင်းပြန်ဝင်ချင်တယ်ဆိုတာကို အကိုတို့ကို တိုင်ပင်ခဲ့တယ်။ ကျောင်းသားထုအတွက်၊တိုင်းပြည်အတွက်အလုပ်လုပ်မယ်ဆိုရင် ကျောင်းသားထု၊ ပြည်သူ လူထုနဲ့ နီးနီးကပ်ကပ်နေရမယ်။ ပိုမိုထိရောက်မယ်ဆိုတဲ့ ညီလေးအတွေးအခေါ်ကိုလည်း လက်ခံပါတယ်။ ဒါပေမယ့် ညီလေးလို အကိုတို့ မစွန့်စားနိုင်ခဲ့တာကိုတော့ တမလွန်ဘဝကနေပဲ နားလည်ပေးပါကွာ။ သဘောထားနူးညံ့သူဖြစ်ပေမယ့် ဆုံးဖြတ်တဲ့အတိုင်း တကယ်စွန့်စားပြီး ပြည်တွင်းပြန်ဝင်သွားခဲ့တယ် ။ နောက်ဆုံးနှုတ်ဆက်ချိန်မှာ ကံကောင်းပါစေလို့ပဲ ပြိုတော့မယ့်မျက်ရည်ကို သိမ်းသစ်ရင်း ပုခုံးတချက် ပုတ် နှုတ်ဆက်လိုက်မိတယ်။
(၄)
ညီလေး အတွင်းပြန်ရောက်ပြီး ဆက်တိုက်ဆိုသလို ညီလေးရဲ့ လှုပ်ရှားမှုတွေ ကြားနေရတယ်။ မကြာခင် ၁၉၉၈ ခု စက်တင်ဘာလမှာ ကျောင်းသားထုရဲ့ လှုပ်ရှားမှုတခု ကြီးကျယ်စွာ ပေါ်ထွက်လာခဲ့ တယ်။ ကျောင်းသားထုကကနေ့ နိုင်ငံရေးအခြေအနေကို သည်းမခံနိုင်တဲ့အဆုံး လမ်းမပေါ်ထွက်လာ ခဲ့တယ်။ ပြည်သူ့လွှတ်တော်ခေါ်ယူရေးကြွေးကြော်သံတွေ ကျယ်ကျယ်လောင်လောင် လမ်းမပေါ်ဖိတ်စင် လာခဲ့တယ်။ ဒီလှုပ်ရှားမှုမှာ ညီလေးတယောက် ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါခဲ့တယ်ဆိုတာကို သိခဲ့ရ တယ်။
 ညီလေးကို ချင်းမိုင်မှာတွေ့ဘူးခဲ့တဲ့ နိုင်ငံခြားသူတဦးက လှည်းတန်းလမ်းဆုံ ဆန္ဒပြနေတဲ့ ကျောင်း သားထုရဲ့ရှေ့မှာ ညီလေးကိုတွေ့ခဲ့တယ်လို့ အကိုတို့ကိုလာပြောပြတယ်။ မရှေးမနှောင်း ညီလေးတယောက် အာဏာရူးတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်ဆိုတာ စိတ်မသက်သာစွာပဲ ကြားလိုက်ရတယ်။ သတင်းစာ ရှင်းလင်းပွဲကို စိတ်လှုပ်ရှားစွာ ကြည့်ဖြစ်ခဲ့တယ်။ ပြင်းထန်စွာနှိပ်စက်ခံရပြီးနောက် ရိုက်ထားတဲ့ ညီလေးရဲ့ ခပ်ထေ့ထေ့ ပြုံးနေတဲ့ပုံကို တွေ့လိုက်ရတော့ ညီလေးရဲ့ ခံနိုင်ရည်နဲ့ စိတ်ဓာတ်ကို အားကျမိတာအမှန်ပါ။ 
“ညီလေးရေ တောင့်ထား၊ လူကို ဖမ်းဆီးချုပ်နှောင်ထားပေမယ့် စိတ်ဓာတ်ကိုတော့ ချုပ်နှောင်ထား လို့ မရပါဘူး” လို့ စိတ်ထဲရေရွတ်နေမိခဲ့တယ်။
(၅)
၁၉၈၈ နောက်ပိုင်း အခြေခံကျောင်းသားဘဝမှာကတည်းက စစ်အာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ
ရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့တဲ့ ညီလေးဟာ နောက်ပိုင်း အခြေခံကျောင်းသားများသမဂ္ဂမှာ တွဲဘက်အတွင်းရေးမှုးဖြစ်လာတယ်။ ဒီအချိန်မှာ မန္တလေးကျောင်းသားထုညီလာခံ တက်ရောက်ခဲ့ပြီးအပြန် ၉လ လောက်စစ်ထောက်လှမ်းရေးရဲ့ဖမ်းဆီးချုပ်နှောင်ပြီးနှိပ်စက်ညှင်းပန်းမှုကိုခံခဲ့ရတယ်။ဒါပေမယ့် ကျောင်း သား လှုပ်ရှားမှုမှာ အဆက်မပြတ်စတမ်း လှုပ်ရှားတာကို ကြုံတွေ့ခဲ့ရတယ်။ 
အခုတကြိမ်အဖမ်းခံရချိန်မှာ စစ်အာဏာရူးတွေရဲ့ အာဃာတ ကြီးလွန်းလိုက်တာ လို့ ပြောရတော့ မှာပေါ့။ 
ကြည့်.. အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားတယောက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့လို့၊ ကျောင်းသားအရေးကိစ္စတွေကို ကြိုးကြိုးစားစားလုပ်ခဲ့လို့ ထောင်ဒဏ် ၅၂ နှစ်ဆိုတဲ့ ဆုလာဒ် ပေး သနားလိုက်သတဲ့။ သာမန်ကျောင်းသားငယ်တယောက် သာဆိုရင် တရားသူကြီးရဲ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အသံဆုံးတယ်ဆိုရင်ကိုပဲ အရုပ်ကြိုးပြတ်ဖြစ်လောက်ပါတယ်။ 
အဲဒီတရားရုံးမြင်ကွင်းကို အကိုမမြင်ရပေမယ့် အကိုယုံပါတယ်ညီလေး၊
အရုပ်ကြိုးပြတ်ဖြစ်ဖို့နေနေသာသာ ညီလေးဟာ မျက်နှာတောင် ပျက်မယ့်လူမျိုးမဟုတ်ပါဘူး၊ ဒါ.. အကိုက ညီလေးကို ပိုတွက်တာ မဟုတ်ဘူးဆိုတာ ညီလေးရဲ့ ထောင်တွင်း ဖြတ်သန်းမှုတွေက တကယ်ပဲ သက်သေပြခဲ့ပါပြီ။
စစ်ထောက်လှမ်းရေးအလိုကျ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်တွေအားလုံး ထောင် အာဏာပိုင်တွေက ဖိနှိပ်ကန့်သတ် လာတဲ့အခါ ညီလေး လုံးလုံးငုံ့မခံခဲ့ဘူးလေ။
အကျဉ်းသားအခွင့်အရေးတိုက်ပွဲတွေ၊ အပြင်နိုင်ငံရေးရဲ့ လိုအပ်ချက်တိုက်ပွဲတွေကို တပွဲပြီး တပွဲ တိုက်ရင်း ထောင်တွေအပြောင်းခံရ၊ ထောင်ထဲမှာ ထောင်ပြန်အချခံရနဲ့ ၅၂ နှစ်က အနှစ် ၆ဝ ဖြစ်ခဲ့ရတယ်။ 
အကို စိတ်ထဲက ရေရွတ်ခဲ့ဘူးတဲ့ စိတ်ဓာတ်ကို ချုပ်နှောင်ထားလို့မရဘူးဆိုတာ ကို ချေဖျက် လိုက်သလိုပါပဲ၊ ဒါဟာ စိတ်ဓာတ်ကို ရိုက်ချိုးပစ်လိုက်တဲ့လုပ်ရပ်ပါပဲ။ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ အမြင့်ဆုံး ညှင်းပန်းနှိပ်စက်တာပဲမဟုတ်လား။ ဒါတင်မကျေနပ်နိုင်သေးဘဲ မိသားစုနဲ့ဝေးလံခေါင်သီ လွန်း တဲ့ မြန်မာနိုင်ငံ အစွန်အဖျားနေရာတွေကို ရွှေ့ပြောင်းခဲ့တယ်။ အင်းစိန်၊ မန္တလေး၊ ကလေး၊ ခန္တီး၊ မန္တလေး၊ ကလေး၊ မန္တလေးစတဲ့ထောင်အသီးသီးကို တနှစ်တကြိမ်လောက် ပြောင်းရွှေ့နေတော့ ညီလေး ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ အကို နားလည်ပါတယ်။ ဒါပေမယ့် ဒင်းတို့ကတော့ ကျေနပ်နေမှာပေါ့၊
(၆)
အကိုတို့လည်းညီလေးအတွက်စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်လှုပ်ရှားမှုတွေစဉ်ဆက်မပြတ် ပြုလုပ်ပေး ခဲ့ပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတကာမှာရှိတဲ့ ညီလေးရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ၊ စွန့်လွှတ်စွန့်စားမှုတွေ အနစ်နာခံမှုတွေ စာနာနားလည်တဲ့ အဖွဲ့အစည်းတွေကလည်း ညီလေးလွတ်မြောက်ရေးအတွက် အားတက် သရော ကြိုးစားကြပါတယ်။ 
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တက္ကသိုလ်ကောလိပ်များလည်း ပါတာပေါ့။ 
ပြင်သစ်နိုင်ငံမှာ လက်မှတ်ရေးထိုးတောင်းဆိုတာတွေလုပ်ခဲ့တယ်။ အင်္ဂလန်နိုင်ငံက တက္ကသိုလ် တခုကလည်း သူတို့ ကျောင်းသားသမဂ္ဂရဲ့ ဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌအဖြစ် ဂုဏ်ပြုခဲ့ပြီး ညီလေးရဲ့ ဓာတ်ပုံကို သူတို့ရဲ့တက္ကသိုလ်မှာ အထင်အရှားချိတ်ဆွဲထားတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က သြစတေး လျှင်ငံက မြန်မာရေးရာစိတ်ဝင်စားသူတွေက ညီလေး လွတ်မြောက်ရေးအတွက် အားကောင်းတဲ့ လှုပ်ရှားမှု တခု လုပ်ခဲ့ကြတယ်။ ဒါတွေကို ညီလေးသိချင်မှ သိမှာပါ။
(၇)
ညီလေးဟာ တကယ်တမ်းကျတော့ အနားယူသွားတာမှ မဟုတ်တာ။ 
ညီလေးရဲ့ ဘဝတလျှောက်လုံးမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ တစက္ကန့်မှ အနားမယူခဲ့သလို အခုလည်း ညီလေးအနားယူသွားတာ မဟုတ်ဘူး၊ နောက်ဆုံးထွက်သက် အထိ ဒူးမထောက်စတမ်း တိုက်ပွဲဝင်သွားတာပဲ၊ တကယ်ဆိုရင် ညီလေးချစ်တဲ့ အမိမြန်မာပြည် ဒီမိုကရေစီ မရမချင်း ညီလေးရဲ့ တော်လှန်ရေးဝိညဉ်ဟာ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း တထပ်တည်း ဆက်လက်ရှင်သန် ဆက်လက်တိုက်ပွဲ ဝင်နေမယ်ဆိုတာ သေချာပါတယ် ညီလေးရေ.. 
၂ဝဝ၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မန္တလေးအကျဉ်းထောင်အတွင်း ကျဆုံးသွားသော ညီလေး သက်ဝင်းအောင် အတွက် အမှတ်တရ …
No comments:
Post a Comment
My Blog List