Tuesday, August 14, 2012

ထာဝရငြိမ်းချမ်းရေး ထာဝစဉ်ဝေးနေမှာလား (Tu Maung Nyo)

 

ထာဝရငြိမ်းချမ်းရေး ထာဝစဉ်ဝေးနေမှာလား

တူမောင်ညို ၊ သြဂုတ် ၁၄၊ ၂၀၁၂
(ကျနော်မိတ်ဆွေနဲ့ကျနော် “ထာဝရငြိမ်းချမ်းရေး”ကိစ္စ အမြင်ဖလှယ်ခဲ့ကြပါတယ် ၊ မိတ်ဆွေများလည်း စိတ်ပါဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် ဝေငှလိုက်ပါတယ်)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၂) အစည်းအဝေးမှာ ပြောတဲ့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရဲ့ အမှာစကားကို ခင်ဗျားဖတ်ပြီးရောပေါ့။
ဟုတ်ကဲ့၊  ပြောပါဦးဗျ ခင်ဗျားသဘောထားအမြင်၊ ကြားပါရစေ။
သမ္မတတွေရွေးကတည်းက သမ္မတတွေထဲမှာ တိုင်းရင်းသားထဲက သမ္မတ (၁) ဦးတော့ပါသင့်တယ်ဆိုတဲ့ အသံထွက်ပေါ်ခဲ့တယ်။ ခင်ဗျားမှတ်မိမှာပါ။ လက်တွေ့ရွေးချယ်လိုက်တော့လည်း ဒုတိယသမ္မတအဖြစ် ဒေါက်တာစိုင်းမောက်ခမ်း အရွေးချယ်ခံခဲ့ရတယ်လေ။  ဒေါက်တာစိုင်းမောက်ခမ်းက ကြံ့ခိုင်ရေးပါတီ( USDP) ကပဲဗျ။
ဟုတ်တယ်လေ။ တိုင်းရင်းသားထဲက ဒုတိယသမ္မတ ဖြစ်လာတာတာနဲ့ဘာထူးနိုင်မှာလဲလို့ဗျ။ သူ့ပါတီရဲ့ဆုံးဖြတ်ညွန်ကြားတဲ့ အတိုင်းလိုက်ပါဆောင်ရွက်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နဲ့ အခြားသော တည်ဆဲဥပဒေဘောင်ထဲကနေ လုပ်ဆောင်ရမှာပဲမဟုတ်လား။  သမ္မတနဲ့ဒုတိယသမ္မတ (၂) ဦးဟာ ကြံ့ခိုင်ရေးပါတီ ကပဲဖြစ်ပါတယ်။
မှန်တာပေါ့ဗျာ။ ကျနော်ပြောချင်တာအဲဒီအချက်ပါပဲ။ တိုင်းရင်းသားထဲက ဒုတိယသမ္မတဖြစ်လာရုံနဲ့ ကိုယ်ဖြစ်ချင်တဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေဖြစ်မလာနိုင်ဘူးဆိုတာကိုပြောချင်တာပါ။ အခုပဲကြည့်လေ။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟို ကော်မတီထံအချိန်နဲ့တစ်ပြေးညီ တင်ပြအစီရင်ခံရမယ်။ အဆုံးအဖြတ် အားလုံးကို ဗဟိုကော်မတီကပေးမှာဗျ။
ဒါကတော်တော်ကောင်းတဲ့အချက်ပဲဗျ။ အဆုံးအဖြတ်ပေးနိုင်မှာက သမ္မတကြီးပဲလေ။ တိုက်ရိုက်ဆုံးဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်ကတစ်ခါထဲဆုံးဖြတ်ပေးလိုက်တော့ လုပ်ငန်းပိုမိုမြန်ဆန်တာပေါ့။
“ပင်လုံကဲ့သို့ညီလာခံကြီး”ဆိုတဲ့ စကားလုံး ထည့်မပြောတော့ဘူးဗျ။ သူတို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းစဉ်အဆင့်(၃)ဆင့်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) လက်ခံ၊ လက်နက်စွန့်၊ နိုင်ငံရေးပါတီထောင် ကြဖို့ပဲပေါ့ဗျာ။ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက  ဒီအချက်ကို ရှင်းရှင်းလင်းလင်းပဲပြောထားတယ်ဗျ အခရာကျတဲ့အဆင့်က ဒုတိယအဆင့်ဖြစ်တဲ့ “ပြည်ထောင်စုအဆင့်ဆွေးနွေးခြင်း” ဆိုတာပဲဗျ။ ဒီအဆင့်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)လက်ခံ၊ လက်နက်စွန့်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှာ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ကြဖို့ပဲဗျ။
၂၀၀၈ ဖွဲ့စည်းပုံဆိုတာပြင်လို့ရတာပဲ။ ပြင်လိုက်လို့ အမေစုတောင် လွှတ်တော်ထဲ ရောက်နေပြီပဲ။ လက်နက်စွန့်၊ နိုင်ငံရေးပါတီထောင်ဖို့ဆိုတာ တိုင်းရင်းသားတွေဆန္ဒရှိမှ လုပ်လို့ရတဲ့ကိစ္စပဲဥစ္စာ။ အစိုးရအနေနဲ့ ဒီလို မျိုးတွေကို တစိုက်မတ်မတ်တိုက်တွန်းမှာမဟုတ်ပါဘူး။အခုဟာက ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေဘက်က ခိုင်လုံတဲ့ငြင်းပယ်ချက်မရှိဘဲ ငြိမ်းချမ်းရေးမယူဘဲနေရင် အစိုးရနောက်မှာ အမေစုနဲ့ အမေရိကန်ရှိနေပြီဆိုတာလဲ ကျွန်တော်တို့ထည့်သွင်းစဉ်းစားရတော့မယ်နော်။
တတိယအဆင့်ဆိုတဲ့ “ပြည်ထောင်စုလွှတ်တော်အဆင့်ဆွေးနွေးခြင်း” ဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ပြီး၊ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရပါမှ လွှတ်တော် တက်ခွင့်ရမှာလေ။ ဒီတော့ဗျာ အကြမ်းဖျင်း ပြောရရင်  ၂၀၁၅ နောက်ပိုင်းမှ ဖြစ်နိုင်မှာပေါ့ဗျာ။ ၂၀၁၅ ဆိုတာက နောက်ထပ်အထွေထွေ ရွေးကောက်ပွဲ ကျင်းပရမယ့် အချိန်ကာလ မဟုတ်လား။
ဒုတိယအဆင့်ကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ပါ့မလားဗျ။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု တွေက ဦးသိန်းစိန်အစိုးရ ဆွဲခေါ်နေတဲ့ လမ်းအတိုင်းပါသွားနိုင်သလားဗျ။
ပါမသွားနိုင်ဘူးလို့လည်း ဘယ်သူမှ ယတိပြတ် မပြောနိုင်ဘူးဗျ။ သူတို့လည်း ခင်ဗျားတို့ကျနော်တို့မြင်သလို မြင်နေတာပဲလေ။ သူတို့လည်း ပါးပါး နပ်နပ် လည်လည် ဝယ်ဝယ်ရှိသူတွေပါဗျာ။ သူတို့အတွက် စိတ်မပူပါနဲ့။ သူတို့မှာက ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင် လှုပ်ရှား နယ်မြေရှိတယ်ဗျ။ ကိုယ်ပိုင်လှုပ်ရှားနယ်မြေမရှိတဲ့သူတွေအတွက်သာ စိတ်ပူရမှာပါဗျာ။ ကိုယ်ပိုင်တပ်ရှိနေသရွေ့တော့ ငြိမ်းချမ်းရေးဆိုတာကို အလေးထားစဉ်းစားချင်မှာမဟုတ်ပါဘူး။ 
ဒီလိုပါဗျ။ တိုင်းရင်းသားအဖွဲ့ထဲက တချို့ပြောတာက အခုဆွေးနွေးရတာနဲ့ ယခင် (နဝတ-နအဖ) စစ်အစိုးရနဲ့ဆွေးနွေးရတာ မတူဘူးလို့ပြောနေလို့ပါဗျာ။ “ပုံသဏ္ဍာန်ခြင်းလည်း မတူဘူး၊ အခြေခံခြင်းလည်း မတူဘူး။ ဒီအစိုးရသစ်နဲ့အလုပ်လုပ်ရတာ အရင်အစိုးရတွေတုန်းကဆိုရင် စေ့စပ်ဆွေးနွေးပွဲလို့ပြောပေမယ့် သတ်မှတ်ချက် တွေချထားတယ်။ဟိုလိုဖြစ်ရမယ်၊ဒီလိုဖြစ်ရမယ်ဆိုတာတွေကိုသတ်မှတ်ထားတယ်။ အဲဒီဘောင်ထဲကိုဝင်ရင်ဝင်/ မဝင်ရင်ပြောစရာစကားမရှိဘူး။ အခုအစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ထွက်လာတဲ့ အစိုးရသစ် လက်ထက်မှာ စေ့စပ်ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ အခါကြတော့ ပွင့်ပွင့်လင်းပြောဆိုတာတွေ၊ ပြောဆိုခွင့် တွေပိုပြီးရှိလာတယ်”တဲ့ဗျ။ သူပြောတော့လည်းဟုတ်နေတာပဲ။ ဦးသိန်းစိန်အစိုးရနဲ့ ထိတွေ့ဆွေးနွေးနေတာက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နဲ့ အညီဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲမဝင်/ဝင်အောင် ဆွဲသွင်းနေတာပဲ မဟုတ် လားလို့  တွေးမိတယ်ဗျာ။
သူတို့သိပါတယ်ဗျာ။သိပ်ပြောမနေပါနဲ့။ “ပကတိအခြေအနေအရ နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေးရရှိမှု၊မရရှိမှုအပေါ်တွင် လုံးဝမူတည်နေသောသဘောပါရှိနေသည့်အတွက်ငြိမ်းချမ်းရေးကို မည်သို့ပင် ဖြစ်စေရအောင်ယူမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာလမ်းမရှိဖြစ်နေပါကြောင်း” ဆိုပြီး ဒေါက်တာ စိုင်းမောက်ခမ်းက ပြောထားတယ်ဗျ။  နှစ်ပေါင်း ၅၀ ကျော် ငွေကုန်လူပန်းဖြစ်ခဲ့ပြီး တိုင်းပြည်လည်း LDC ဖြစ်ခဲ့ရတယ်တဲ့။
ဒေါက်တာစိုင်းမောက်ခမ်းပြောတာမှန်တယ်ဗျ။ သူတို့ရှမ်းပြည်နယ်မှာလဲ မအေးချမ်းတဲ့အတွေ့အကြုံ သူကိုယ်တိုင် ခံစားခဲ့ရတော့အခုသူအာဏာရှိလာတဲ့အခါမှာ သူတို့အစိုးရအနေနဲ့ အစွမ်းကုန်လိုက်လျောမှုပြုပြီး ငြိမ်းချမ်းရေးမရရအောင်ယူမယ့်သဘောရှိပါတယ်။ အဲလိုလိုက်လျောရက်သားနဲ့မှ တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကတင်းခံနေမယ်ဆိုရင် သူတို့အစိုးရအလွန်မဟုတ်တော့ဘူးဗျ။ ကိုယ့်အလွန်ဖြစ်သွားလိမ့်မယ်။ သူတို့ ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီဆိုတာ မေ့ထားလို့မရတဲ့ အမှန်တရားဖြစ်နေပြီ။
ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ကလဲ KIA တစ်ဖွဲ့ပဲကျန်တော့ပါတယ်။ကချင်လက်နက်ကိုင် တပ်မတော်(KIA) ဆိုတဲ့ဂုဏ်ပုတ်နဲ့ စီးပွားရေးလုပ်ငန်းတွေ မက်မောတွယ်တာ နေတာရယ်၊ ဒီမိုကရေစီနည်းကျ မလုပ်ချင်လို့ရယ်၊ ဒါတွေကြောင့်ပြည်တွင်းစစ်မီးမငြိမ်းခဲ့တာပါ။ပြည်တွင်းစစ်ပြဿနာ အခုလိုရှည်ကြာခဲ့ရတဲ့ အဓိကအကြောင်းရင်းဟာ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝ မစွန့်လွှတ်ချင်တဲ့အချက်ဟာ အဓိကအချက်ပဲ။ ဒါပေမယ့် ဒီအချက်တွေကို ဖုံးကွယ်ပြီး လက်ညှိုးထိုးလို့ကောင်းတာကတော့ စစ်အစိုးရ ဆိုတဲ့ပစ်မှတ်ကြောင့် ငြိမ်းချမ်းရေးမယူခဲ့တာလို့ပြောရင် လူတိုင်းသဘောကျတဲ့စကားလုံးဖြစ်နေတာကြောင့် ထာဝရ ငြိမ်းချမ်းရေး အလှမ်းဝေးနေခဲ့တာပါ။
အရှည်တည်တံ့ခိုင်မြဲစေမယ့်ငြိမ်းချမ်းရေးကိုKIA အနေနဲ့ တကယ်တမ်းရရှိလိုတယ် ဆိုရင်တော့ ပထမ အချက်ကသဘောထားမှန်ဖို့လိုပါတယ်။ ဒုတိယချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ ပါပဲဗျာ။စစ်ရေးနည်းဖြင့်ဖြေရှင်းမယ်၊လမ်းတံတားတွေကိုမိုင်းခွဲဖျက်ဆီးမယ်၊ ပြည်သူလူထုတွေကို အကြပ်ကိုင် နေမယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ဆိုတာ ထာဝစဉ်ဝေးနေမှာအသေအချာပါပဲဗျာ။

No comments:

Post a Comment

My Blog List