Thursday, August 16, 2012

ရခိုင်အရေး နိုင်ငံတကာရှုမြင်ပုံနှင့် ပြည်တွင်းလုံခြုံရေး


အစ္စလာမ်နိုင်ငံအချို့နှင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများ ရှိလာချိန်တွင် ကမ္ဘာပေါ်၌ အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်သော အင်ဒိုနီးရှားနိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတို့က ရခိုင်ဒေသတွင် မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိနေသည်ဟု စွပ်စွဲမှုများမှာ မဟုတ်မှန်ကြောင်း မကြာမီရက်ပိုင်းအတွင်းက ပြောကြားသည်။
ယင်းကဲ့သို့ ပြောဆိုမှုများ ထွက်ပေါ်လာပြီးချိန်တွင် ယခင်ရက်များက နိုင်ငံလုံခြုံရေးအပေါ် စိုးရိမ်မှုရေချိန်များ ကျဆင်းလာခဲ့ကြောင်း နိုင်ငံရေးသုံးသပ်သူတို့ကဆိုသည်။
“ဒီပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံကြီးနှစ်နိုင်ငံက ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ပြောကြားမှုတွေ ကြားတဲ့အချိန်မှာ တော်တော်လေး စိတ်သက်သာရာ ရသွားတယ်။ မဟုတ်ရင် ဒီပြဿနာက ထင်တာထက် ပိုခက်ပါတယ်”ဟု ၀ါရင့်နိုင်ငံရေးသမားတစ်ဦးကပြောသည်။
အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုက ရခိုင်-ရိုဟင်ဂျာ ပြဿနာသည် ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူအုပ်စုကြား ဖြစ်ပွားသည့် ပဋိပက္ခသာဖြစ်ပြီး အကြောင်းတိုက်ဆိုင်၍ ရိုဟင်ဂျာများက မွတ်ဆလင်များဖြစ်ကာ ရခိုင်များက ဗုဒ္ဓဘာသာဖြစ်နေခြင်းသာရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိနေသည်မှာ မမှန်ကြောင်း
သြဂုတ်လ ၄ ရက်က ၎င်း၏နေအိမ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အင်ဒိုနီးရှားသမ္မတက ထိုသို့ပြောကြားပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Patrick Ventrell က ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးတင်းမာမှုများကို အထူးစိုးရိမ်မိသော်လည်း OIC (Organization of Islamic Coroperation) အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသကဲ့သို့ ရခိုင်ဒေသတွင် မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်နေမှုများမှာမဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်။

“ဒီနိုင်ငံအနေနဲ့ကတော့ လုပ်စရာရှိတာ လုပ်ရမှာပဲ။ ဒီမှာဖြစ်နေတဲ့ အဖြစ်အပျက်မှန်တွေကို သိတဲ့အတွက် ဒီနိုင်ငံတွေက အမှန်တရားကို ကြေညာတာဖြစ်တယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့နောက်မှာ ဒီနိုင်ငံတွေရှိတယ်ဆိုတာ ပြတဲ့သဘောပဲ”ဟု စာရေးဆရာဦးကြည်မင်းက ၎င်း၏အမြင်ကိုပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေရမှုအပေါ် ပါကစ္စတန်အစိုးရနှင့် ပြည်သူများက အလေးအနက် စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ အလီဇာဒါရီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ယခုလ ၇ ရက်နေ့က စာရေးသားပေးပို့ခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ “ကျွန်တော် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ပြောရရင် အကြမ်းဖက်ဝါဒကို လက်ခံနိုင်စရာမရှိဘူး။ ဒါကို ကန့်ကွက်တယ်။ ဖြစ်လာရင်လည်း ခုခံသွားဖို့ အစီအစဉ်ရှိတယ်။ ဒီလို ပြည်ပက အဖွဲ့တွေက တောင်ပြောမြောက်ပြော ပြောနေတာဟာ ပြည်တွင်းမှာနေထိုင်တဲ့ အစ္စလာမ်တွေအတွက် တော်တော်ကို အနေအထိုင် ကျပ်တည်းစေတယ်”ဟု ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ကိုမြအေးက ပြောဆိုသည်။
ယခုနှစ် မေလနှောင်းပိုင်းတွင် ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များ၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို အကြောင်းပြု၍ ဇွန်လဆန်းပိုင်းက စတင်ကာ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ စတင်၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်နယ်မြို့တော် စစ်တွေမြို့တွင်ပါ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ အခြားဒေသများသို့ပါ ပျံ့နှံ့ရန် အခြေအနေ ပေါ်ပေါက်လာသဖြင့် ဇွန်လ ၁၂ ရက်မှ စတင်ကာ ပြည်ထောင်စုအစိုးရအဖွဲ့က ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ရခိုင်တိုင်းရင်းသား ၃၁ ဦးနှင့် ဘင်္ဂါလီလူမျိုး ၄၆ ဦး စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ပြီး ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ကာ အိမ်ပေါင်း ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ စာသင်ကျောင်းသုံးကျောင်း ပျက်စီးခဲ့ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုကြောင့် လူ ၆၀,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတကာမှ ရခိုင်ဒေသဖြစ်စဉ်အပေါ် အထင်လွဲမှား ရှုမြင်မှုများသည် နိုင်ငံခြားမီဒီယာအချို့မှ မှားယွင်းဖော်ပြခြင်းသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်လာသည်ဟု လေ့လာသုံးသပ်သူအချို့က ဆိုသည်။
ယနေ့ သတင်းမီဒီယာများတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များထက် ပုံကြီးချဲ့ဖော်ပြမှုများအတွက် စိတ်မကောင်းဖြစ်မိကြောင်း အင်တာနက်တွင် အစုလိုက်အပြုံလိုက် သေဆုံးမှုကို ဖော်ပြနေမှုများသည် မိမိနိုင်ငံမှ ဖြစ်စဉ်များ မဟုတ်ဘဲ အခြားနိုင်ငံမှ သေဆုံးမှုများကို မိမိနိုင်ငံတွင် ဖြစ်ပွားသည့်သဖွယ် ဖော်ပြနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလ ၉ ရက်တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်းများက အင်တာနက်ကို အသုံးပြု၍ မြန်မာနိုင်ငံနှင့် အစိုးရအပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
ဇူလိုင် ၂၀ ရက်တွင် တာလီဘန်အဖွဲ့မှလည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာပျောက်ကျားတပ်ဖွဲ့မှလည်းကောင်း၊ ဇူလိုင်လအတွင်းမှာပင် အယ်လ်ကိုင်ဒါ စစ်သွေးကြွအဖွဲ့မှလည်းကောင်း မြန်မာနိုင်ငံရှိ ပစ်မှတ်နေရာများကို ဖော်ပြ၍ ပစ်မှတ်ထားတိုက်ခိုက်ရန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း Asia Time သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် Islamic Defenders Front (FPI) နှင့် Jemaah Ashorut Tauhd (JAT) အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၃၀၀ ခန့်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်စာ ပို့ခဲ့သည့်နည်းတူ ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် TTP မှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
“ဘယ်သူကပဲ ခြိမ်းခြောက်ခြိမ်းခြောက် ဒါကမဖြစ်သင့်ဘူး။ လူမှုရေးကြောင့်ဖြစ်တဲ့ ပြဿနာက ဘာသာရေး၊ လူမျိုးရေးတွေကို ဘာမှမပတ်သက်ဘဲနဲ့ ဘင်္ဂါလီတွေ ကိုးကွယ်တဲ့ဘာသာဟာ အစ္စလာမ်ဖြစ်နေတာ။ ဒါကြောင့်ပဲ အရေးကိစ္စက အများအမြင်မှာ ပြောင်းလဲသွားတာ”ဟု မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်ကပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စာတမ်းတင်သွင်းသူ မစ္စတာကင်တားနားက ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များကို မိမိရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာက ရှင်းရှင်းလင်းလင်း ဖော်ထုတ်ရန်လိုပြီး တာဝန်ယူမှုရှိရန်လိုကြောင်း၊ ထို့ကြောင့် ယင်းစွပ်စွဲမှုများကို အရေးတကြီး ကိစ္စရပ်အနေဖြင့် အမှီအခိုကင်းသော၊ စိတ်ချယုံကြည်ရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံမှ မထွက်ခွာမီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ရခိုင်မှာ ဖြစ်တဲ့ကိစ္စမှာ ဘာမှမသိတဲ့သူတွေက ရခိုင်နဲ့ တစ်ဖက်က ၀င်လာတဲ့သူတွေ ဘာသာရေးအကြောင်းပြပြီး ဖြစ်တဲ့ပြဿနာလို့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တချို့နိုင်ငံတွေက အဖြစ်မှန်ကို ဖုံးကွယ်ပြီး တစ်ဖက်စောင်းနင်းပြောတယ်။ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အုပ်စုတွေကလည်း မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်တောင်းဆိုမှုတွေ လုပ်လာတာတွေကို အွန်လိုင်းကတစ်ဆင့် တွေ့လာရတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ၎င်း၏အမြင်ကိုပြောသည်။
ယင်းကဲ့သို့ ခြိမ်းခြောက်မှုများ ရှိနေသည်ကို မိမိတို့အစိုးရအဖွဲ့က သိရှိထားပြီး သံတမန်ရေးအရလည်းကောင်း၊ လုံခြုံရေးအရလည်းကောင်း လုပ်ဆောင်သင့်သည့် အရာများကို ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများကို ခေတ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက မိမိတို့နိုင်ငံတွင် လုံခြုံရေးအင်အား လုံလောက်စွာရှိပါကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောထားသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် လုပ်ရပ်များကို တားဆီးနှိမ်နင်းရန် ကမ်းခြေနှင့် မြစ်ကြောင်းလုံခြုံရေး ဆောင်ရွက်ရန်အတွက် ရေကြောင်းတပ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေပြီး ရန်ကုန်မြို့နှင့် အခြားဒေသများတွင်ပါ လုံခြုံရေးအဖွဲ့များ တိုးမြှင့်ဖွဲ့စည်းနေသည်ဟု သိရသည်။ ရန်ကုန်မြို့ရှိ လုံခြုံရေးဝန်ဆောင်မှု အေဂျင်စီများကိုလည်း မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က “ခြိမ်းခြောက်တိုင်းသာ ကြောက်နေရရင် နေစရာရှိမှာ မဟုတ်ဘူး။ အမှန်တရားကိုပဲ လိုလားတယ်။ အစွန်းရောက်မှုတွေကို ရှောင်ရှားသင့်တယ်”ဟုဆိုသည်။
နိုင်ငံတိုင်းတွင် လူမျိုးစုများ၊ ဘာသာကွဲများ တစ်ခါတစ်ရံ ပဋိပက္ခဖြစ်လေ့ရှိကြောင်း၊ မိမိတို့သည် ယခုဖြစ်စဉ်အား လူသားချင်း စာနာထောက်ထားမှုဖြင့် ရှုမြင်ပါကြောင်း၊ မြန်မာနိုင်ငံသည် အစ္စလာမ်သာမက အခြားဘာသာဝင်များပါ ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်သော နိုင်ငံဖြစ်ကြောင်းကို ပြသနိုင်သည့် နိုင်ငံဖြစ်သည်ဟု မိမိယူဆပါကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu က ယခုလ ၉ ရက်တွင် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ ကျွန်တော်တို့ တရားနည်းလမ်းတကျ ဆောင်ရွက်နေတာကို ဘယ်သူမှ ဘာမှပြောလို့မရပါဘူး။ နိုင်ငံတကာက ဖိအားမပေးနိုင်လောက်တဲ့ အခြေအနေမျိုး ဖြစ်အောင်တော့ သံတမန်ရေးအရ လုပ်ရပါမယ်”ဟု နိုင်ငံတကာ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည့်အပေါ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်ကပြောသည်။
“နိုင်ငံတကာအဖွဲ့အစည်းတွေ ၀င်လာတာကို လက်ခံလိုက်ရင်တော့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ထင်သာမြင်သာတဲ့ အနေအထားကို ပြနိုင်မယ်လို့ထင်တယ်”ဟုလည်း OIC ကဲ့သို့ အဖွဲ့အစည်းများ လာရောက်လေ့လာမည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဦးကျော်ခင်ကပြောသည်။
ယခုဖြစ်စဉ်များမှာ နိုင်ငံအချို့နှင့် အကြမ်းဖက်အဖွဲ့အစည်းများက စွပ်စွဲပြောဆိုသကဲ့သို့ ဘာသာရေးပဋိပက္ခမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများနှင့် ဒေသခံတို့အကြား ဖြစ်ပွားသည့်ပဋိပက္ခဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ယင်းဖြစ်ရပ်များကို လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းမှ ရှုမြင်ခြင်းမပြုဘဲ နိုင်ငံ၏ သမိုင်းကြောင်းနှင့် အမျိုးသားအကျိုးစီးပွားများကိုကြည့်၍ သိမ်မွေ့စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

My Blog List