Friday, August 17, 2012

ပထမအကြိမ်ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ၌ လီဆူ(တာဂေါ်)အကဖြင့် ပြိုင်ပွဲဝင်မည့် ကချင်ပြည်နယ်

ကချင်တိုင်းရင်းသားတို့၏ ပထမအကြိမ်ရိုးရာယဉ်ကျေးမှုပြိုင်ပွဲကြီးတွင် လီဆူ(တာဂေါ်)လူမျိုးစု အကဖြင့် ပြိုင်ပွဲဝင်မည်ဟု ကချင် ပြည်နယ် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘဏ္ဍရေး နှင့်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုသည်။

ပြိုင်ပွဲကျင်းပရေးညှိနှိုင်းအစည်းအဝေးတွင် ယခုနှစ် ကျင်းပမည့် (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်း သားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများနှင့်အတူ ပြည်နယ်အသီးသီး၌လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲများ ယှဉ်ပြိုင် ရ မည်ဟုဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါပြိုင်ပွဲကို ကချင်ပြည်နယ်တွင် အောက်တိုဘာ(၁)ရက်နေ့တွင် ကျင်းပမည်။ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လချိတ်၊ လောင်ဝေါ်၊ ဇိုင်ဝါး တို့ဖြစ်သည့် ကချင်တိုင်းရင်းသားလူမျိုးစု (၆)မျိုးမှ လီဆူကချင် လူမျိုးစု အကဖြင့် အားလုံးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
''ကချင်ယဉ်ကျေးမှု အဖွဲ့အကုန်ခေါ်လိုက်တယ်။ တာဂေါ်အက က သတ်မှတ်ထားတဲ့ ဘောင်ထဲမှာဝင်တဲ့အကဖြစ်တယ်။ သူက (၅ ၊ ၆) မိနစ်လောက်ရှိတယ်။ ဒီတာဂေါ်က ရဝမ်ကလွဲရင် ကျန်တဲ့ ကချင်လူမျိုးစုရဲ့ အကလည်း ဖြစ်တယ်လေ။ အဲ့တော့ လီဆူ ဆရာတွေကို ခေါ်ပြီးတော့ (၆) ဖွဲ့စလုံး ကို သူ့ရဲ့အခြေခံအကကို သင်ပေးရမှာပေါ့။ အဲ့ဒီအပေါ်မှာပဲ အကဖန်တီးရ မယ်။'' ဟု ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

လီဆူ(တာဂေါ်) အကပြိုင်ပွဲတွင် ကိုယ့်လူမျိုးစု ဝတ်စုံကိုသာ ဝတ်ဆင်၍ လီဆူအက ကရမည် ဖြစ်ပြီး နှစ်စဉ်ရိုးရာ ယဉ်ကျေးမှု အကများကို လူမျိုးစုအလေ့ကျ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

ထို့ပြင် ၄င်းပြိုင်ပွဲသည် ပထမဦးဆုံးကျင်းပရမည်ဖြစ်သဖြင့် ဆို၊ ရေး၊ တီးများ မပါဝင်သော်လည်း နောက်နှစ်များဝင် ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

'နောက်နှစ်ဆိုရင် လချိတ်ဝင်ပြိုင်မှာ အလှည့်ဆီပေါ့။ ဒါက ဒီနှစ်မှ စတယ်ဆိုတော့ ကျွန်မတို့လည်း လက်နိုင်ခြေနိုင်လုပ်ရတာပေါ့။ အကတစ်ခုတည်း၊ အတီးတွေက နောက်နှစ်လာမယ်။ဒါက ပထမဦးဆုံးဆိုတော့ မနိုင်မနှင်းဖြစ်မှာ စိုးလို့ပါ။' ဟု ဝန်ကြီးက ဆက် ပြောသည်။

ပြည်နယ်အသီးသီးမှ တိုင်းရင်းသားများသည် မိမိရိုးရာအကများကို မိမိပြည်နယ်တွင်သာ ပြိုင်ပွဲများ ပြုလုပ်ကျင်းပရမည်ဖြစ်ပြီး သက်ဆိုင်ရ ပြည်နယ်အစိုးရက အမှတ်ပေး ရွေးချယ် သွားမည်ဖြစ်သည်။

ကယားပြည်နယ်တွင်မူ အောက်တိုဘာလ မတိုင်ခင် ကယားတိုင်းရင်းသားများ၏ ရိုးရာအက ကျင်းပနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ခုနှစ်က စတင်ကျင်းပခဲ့သည့် တိုင်းရင်း သားရိုးရာအကများ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် ဦးခတ်ထိန် နန်မှ တိုင်းရင်းသားရိုးရာ အကများကို ဖော်ထုတ်ပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်း၏ ရလာဒ်တစ်ခုဖြစ်သည်။

 မြစ်မခ

No comments:

Post a Comment

My Blog List