Saturday, August 18, 2012

ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီ စိန်ခေါ်မှု

ပြည်ထောင်စုအဆင့် အန္တရာယ်လို့ ခေါင်းစဉ်ပေးထားတဲ့ စာတပုဒ်ကို ဖတ်ရပါတယ်။ ရေးသူက Stephen Shwe ဖြစ်ပါတယ်။ သူ့ ရဲ့ ပိုင်းခြား သုံးသပ်ချက်က ရှင်းလင်းလှပါတယ်။ အပင်ပန်းခံ လုပ်ဆောင်ပေးထားမှန်း သိသာလှပြီး အဲဒီအတွက် Stephen Shwe ကို လေးစားချီးကျူးမိပါတယ်။ ဒါကတော့သူ့ရဲ့ လွတ်လပ်စွာ သုံးသပ်တဲ့ အမြင်ပါ။
ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ ရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကော်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင် ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကော်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီ အပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုင်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေ ပါမယ်။ ဒါ့အပြင် နှစ်စဉ် သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ယဉ်ပြင်ဆင်စရိတ်တွေ၊ လမ်းတံတား အခမဲ့ ဖြတ်သန်းခတွေအပြင် အခြားအဆောင်အယောင်တွေ အများကြီးပါတယ်။ (အဆောင်အယောင်ဥပဒေအရ)

(ပြည်ထောင်စုအဆင့် အန္တရာယ် by Stephen Shwe)
(၁) ။ ။ ပြည်ထောင်စုအဆင့်ဖြစ်လာရင် ဘာတွေဖြစ်မလဲ ?
ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့်အဆောင်အယောင်တွေရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကောက်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင်ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကောက်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီအပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုက်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေပါမယ်။ ဒါ့အပြင် နှစ်စဉ်သိန်း ပေါင်းများစွာတန်ဖိုးရှိတဲ့ ယဉ်ပြင်ဆင်စရိတ်တွေ၊ လမ်းတံတားအခမဲ့ဖြတ်သန်းခတွေအပြင် အခြားအဆောင်အယောင်တွေ အများကြီးပါတယ်။ (အဆောင်အယောင်ဥပဒေအရ)

(၂) ။ ။ ကော်မတီတွေကို ဘယ်သူက စတင်ဦးဆောင်ဖွဲ့ရမှာလဲ၊ ဘယ်သူတွေကအရေးပါလဲ ?

ကောက်မတီတွေကိုဖွဲ့စည်းတဲ့နေရာမှာ ကော်မတီဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ရွေးချယ်တာ၊ အဖွဲ့ဝင် အနည်းအများသတ်မှတ်တာ ကစပြီး ဘယ်အမတ်ကို ဘယ်ကော်မတီမှာခန့်ထားမယ် ဆိုတာမျိုး၊ ကော်မတီဥက္ကဌနဲ့ အဖွဲ့ဝင်ကို အရေးယူတာမျိုးတွေအထိ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌ တွေက အလွန်ပဲ သြဇာကြီးမားကြပါတယ်။ (ပြည်သူ့လွှတ်တော် နည်းဥပဒေ အပိုဒ် ၃၃၊ ၃၇၊ ၃၈၊ ၃၉ နဲ့ အမျိုးသားလွှတ်တော်နည်းဥပဒေ အပိုဒ် ၃၃၊ ၃၇၊ ၃၈၊ ၃၉ တွေကို လေ့လာပြီး အခုလွှတ်တော်မှာ ဆောင်ရွက်နေတာ
တွေကို မျက်ခြေမပြတ်ရင် ဒါကိုထင်ထင်ရှားရှားတွေ့နိုင့်ပါတယ်။)

(၃)။ ။ လွှတ်တော်ဥက္ကဌတွေ သြဇာကြီးမားတော့ဘာဖြစ်နိုင်လဲ ?
အပေါ်ယံတွေးမယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဌတွေဟာ ဘယ်အမတ်ကို ဘယ်ကော်မတီမှာ ထည့်မယ်၊ ဘယ်အမတ်ကို ဘယ်ကော်မရှင်မှာ ထည့်မယ်ဆိုပြီး ဆောင်ရွက်တာပါပဲ။ ဒါပေမဲ့ လေးလေးနက်နက်တွေးမယ် ဆိုရင်တော့ လွှတ်တော်ထဲရောက်လာတဲ့ အမတ်တွေထဲက သူနှစ်သက်တဲ့ သူတွေကို လစာ ၃၅ သိန်းနဲ့ ဝန်ကြီးအဆင့် အဆောင်အယောင်တွေကို ပေးပိုင်ခွင့်ရှိသူကြီးတွေဖြစ်သွားပြီ။ ကျွန်တော်တို့လွှတ်တော်ထဲမှာ အဲဒိအဆောင်အယောင်တွေကို မယူပဲလျှစ်လျှူရှုနိုင်လောက်အောင် စီးပွားရေးအရကော၊ ကိုယ်ကျင့်သိက္ခာအရကော တောင့်တင်းခိုင်မာတဲ့
အမတ် ဘယ်နှယောက်ရှိမလဲ။ (အလွန်ချမ်းသာသော ခရိုနီအမတ်များနှင့် အမေစု တို့ကတော့ အဲဒိထဲ ပါမည်မဟုတ်ပါ) အကျိုးဆက်အားဖြင့်တော့ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဌ အလိုကျလိုက်ပြီး ဆောင်ရွက်ပေးမယ့် အမတ်တွေ အများစုဖြစ်လာမှာပါ။

(၄) ။ ။ လွှတ်တော်ထဲမှာ ဥက္ကဌရဲ့ ဘက်တော်သားအမတ်တွေများနေရင်ဥက္ကဌအနေနဲ့ဘာလုပ်လို့ရလဲ ?
လုပ်လို့ရတာတွေတော့အများကြီးပဲဥက္ကဌအနေနဲ့သူလုပ်ချင်တာတွေအတွက် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကော်မတီအမျိုးမျိုး ဖွဲ့စည်းမယ်။ ကော်မတီတွေကနေတဆင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေမှာ ဝင်ရောက် စွက်ဖက်မယ် ။ လွှတ်တော်ဥက္ကဌ နှစ်ယောက်ညှိပြီး သူ့တို့ရဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးမဲ့ ဥပဒေတွေကိုပြဌာန်းပြီး မတရား
စီးပွားရှာလို့ရတယ်။ သူတို့သက်စွန်းရှည်အောင် အခြေခံဥပဒေကို လိုသလို ပြင်လို့ရတယ်။ အဆိုးဆုံးကတော့ လွှတ်တော်ဥက္ကဌနှစ်ယောက် ပူးပေါင်းပြီး impeachment ဆိုတဲ့ ပြစ်တင်ရှုံ့ချရေးနည်းလမ်းကို သုံးပြီး အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တွေကို ခြိမ်းခြောက် အကြပ်ကိုင်မယ်။ အကြပ်ကိုင်လို့မရရင် သမ္မတက စလို့ အစိုးရအဖွဲ့ဝင်တွေ အကုန်လုံးနဲ့ တရားစီရင်ရေးဆောင်ရွက်နေတဲ့လူတွေကို ပြစ်တင်ရုံ့ချထုတ်ပစ်ပြီး လွှတ်တော် ဥက္ကဌဆိုသူတွေ အလိုကျ အစိုးရအဖွဲ့နဲ့ တရားစီရင်ရေး

ဆောင်ရွက်မဲ့သူတွေနဲ့လူစားထိုးမယ်။


(၅) ။ ။ အကျိုးဆက်အားဖြင့် ပြည်သူတွေ ဘယ်လိုနစ်နာမလဲ ?
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးဟာ လွှတ်တော်ဥက္ကဋ္ဌတွေ လက်ထဲမှာရောက်နေတဲ့အတွက် လွတ်တော်ဥက္ကဋ္ဌတွေနဲ့ လက်ဝေခံအမတ်တွေရဲ့အကျိုးအတွက်သာ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်တော့မယ်။ အမတ်တွေနဲ့ သူ့မိသားစုဝင်တွေရဲ့ မတရားမှုတွေကို တရားရုံးတွေမှာတိုင်တန်းပေမဲ့လည်း ဘယ်တရားသူကြီးကမှ အရေးယူ
ပေးရဲမှာမဟုတ်ဘူး။ အဆိုးဆုံးကတော့ လွှတ်တော်ဥက္ကဌတွေအနေနဲ့ သူတို့ကို လွှတ်တော်ဥက္ကဌ အဖြစ် ဆက်လက်တည်မြဲစေဖို့ အာမခံချက် ပေးတဲ့ ပါတီ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး အဖွဲ့အစည်းတွေကို မဲစာရင်းလိမ်ခိုင်းတာမျိုးတွေ လုပ်နိုင်တယ်။ ကျွန်တော်တို့ နှစ်ပေါင်း ၅၀ လောက်ကျင်လည်ခဲ့ရတဲ့ အာဏာရှင်ဆိုတဲ့ စံနစ်ထဲကို ပြန်ရောက်သွားနိုင်ပါတယ်။

(၆) ။ ။ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါနေသားနဲ့ အဲလို လုပ်လို့ရနိုင်ပါ့မလား ?
တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တကယ်တော့ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ လူတွေပါ။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်ပါတယ် ။ သမ္မတ ကို ကြိုးကိုင်ထားတဲ့ လွှတ်တော်ဥက္ကဌဟာ မိမိအလိုကျ ဆောင်ရွက်မယ့် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ဖို့ သိပ်မခက်ခဲပါဘူး။
by Stephen Shwe
လွှတ်တော်အမတ်တွေကို ပြည်ထောင်စုအဆင့် အဆောင်အယောင်ပေးပြီး လွှတ်တော်ဥက္ကဋ္ဌတွေက သြဇာ လွှမ်းမိုးထားနိုင်သလားလို့ စဉ်းစားကြည့်မိပါတယ်။ တကယ်တော့ အဆောင်အယောင် ခံစားခွင့်တွေဟာ ဒီမိုကရေစီ တာဝန်ယူထားသူတွေအတွက် စိန်ခေါ်မှု တမျိုးပါပဲ။
ကျနော်တို့ ပြည်သူတွေ လိုချင်တဲ့အဆင့်ကို ပွင့်ပွင့်လင်းလင်းပြောရရင် မဏ္ဍိုင်ကြီး (၃) ရပ်စလုံးမှာ တာဝန်ပေးခံထားရသူတွေ အားလုံးဟာ တိုင်းပြည်ကောင်းကျိုးအတွက် ပြည်သူ့ဆန္ဒကို အတတ်နိုင်ဆုံး အကောင်းဆုံး အကောင်အထည် ဖော်ပေးကြဖို့၊ တာဝန်ခံယူကြဖို့ ဖြစ်မယ် ထင်ပါတယ်။ တာဝန်ခံယူတယ် ဆိုတဲ့နေရာမှာ မှားတာနဲ့ (သို့) မှားတယ်လို့ ကျိုးကြောင်း ခိုင်လုံစွာ ဝေဖန်ထောက်ပြခံရတာနဲ့ နှုတ်ထွက်ပေးဖို့ပါပဲ။
လောလောဆယ်မှာတော့ အဲဒီအဆင့်ကို မရောက်သေးပါဘူး။ ဒါပေမယ့် အမြန်ဆုံး ရောက်စေချင်ပါတယ်။ ကြိုးစားနိုင်ရင်တော့ အခြား ဒီမိုကရေစီ နိုင်ငံတွေလိုပဲ ဖြစ်လာနိုင်စရာ ရှိပါမယ်။
တကယ်လို့ အဲဒီအဆင့်ကို ရောက်ပြီဆိုရင် အဆောင်အယောင် ခံစားခွင့်ကို မထိုက်တန်ဘဲ မက်မောရဲသူ ရှိမှာ မဟုတ်သလို ခန့်ထားပိုင်ခွင့်ရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း သူတို့အပေါ် သြဇာလွှမ်းမိုးမှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ခန့်ထားသူ လွှတ်တော်ဥက္ကဋ္ဌတွေတောင်မှ ခန့်ထား လုပ်ဆောင်စေတဲ့ကိစ္စမှာ တာဝန်ခံယူနေရပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံယူမှု သိပ်အရေးကြီးပါတယ်။ မရှိမဖြစ် လိုအပ်ပါတယ်။ သမ္မတကအစ ပြည်သူတွေအဆုံး အားလုံး ကျင့်သုံးမှ ဒီမိုကရေစီ ဖြစ်ထွန်းအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကို ခုချိန်မှာ ရွေးကောက်ခံထားရသူအားလုံး သဘောပေါက်နေပြီလို့ ယူဆပါတယ်။ သဘောပေါက်နေရုံမကဘဲ လက်တွေ့ကျင့်သုံးမှလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ စိန်ခေါ်မှုတွေ အများကြီးပါ။ ဒီမိုကရေစီကို လွယ်လွယ်နဲ့ လျှော့မတွက်စေချင်ပါ။ ဒီမိုကရေစီဟာလူတိုင်းကို ဘယ်သူ့မှ မျက်နှာသာ မပေးဘဲ မိနစ်စက္ကန့်မလပ် စိန်ခေါ်နေပါတယ်။ စတုတ္ထမဏ္ဍိုင်အဖြစ် တာဝန်ခံရတဲ့ မီဒီယာတွေက အချိန်ပြည့် စောင့်ကြည့်နေပါတယ်။ နိုးကြားနေတဲ့ ပြည်သူတွေက အကြံပြုဖို့၊ ဝေဖန်ကန့်ကွက်ဖို့ အမြဲ အသင့်ရှိနေပါတယ်။ ဒီမိုကရေစီရဲ့ စိန်ခေါ်သံကို ကြံ့ကြံ့ခံ ကျော်လွှားအောင်မြင်နိုင်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တဦးပြီးတဦး ထွက်ပေါ်လာနေတာကို မြင်ချင်ပါတယ်။

လွင်အောင်စိုး
၁၇-၈-၂ဝ၁၂

No comments:

Post a Comment

My Blog List