Friday, August 17, 2012

ပြည်သူ့ အခွင့်အရေး ကာကွယ်ရန် ကျောင်းသားခေါင်းဆောင်များနှင့် မွန်ပါတီတို့ အကြိုသဘောတူ


မွန်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များနှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှ ပြည်သူတို့၏ အခွင့်အရေးကို ကာကွယ် ရန် အခြေခံ သဘောတူညီချက် ရရှိခဲ့သည်ဟု မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့် က ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ဒီမိုကရေစီပါတီရုံးတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ ဇာတိ ကို မင်းဇေယျ ဦးဆောင်သည့် ကျောင်းသားခေါင်းဆောင် ၅ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီမှ ခေါင်း ဆောင် များ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး အကြိုသဘောတူခဲ့ခြင်း ဖြစ်သည်။

“၈၈ ကျောင်းသားခေါင်းဆောင်တွေက ပြည်သူတွေအတွက် ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်သွား မယ်လို့ ကတိပေးသွားတယ်” ဟု နိုင်စိုး မြင့် က ပြောသည်။

“ကျနော်တို့ ယေဘုယျ သဘောတူချက်ပဲ ရသေးတယ်။ ဘယ်တော့ အကောင်အထည်ဖော်မယ် ဆိုတာ မသတ်မှတ်ရသေးဘူး။ ဒါပေမဲ့ ဇေက မ္ဘာကုမ္ပဏီက ကျိုက်မရောမြို့နယ်မှာ မြေသိမ်းထားတဲ့ ကိစ္စကို ကျနော်တို့ စာရင်းကောက် ထားမယ်” ဟု နိုင်စိုးမြင့် က ပြောသည်။


မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ တပ်အသစ် ချရန်နှင့် တပ်တွင်း စီးပွားရေးအတွက် မြေ ယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၅ ခုနှစ်ကာလတွင် အဆိုးဆုံး အခြေအနေ ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အထိ မြေဧကပေါင်း ၂ဝ,ဝဝ၀ ကျော်ကို သိမ်း ဆည်းခဲ့ကြောင်း မွန်ပြည် လူအခွင့်အရေး ဖောင်ဒေးရှင်း HURFOM ၏ စာရင်းဇယား ပြုစုချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲသည့် ၁၉၉၅ ခုနှစ်မှ စပြီး အစိုးရတပ်မှ အဓမ္မ မြေယာသိမ်းဆည်းမှုသည် မွန်ပြည်နယ်တွင် မကြာခဏ ဖြစ်ပေါ်လျက် ရှိကာ၊ ရေးမြို့နယ်တွင် အဆိုးဆုံး ဖြစ်ကြောင်း HURFOM ၏ ၂၀၀၃ ခုနှစ်တွင် ထုတ်ပြန်သည့် “No Land To Farm” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြေယာအသိမ်းခံရသူများသည် စားဝတ်နေရေး အခက်အခဲကြောင့် အချို့မှာ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်းများသို့ ရောက်ရှိ ကာ၊ အ ချို့မှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်လျက် ရှိသည်။

“ကျနော်တို့ မွန်ပြည်သူတွေ မြေအသိမ်းခံရတာ အများကြီး ရှိတယ်။ ကျနော်တို့ ရေးမြို့နယ် တောင် ပိုင်း စည်းရုံးရေးခရီး နှစ်ရက်အတွင်းက အတွေ့အကြုံအရ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမရွာက ရွာသားတွေ ရေတပ်က မြေ လာသိမ်းမှာကို စိုးရိမ်နေတုန်းပဲ” ဟု နိုင်စိုးမြင့် က ပြောသည်။
  
NEWS COLLECTION 

No comments:

Post a Comment

My Blog List