Thursday, August 16, 2012

အကျင့်ပျက်ခြစားနေကြသော တာဝန်သိအရာရှိလူကြီးမင်းများအား စစ်ဆေးအရေးယူ ပေးပါရန်


 မြိုင်သာယာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်း တရားမ၀င်ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းများအား ရပ်ကွက်နေပြည်သူလူထုက သက်ဆိုင်ရာရဲစခန်း၊ ရဲတပ်ဖွဲ့များသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ဖမ်းဆီးအရေးယူဖယ်ရှားခဲ့ခြင်း မရှိသောကြောင့် သက်ဆိုင်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း၊ အွန်လိုင်းမီဒီယာများမှတစ်ဆင့် နေပြည်တော်မှသက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများထံသို့ လည်းကောင်း တင်ပြ တိုင်ကြားခဲ့ပါသည်။ ထိုသို့တိုင်ကြားခဲ့မှုများကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မြိုင်သာယာရပ်ကွက် တရားမ၀င် အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းများ ပပျောက်ရေးစီမံချက်အဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်ချို အားအဖွဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်ကာ ခရိုင်တရားသူကြီးအပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိအရာရှိလူကြီးမင်းများဖြင့် ဖွဲ့စည်းပေးကာ ဆောင်ရွက်စေခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းဆောင်ရွက်စေမှုကြောင့် တရားမ၀င်အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းများအား ၀င်ရောက်စစ်ဆေးခဲ့ပါသည်။ သို့ရာတွင် တရားမ၀င်အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းပိုင်ရှင်များအား မိမိတို့၏ထမင်းရှင်အဖြစ်သတ်မှတ်ထားသော အကျင့်ပျက်ခြစားနေကြသော တာဝန်သိအရာရှိလူကြီးမင်းများ၏ ကြိုတင်အသိပေးအကြောင်းကြားမှုကြောင့် စစ်ဆေးတွေ့ရှိနိုင်ခြင်းမရှိပဲ စီမံချက်ချမှတ်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့်သာ အနှိပ်ခန်းတစ်ဆိုင်အား ဖမ်းဆီးအရေးယူခဲ့ပါသည်။ မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမ၀င်အနှိပ်ခန်း၊ ပြည့်တန်ဆာခန်း စုစုပေါင်း ဆိုင်သုံးဆယ်နီးပါးခန့်မှ တစ်ဆိုင်သာ အယောင်ပြဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ပါသည်။ မြိုင်သာယာရပ်ကွက် တရားမ၀င် အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းများ ပပျောက်ရေးစီမံချက်အဖွဲ့တွင် တစ်ဦးအပါအ၀င်ဖြစ်သော ခရိုင်တရားသူကြီးမှ ထိုကဲ့သို့ တစ်ဆိုင်တည်း ဖမ်းဆီးအရေးယူခဲ့သော အနှိပ်ခန်း လုပ်ငန်းလုပ်ကိုင်သူတို့အား ပြစ်ဒဏ်ချမှတ်ရာတွင် တစ်ဦးလျှင် ကျပ်နှစ်ရာ တိတိ ဒဏ်ငွေတပ်အ ရေးယူခဲ့ပါသည်။
ယခုအခါတွင် မြိုင်သာယာရပ်ကွက် ရှင်စောပုလမ်းအတွင်းရှိ အနှိပ်ခန်းမှာ ယခင်ထမင်းဆိုင်ဗန်းပြအနှိပ်ခန်းအဆင့်မှ ယခုအခါ တရားဝင်အရက်ဆိုင်ဗန်းပြကာ ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း သိရှိရပါသည်။ အဆိုပါဆိုင်နှင့် မလှမ်းမကမ်းတွင် မွန်ပြည်နယ် ပါဌိတက္ကသိုလ်ကို စတင်ဆောက်လုပ်လျှက်ရှိပြီး များမကြာမှီအချိန်အတောအတွင်းတွင် ပြီးစီးဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ သို့ရာတွင် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်များနှင့် ကိုက်သုံးရာအကွာအဝေးအတွင်း အရက်ရောင်းချသောစားသောက်ဆိုင်များ ဖွင့်လှစ်ခွင့်မပြုရ ဆိုတော့ သတ်မှတ်ချက်အား မျက်ကွယ်ပြုကာ အရက်ဆိုင်လုပ်ငန်းလိုင်စင်ချပေးနိုင်ရန် ဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ စီမံချက်ကာလတွင်ပင် ဒဏ်ငွေကျပ်နှစ်ရာသာ ချမှတ်အရေးယူခဲ့ခြင်း၊ အမှန်တကယ်ပပျောက်စေချင်သော ရည်ရွယ်ချက်ရှိမည်ဆိုပါလျှင် နောက်ကျဉ်စေနိုင်သော ပြစ်ဒဏ်များ ချမှတ်အရေးယူမှုမရှိခြင်း၊ တရားမ၀င်အနှိပ်ခန်းအား တရားဝင်အရက်ဆိုင်ဗန်းပြအနှိပ်ခန်းအဖြစ် ရောက်ရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တရားဝင်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား မျက်ကွယ်ပြုကာ အားပေးကူညီလျှက်ရှိခြင်းများအား ထောက်ရှုလျှင် တရားမ၀င်အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းပိုင်ရှင်များမှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ ထမင်းရှင်အဖြစ်သာမကပဲ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အသီးသီး၏ ထမင်းရှင်များအဖြစ်သို့ပါ ရောက်ရှိနေပီဖြစ်ကြောင်း သိသာစေပါသည်။ သို့ဖြစ်ပါသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများဖြစ်ကြသော မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် နေပြည်တော်မှ ပြည်ထောင်စုအဆင့် တာဝန်ရှိလူကြီးမင်းများမှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အုပ်ချုပ်ရေးအဖွဲ့အစည်း အသီးသီး၏ ထမင်းရှင်မှာ တရားမ၀င်အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းပိုင်ရှင်များ မဟုတ်ပဲ အခွန်ထမ်းပြည်သူလူထုသာလျှင်ဖြစ်ကြောင်း သိရှိအမြင်မှန်ရလာစေရန် လိုအပ်သလိုအရေးယူဖယ်ရှားဆောင်ရွက်ပေးပါရန် ထပ်မံတင်ပြလိုက်ပါသည်။
 ရာမညသား

No comments:

Post a Comment

My Blog List