(“သတင်း
မီဒီယာ လွတ်လပ်ခွင့်ကို ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြ” ဆောင်းပါးကို
ဆရာ လူထု စိန်ဝင်းက ၂၀၁၂ ခုနှစ် မတ်လအတွင်း ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ယင်းဆောင်းပါးကို စာပေ စိစစ်ရေးမှ ဖြုတ်ပယ်ခဲ့သဖြင့် ပုံနှိပ်
ဖော်ပြခွင့် မရရှိခဲ့ပေ။)
အင်တာနက်ကနေပြီး “ဘလော့ဂ်” ရေးနေကြတဲ့ “ဘလော့ဂါ” တွေကို ထိန်းချုပ်တဲ့
ဥပဒေတခု ပြဋ္ဌာန်းဖို့ နိုင်ငံကြီးတခုရဲ့ အစိုးရက ဆောင်ရွက်နေတာနဲ့
ပတ်သက်ပြီး ငြင်းခုံ ဆွေးနွေး တာတွေ အများကြီး တွေ့နေရတယ်။ အဲဒီနိုင်ငံက
လွှတ် တော်ထဲအထိ ငြင်းခုန်ဆွေးနွေး နေကြတယ်။
လုံခြုံရေး ထိခိုက်တယ်
အစိုးရကတော့ ကိုယ့်ထင်မြင်ယူဆချက်ကို ရိုးရိုးသားသား ရေးနေကြတဲ့
“ဘလော့ဂါ” တွေကို ရည်ရွယ်တာ မဟုတ်ဘူး။ အွန်လိုင်းကနေပြီး ကလေး
ညစ်ညမ်းရုပ်ရှင် ဖြန့်ချိတာတွေ၊ ငွေကြေး လိမ်လည်မှု ပြုလုပ်တာတွေ၊ ဘဏ်တွေရဲ့
ကွန်ပြူ တာ စနစ်တွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ငွေခိုးယူတာတွေ
ပြုလုပ်နေကြတဲ့ “ဟက်ကာ” တွေကို ရည်ရွယ်တာလို့ ရှင်း ပြတယ်။ တချို့ “ဟက်ကာ”
တွေက အစိုးရရဲ့ လုံခြုံရေးစနစ်တွေကို ထိုးဖောက်ဝင်ရောက်ပြီး နိုင်ငံအတွက်
အရေးကြီး တဲ့ သတင်း၊ လျှို့ဝှက်ချက်တွေကို ခိုးယူတဲ့အထိ အတင့်ရဲနေကြတယ်။ ဒီ
လုပ်ရပ်တွေကို မနှိမ်နင်းဘဲထားရင် နိုင်ငံတော် လုံခြုံရေးပါ
ထိခိုက်စေနိုင်တယ်လို့လည်း အကြောင်းပြတယ်။
လိုရာဆွဲယူသွားလိမ့်မယ်
ကန့်ကွက်သူများကတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော်
ပြောကြားခွင့်၊ ရေးသားတင်ပြခွင့်ကို ကန့်သတ်ချုပ်ချယ်ဖို့
ခြေလှမ်းပြင်လိုက်တာ ဖြစ်တယ်။ ဥပဒေ ဖြစ်သွားပြီဆိုတာနဲ့
တဖြည်းဖြည်းချဲ့ထွင်ပြီး လိုရာဆွဲယူ သွားနိုင်တယ်။ နောက်ဆုံးမှာ
ဆင်ဆာလုပ်ခွင့်အထိ အစိုးရက ယူသွားလိမ့်မယ်လို့ ထောက်ပြပြီး အပြင်းအထန် ကန့်
ကွက်ကြတယ်။ အစိုးရကလည်း သွေးတိုးစမ်းကြည့်တဲ့ သဘောနဲ့ ပြောကြည့်ပုံရပါတယ်။
အခုထိတော့ ဥပဒေရေးဆွဲဖို့ ကိစ္စကို ကြိုးစားပမ်းစား လုပ်ဆောင်တာမျိုး
မရှိသေးဘူး။ နောက်ထပ် “၀ီကီလိခ်” လို ကမ္ဘာ တခုလုံး ပွက်လော ရိုက် သွားစေတဲ့
ကိစ္စမျိုး ပေါ်ထွက်လာအောင် စောင့်စားနေလိမ့် ဦးမယ်လို့ မှန်းဆရပါတယ်။
တကမ္ဘာလုံးမှာ သန်းချီရှိတယ်
ဒီနေ့ခေတ်က အင်တာနက်ခေတ် ဖြစ်တာနဲ့ အညီ ကလေး လူကြီးမရွေး အင်တာနက်ကို
အသုံးပြုကြတယ်။ တကမ္ဘာလုံး မှာ “ဘလော့ဂ်” တွေ သန်းချီ ရှိနေကြတယ်။ ကိုယ့်
“ဘလော့ဂ်” ကနေပြီး ကိုယ့်ထင်မြင် ယူဆချက်တွေကို လွတ်လွတ် လပ်လပ်
ပွင့်ပွင့်လင်းလင်း ရေးသား တင်ပြကြတယ်။ အစိုးရလုပ်ဆောင်ချက်တွေကို
ဝေဖန်သလို “ပင်မရေစီး” သတင်း မီဒီယာတွေရဲ့ ရေးသားချက်တွေကိုလည်း အားမနာတမ်း
ဝေဖန်တယ်။ လက်ကိုင်ဖုန်းရှိသူတိုင်း ကမ္ဘာကြီးကို ခါးစောင်း တင်ပြီး
စောင့်ကြည့်တယ်။ ပြောချင်တာ တွေ့ရင် ၀င်ပြောတယ်။ ရှေးကတော့ “ပင်မရေစီး”
သတင်း မီဒီယာတွေကို အ မြဲမပြတ် စောင့်ကြည့်ဝေဖန်သူ သိပ်မရှိဘူး။ အခုတော့
ဘာရေးလိုက်ရေးလိုက် တုန့်ပြန်သံတွေက မိနစ်ပိုင်းအတွင်းတက် လာတယ်။ ကြိုက်ရင်
ကြိုက်ကြောင်း ချီးကျူး ဂုဏ်ပြုသလို မကြိုက်ရင်လည်း မထောက်မညှာ
မကြိုက်ဘူးလို့ပြောတယ်။ အားမနာဘူး။ ၀ါတွေ၊ သမ္ဘာတွေ ကြည့်မနေဘူး။
သူတို့ စိတ်ဓာတ်ကို ထင်ဟပ်တယ်
အယ်ဒီတာ မကြိုက်မှာလည်း ဂရုစိုက်စရာ မလို၊ စိစစ်ရေးက ဖြတ်မှာ
ဖြုတ်မှာလည်း ကြောက်စရာမလိုတော့ သူတို့ အ ရေးအသားတွေဟာ ပွင့်လင်းတယ်။
ဖြောင့်မှန်တယ်။ သူတို့ စိတ်ဓာတ်ကို အပြည့်အ၀ ထင်ဟပ်တယ်။ သူတို့ရဲ့ အိုင်
ကျူက နိမ့်ရင် နိမ့်သလို၊ မြင့်ရင် မြင့်သလို သူတို့ အရေးအသားတွေမှာ
ဖော်ပြတယ်။ ဒါမျိုးက “ပင်မရေစီး” သတင်း မီ ဒီယာတွေမှာ မတွေ့နိုင်ဘူး။
သူတို့က “ပရော်ဖက်ရှင်နယ်” တွေ ဖြစ်တော့ မဖြစ်မနေ လိုက်နာစောင့်ထိန်းရတဲ့
ကျင့်ဝတ် တွေနဲ့အညီ လုပ်ရကိုင်ရ ရေးရသားရတယ်။ မှန်တိုင်းရေးလို့
မဖြစ်တာတွေလည်း အများကြီးရှိတယ်။
ပုဒ်ထီးပုဒ်မတွေလည်း ကြည့်ရ
လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု စံနှုန်း သတ်မှတ်ချက်ကို ငဲ့စောင်း
ကြည့်ရသလို ဥပဒေတွေ၊ ပုဒ်ထီး ပုဒ်မတွေကိုလည်း ကြည့်ရတယ်။ အသရေ ဖျက်မှု၊
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု၊
အစိုးရကို အကြည် ညို ပျက်စေမှု၊ ဆူပူအောင်သွေးထိုးလှုံ့ဆော်မှု၊ အီလက်
ထရောနစ်ဥပဒေ ချိုးဖောက်မှု၊ စတဲ့ စတဲ့ ဥပဒေတွေက လက်ရှိ မှာကို
နည်းတာမဟုတ်ဘူး။ ချဲ့ရင် ချဲ့သလောက် ကျယ်ပြန့် သွားသလို လိုချင်ရင်
လိုချင်သလောက် ဆွဲဆန့် သွားလို့ လည်းရတယ်။ တော်တော် ကြောက်စရာကောင်းတယ်။
ဒီမိုကရေစီဆိတ်သုဉ်းခြင်း
တကယ်တော့ ဥပဒေဆိုတာ ဘယ်ဥပဒေမဆို ကြောက်စရာ ကောင်းတာချည့်ပါပဲ။
မရှိမကောင်း ရှိမကောင်းဆိုတာ သူမှ အစစ်။ မရှိပြန်တော့လည်း မဖြစ်ဘူး။
ရှိပြန်တော့လည်း ကိုယ့်လည်ပင်းကိုယ် ပြန် ကြိုးကွင်းစွပ်သလို ဖြစ်တယ်။ ဥပဒေ
ဆိုတာ လူတွေကို ထိန်းချုပ်ဖို့ လုပ်ထားရတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး
ကောင်းတယ်လို့ ရှိနိုင်ပါ့မလဲ။ အထူးသဖြင့် လူတွေမှာ မွေးကတည်းကပါလာတဲ့
မျက်စိ၊ နား၊ ပါးစပ်တို့ ထိန်းချုပ်ဖို့လုပ်တာ မျိုးကတော့ နည်းနည်းနောနော
လူ့အခွင့် အရေး ချိုးဖောက်မှုမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး သည်းခံနေလို့
ဖြစ်မှာလဲ။ ဒါကြောင့် “ဘလော့ဂါ” တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတဲ့
ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေကြတာ ဖြစ်တယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်
ဆိတ်သုဉ်းခြင်းဟာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ
ချစ်မြတ်နိုးသူတိုင်း ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြဖို့ လို ကြောင်း
သတိပေးလိုက်ရပါတယ်။
လူထုစိန်ဝင်း
၁၈-၃-၂၀၁၂
၁၈-၃-၂၀၁၂
Tun Wai ဖေ့စ်ဘုတ်မှ …
No comments:
Post a Comment