Wednesday, February 27, 2013

မအူပင်မြို့နယ်တွင် လယ်ယာမြေပြန်လည်ရရှိရေး တောင်းဆိုမူနှင့် ဆက်စပ်ပြီးပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ရာ ၄၀ ဦးဝန်းကျင်ဒဏ်ရာရ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ရှိ ကျေးရွာများမှ ဒေသခံများက သိမ်းဆည်းခံထားရသည့် လယ် ယာမြေများ ပြန်လည်ရရှိရေးနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တောင်းဆိုမှု ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၃၀ ဦးဝန်းကျင်နှင့် ဒေသခံ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။


အဆိုပါကိစ္စနှင့် ပက်သက်ပြီး Orchid စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုမ္ပဏီမှ ဦးငယ်လေးက ''ရွာသားတွေက ဒီမြေတွေကို သူတို့ပိုင် တယ်ဆိုပြီး ကုမ္ပဏီက ငါးကန် တာဘောင် ငါးခု ကို ဖောက်ချ လိုက်တယ်။ အဲဒါကို မဖောက်ချဖို့ မလက်တို ရွာသားတွေ ကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ပြောပေမယ့် လူစု မကွဲဘူး။ ညနေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပြဿ နာဖြစ်တယ်။ နှစ်ဖက်စလုံး ဒဏ်ရာရတာတွေ့ရတယ်'' ဟု ပြောပါသည်။ယခုဖြစ်စဉ်နှင့် ပက်သက်ပြီး မအူပင်မြို့နယ် ပျိုးခင်းသစ်လူမှုရေးအဖွဲ့အစည်းမှ ကိုထိုက်ထိုက်က'' လယ် သမားတွေက လယ်ပြန်ရဖို့ တောင်းဆိုတာ ခြောက်ရက်လောက်ရှိပါပြီ။
ဒီနေ့ နေ့လည်တစ်နာရီမှာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ သိရတယ်။ လယ်သမားတွေကို လူစုခွဲခိုင်းတယ်။ လူစုက ကွဲမသွားဘူး။ ညနေခြောက်နာရီလောက်မှာ လယ်သမားတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ကြတယ်''ဟုပြောပါသည်။
''ရဲ ၂၉ ဦး ဒဏ်ရာရတယ်။ ရဲတစ်ဦး ဒဏ်ရာပြင်းလို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ် ကြားရတယ်။ ရွာသား ၁၁ ယောက် ဒဏ်ရာရတယ်။ လေးယောက်ကတော့ သေနတ်ဒဏ် ရာရတယ်လို့ သိရ တယ်။ နှစ်ဦးသေတယ်လို့လည်း ကြားတယ်။ ရွာသား တွေက အဖမ်းခံရမှာစိုးလို့ ဒဏ်ရာရပေမယ့် ရွာထဲမှာ ပုန်းနေတဲ့သူတွေလည်းရှိတယ်''ဟု ကိုထိုက်ထိုက်က ဆက်လက်ပြောပါသည်။

ယင်းကိစ္စနှင့် ပက်သက်ပြီး မအူပင် မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေး မြန်းခဲ့ရာ တာဝန်ကျရဲ တပ်ဖွဲ့ဝင် တစ်ဦးက''ဒီကိစ္စနဲ့ပက်သက်ပြီး ဖြေကြားခွင့်မရှိပါဘူး။ တာဝန်ရှိသူတွေ က ဖြစ်ပွားရာနေရာ ကို ရောက်နေ ပါတယ်။ပုဒ်မ ၁၄၄ ထုတ်ပြန်တာနဲ့ ပက်သက် ပြီးတော့လည်း အတည်ပြုပြောဆိုနိုင်ခြင်း မရှိပါဘူး'' ပြန် လည်ဖြေကြားခဲ့ပါသည်။
ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ပလောင်ကျေးရွာမှ ကိုငြိမ်းမောင်က '' ကျွန်တော်တို့ ကို နေ့ လည် ၁၂ နာရီလောက်မှာ ခရိုင်အုပ် ချုပ်ရေးမှူး ဦးအေးသောင်းက အစည်းအဝေးခေါ်ပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီမို့ နောက်ဆုတ်ဖို့ပြောတယ်။
အရင်နေ့တွေကလည်း သက်ဆိုင်ရာလူကြီးတွေက ဒီတမံတွေကို မပိတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော် တို့ နောက်ဆုတ်တဲ့အခါမှာ ကုမ္ပဏီက တမံတွေကို ပိတ်လိုက်ပါတယ်။ ဒီညနေငါးနာရီခွဲလောက်မှာ ရဲအင်အား ၃၀၀ ကျော်လောက်က ကျွန်တော်တို့ရွာသား ၁၅၀ လောက်ကို ရိုက်တယ်။ ကျွန်တော်တို့ ရွာသားတွေက ပြန်ပြီး တုံ့ပြန်တဲ့အခါမှာ ဒဏ်ရာတွေရကြတယ်။ အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၆ ယောက် ဒဏ်ရာရတယ်'' ဟု ပြောပါသည်။

နောက်ဆုံးရရှိသော သတင်းများအရ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂ နာရီတွင် မအူပင်ဆေးရုံကြီးသို့ ယင်းပဋိပက္ခကြောင့် ဒဏ်ရာရရှိသူငါးဦး ထပ်မံရောက်ရှိလာကြောင်း သိ ရသည်။ ထို့ကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ကုသနေရသူ စုစုပေါင်း ၁၆ ဦးထိ ရှိလာခဲ့သည်။
မအူပင် (8 photos)

No comments:

Post a Comment

My Blog List