Monday, January 28, 2013

ဗိုလ်တထောင် ဘုရား ဆိုင်ခန်းခ ကောက်ခံမှု ဈေးသည်များ ကန့်ကွက်

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရား ပရဝုဏ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းများကို ဂေါပကအဖွဲ့မှ ကြမ်းခင်းဈေးများ မြင့်မားစွာ တိုးမြှင့်ကောက်ခံသည်ဟုဆိုကာ ဆိုင်ခန်းရှင်များက ကန့်ကွက်လိုက်ကြသည်။

“သင့်တင့်လျောက်ပတ်တဲ့ ဈေးနဲ့ အငှားချပေးဖို့ ပြောတာပါ။ ရွှေတိဂုံဘုရား၊ ကမ္ဘာအေး ဘုရားတွေမှာလို လေလံစနစ်နဲ့ မဟုတ်ဘဲ သင့်တော်တဲ့ လစဉ်ကြေးနဲ့ ရဖို့ ယခုလို ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု စိန်မာလာ ပန်းဆိုင် ဖွင့်ထားသူ ဒေါ်မြမြစိုး က ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက ဆိုင်တဆိုင်လျှင် တနှစ်အတွက် ကျပ် ၈ သိန်းခွဲမှ အမြင့်ဆုံး ၄၅ သိန်း ပေးခဲ့ရသော်လည်း ယခုနှစ်တွင်မူ ဆိုင်တခန်းကို တလအတွက် အနိမ့်ဆုံး ကျပ် ၅ သိန်းမှ ၁၅ သိန်းအထိ ကောက်ခံပြီး တနှစ်အတွက်မူ သိန်း ၆၀ မှ သိန်း ၁၇၀ အထိ ကောက်ခံ၍ ကန့်ကွက်ရကြောင်းလည်း ဆိုင်ရှင်တဦးဖြစ်သူ ဦးပြုံးချို က ပြောသည်။

“ယခုနှစ်ဆို အရင်နှစ်ကထက် သုံးဆကျော် တက်သွားတယ်။ နောက် နှစ်ချုပ်ငွေ သိန်း ၆၀ ကို တခါတည်း ပေးဖို့ကျတော့ အဆင်မပြေပါဘူး” ဟု ပြောသည်။

ဗိုလ်တထောင် ဘုရားဝင်းအတွင်းရှိ ဆိုင်ခန်းများကို ကောက်ခံသည့်စနစ်သည် အခြား ဆူးလေဘုရား၊ ကမ္ဘာအေးစေတီ၊ စွယ်တော်စေတီများတွင် ကောက်ခံသည့် စနစ်နှင့် မတူညီဟုလည်း ဆိုင်ခန်းရှင်တို့က နှိုင်းယှဉ်ပြောသည်။ ဆူးလေ၊ ကမ္ဘာအေး၊ စွယ်တော် စေတီများတွင် လပေးစနစ်ဖြင့် ကောက်ခံခြင်းဖြစ်သည်။

ဗိုလ်တထောင်ဘုရား ဈေးသူဈေးသားများက ကန့်ကွက်စာများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ လူမှုရေး ဝန်ကြီးဌာနများသို့လည်း ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပေးပို့သွားမည်ဟုဆိုသည်။

ဗိုလ်တထောင် ဘုရားပရဝုဏ်အတွင်းတွင် ပန်းဆိုင်၊ စားသောက်ဆိုင်၊ အုန်းပွဲ ငှက်ပျောပွဲဆိုင် စသဖြင့် ဆိုင်ပေါင်း ၇၂ ဆိုင် ရှိသည်။

ကိုကိုအောင်
ရန်ကုန် (မဇ္ဈိမ)

No comments:

Post a Comment

My Blog List