Monday, January 28, 2013

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် အမှန်ကန်ဆုံး ကောက်ယူနိုင်ရန် ကျေးရွာအဆင့်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်အထိ အခြေခံ လိုအပ်ချက် စစ်တမ်းများနှင့် မြေပြင်စစ်တမ်းများ စတင်ကောက်ယူ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမှန်ကန်ဆုံး ကောက်ယူနိုင်ရန် မြေပြင်စစ်တမ်းများနှင့် အခြေခံ အချက်အလက်များအား စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာနမှ သိရှိရပါသည်။
လက်ရှိကာလတွင် ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်အထိ လူဦးရေ၊ နေအိမ် အဆောက်အအုံများ စသည့် မြေပြင် အချက်အလက်များအား သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးများမှ တဆင့် ကောက်ခံနေကြောင်းလည်း သိရှိရပါသည်။
ထိုသို့ ကောက်ယူမှုအား လက်ရှိကာလမှစ၍ သန်းခေါင်စာရင်း မကောက်ယူမီ ၆ လ အလိုအထိ ကောက်ယူသွားမည် ဖြစ်ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
“ကြိုတင် ပြင်ဆင်နေပါတယ်။ အခုလို ကောက်ခံတာက မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အမှန်ကန်ဆုံး ကောက်ယူနိုင်ဖို့ပါ” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ လစဉ်ကောက်ယူမှု များအပြင် ၂၀၁၃ ခုနှစ်တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရန် သွားမည်ဖြစ်ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ခံမှု ပြုလုပ်သွားမည့် မြို့နယ်များမှာ မြစ်ကြီးနား လွိုင်ကော်၊ မြ၀တီ၊ ဟားခါး၊ တမူး၊ ထားဝယ်၊ ရွှေကျင်၊ မကွေး၊ ချမ်းအေးသာဇံ၊ မိုးကုတ်၊ မော်လမြိုင်၊ ကျိုက်ထို၊ စစ်တွေ၊ ရွှေပြည်သာ၊ လမ်းမတော်၊ ညောင်ရွှေ၊ မူဆယ်၊ တာချီလိတ်၊ မြောင်းမြ၊ ငပုတော စသည့် ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ မြို့နယ်များ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ယူမှုအား လွတ်လပ်ရေးရပြီး ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးကြောင်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု မပြုလုပ်နိုင်သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီဖြစ်ကြောင်းလည်း ဦးခင်ရီက ပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List