Wednesday, September 12, 2012

အဆင့်မြင့် ကျောက်မျက်ဈေးကြီး မန္တလေးတွင် ဖွင့်မည်

Wednesday, September 12, 2012

 အဆင့်မြင့် ကျောက်မျက်ဈေးကြီး တစ်ခုကို မန္တလေးတိုင်းဒေသကြီးတွင် မကြာမီ ဖွင့်လှစ်ပေးသွား မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ပြည်တွင်း ကျောက်မျက်ကုန်သည်များကို အကာအကွယ်ပေးမည့် ဥပဒေ ပြဋ္ဌာန်းကာ တိုင်းရင်းသား မြန်မာကုန်သည်များကို ဦးစားပေးမည့် အဆိုပါ ကျောက်မျက်ဈေးကြီး ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး “ကျောက်မျက်ရတနာ အချောထည်ကို ဥပဒေပြဋ္ဌာန်းပြီး တိုင်းရင်းသားတွေချည်းပဲ လုပ်ကိုင်ဆောင်ရွက်မယ့် အနေအထား ဖြစ်ပါတယ်။
 စစ်ကိုင်းမှာလဲ ကျောက်သွေး၊ ကျောက်ဖြတ်လုပ်ငန်း ဥပဒေပြဋ္ဌာန်းပြီး ကျောက်မျက်ဈေး လုပ်ပါတယ်။ အလားတူ လုပ်မယ့် အစီအစဉ် ရှိပါတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ဦးစားပေး မယ့် ဈေးကြီးတစ်ခု ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၈၈၊ ဇယား(၂) တွင် တိုင်းဒေသကြီးအနေဖြင့် ဥပဒေပြဋ္ဌာန်းခွင့်ရှိသည့် ကဏ္ဍပေါင်း ရှစ်ခုရှိပြီး ခေါင်းစ ဉ်ပေါင်း ၄၅ ခုရှိသည့်အနက် ကျောက်မျက်၊ ကျောက်သွေး၊ ကျောက်ဖြတ်သည့် လုပ်ငန်းဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းခွင့်ရှိကြောင်း သိရသည်။ “မန္တလေး ကျောက်ဝိုင်းမှာကတော့ တရုတ်ကုန်သည်တွေ များလာတယ်။ အရင်က မြန်မာဝယ်တဲ့ နေရာတွေမှာ တရုတ်တွေပဲ ရှိတယ်။ ဈေးစကားပြောရင်တော့ တရုတ်ငွေနဲ့ပဲ ပြောလာကြတယ်” ဟု မန္တလေး ကျောက်ဝိုင်းမှ မြန်မာကုန်သည် ဦးညိုလင်းက ပြောသည်။ ယင်းသို့ ကျောက်မျက်ကျောက်ဝိုင်း ဈေးကွက်တွင် လုပ်ကိုင်နေကြသည့် မြန်မာတိုင်းရင်းသား ကုန်သည်များ၏ လိုအပ်ချက်များကို ဥပဒေ ပြဋ္ဌာန်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးရဲအောင်မြင်က ပြောသည်။ လက်ရှိ မန္တလေးကျောက်စိမ်းဝိုင်းသည် မန္တလေးမြို့ ၃၉ လမ်းနှင့် ၄၁ လမ်းအကြား၊ ၈၇ လမ်းနှင့် ၈၆ လမ်း အကြားတွင်ရှိကာ မြေဧက လေးဧက ကျယ်ဝန်းပြီး ယင်းကျောက်ဝိုင်းအား မှီခိုအားထား လုပ်ကိုင်နေရသည့် တိုင်းရင်းသားပြည်သူ လူဦးရေပေါင်း သုံးသိန်းကျော် ရှိနေကြောင်း မန္တလေးမြို့ ကျောက်စိမ်းကျောက်မျက် ပရဟိတလူမှုစီးပွား ကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။ “ကျောက်မျက်ဈေးကတော့ မန္တလေးမြို့မှာပဲ ဖြစ်သင့်တယ်။

ဒါမှ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ်။ တခြားနေရာမှာ သွားပြီး ဖွင့်မယ်ဆိုရင် သူ့ကိုမှီခို လုပ်ကိုင်နေရတဲ့ အခြေခံလူတန်းစားတွေအတွက် အခက်တွေ့ရလိမ့်မယ်။ လိုက်ရွှေ့ရလိမ့်မယ်။ မလိုလားအပ်တဲ့ အပိုကုန်ကျစရိတ်တွေ ရှိလာလိမ့်မယ်။ ဒါကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ထည့်သွင်း စဉ်းစားသင့်တယ်” ဟု အတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။ လက်ရှိ မန္တလေးကျောက်ဝိုင်းတွင် အရောင်းအဝယ် အေးလျက်ရှိပြီး ယင်းကျောက်ဝိုင်းအား တံတားဦးမြို့သို့ ရွှေ့ပြောင်းဖွင့် လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း မန္တလေးမြို့ ကျောက်စိမ်းကျောက်မျက် ပရဟိတလူမှုစီးပွား ကူညီရေးအဖွဲ့မှ သိရသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

My Blog List