Saturday, July 21, 2012

မန္တလေး အစိမ်းရောင် လုပ်ငန်းငယ်များ ဖယ်ရှားပြောင်းရွှေ့ခံရ

နယူးဒေလီ (မဇ္ဈိမ)။   ။ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ် သာယာလှပရေး အကောင်အထည်
ဖော်ဆောင်ရွှက်ခဲ့သည့် ပန်းပညာရှင်များ၏ ပျိုးပင်လုပ်ငန်း ဆိုင်ခန်းများအား ဇူလိုင် ၁၉ ရက်နေ့က စည်ပင်မှ စတင် ဖယ်ရှားနေကြောင်း သိရသည်။

ကာလပေါက်ဈေး တဆိုင်လျှင် ကျပ်ငွေ သိန်း ၂ဝဝ ခန့်တန်ဖိုးရှိ ပျိုးဥယျာဉ်လုပ်ငန်း လုပ်ကိုင်သည့်ဆိုင် ၄ ဆိုင်အား စည်ပင်အမိန့်ဖြင့် ဖယ်ရှားဖြိုချလိုက်ကြောင်း ပန်းပညာရှင်လည်းဖြစ် ဥယျာဉ်မှူးတဦးလည်းဖြစ်သူ ဦးလှထွန်းအောင်က
ပြောသည်။

“ကျနော်တို့ အဆောက်အဦး၊ ဆိုင်ခန်းတွေ ဖျက်ဆီးဖြိုချလိုက်တယ်။ သစ်ပင်၊ ပန်းပင်တွေလည်း သေကြေ၊ ပျက်ဆီး တယ်။ ဒုသမ္မတကြီးပြောတဲ့ အစိမ်းရောင် စီးပွားရေး၊ အများပြည်သူ ဝိုင်းဝန်းကူညီပေး ဆိုတဲ့ ဆောင်ပုဒ်၊ လေထဲမှာပဲ
ပျောက်သွားတယ်။ ဘယ်သူက ကာကွယ်ပေးမလဲ၊ အစိမ်းရောင် စီးပွားရေးကို ဘယ်သူမှ အကာကွယ် မပေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြို့တော်ဥယျာဉ်အနီးတဝိုက်ရှိ ညဘက် လုပ်ငန်းများဖြစ်သည့် ဘီယာ၊ အရက်၊ ကာရာအိုကေ တေးဂီတ လုပ်ငန်းများ အား ဖယ်ရှားခြင်းမရှိဘဲ ပျိုးဥယျာဉ်လုပ်ငန်းလုပ်ကိုင် ဆိုင်ခန်းများအား ရွှေးချယ်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းဆိုသည်။

မန္တလေးမြို့၏ ဂုဏ်သိက္ခာနဲ့အညီ အများပြည်သူ အပန်းဖြေရန် ဥယျာဉ်တခု လိုအပ်ချက်ကြောင့် အကောင်အထည်
ဖော်ရန် ဦးလှထွန်းအောင် အပါအဝင် ပန်းပျိုးပင် လုပ်ငန်း ပညာရှင် ၄ ဦးအား ၁၉၉၄ ခုနှစ်က မန္တလေးမြို့တော်ဝန် ဦးထွန်းကြည်က တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး စိမ်းစိမ်းစိုစိုဖြင့် မြို့တော်ဥယျာဉ် အကောင်အထည် ပေါ်လာပြီးနောက် ဥယျာဉ်နှင့် လိုက်လျောညီထွေရှိသည့် ပျိုးပင်များ ရောင်းချသည့် ဆိုင်ခန်းများအား ဖွင့်လှစ်စေကာ စည်ပင်အား လစဉ် ဆိုင်ခန်း ငှားရမ်းခများ မပျက်မကွက် ထမ်းဆောင်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။

“တကယ်ဆို ပျိုးပင်လုပ်ငန်းဆိုတာ စီးပွားဖြစ်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ဝါသနာ တကယ်ပါမှ လုပ်လို့ရတဲ့ လုပ်ငန်းပါ။ အရက်၊ ဘီယာတွေဟာ လူအတွက် အန္တရာယ်တွေပါ။ အင်မတန်ပူတဲ့ မန္တလေးလို မြို့ကြီးမှာ သစ်ပင်ပန်းပင်ရောင်းတဲ့ လုပ်ငန်းတွေ အသက်တိုပြီး ပျောက်ဆုံးသွားမှာ အရမ်းစိုးရိမ်ပါတယ်” ဟု ပြောသည်။

ထိုကိစ္စနှင့်ပါတ်သက်ပြီး မြို့တော်ဝန်ထံ စာတင်ခဲ့ရာ မြို့တော်ဝန်က ပြန်လည် နေရာချထားပေးမည်ဟု ဆိုကာ နှစ်စဉ်
ရေမြုပ်သည့် ကန်တော်ကြီးတွင် မြေနေရာချပေးကြောင်း “သစ်ပင်၊ ပန်းပင် သမားတွေဆိုတာက မြေအမျိုးအစား အရေးကြီးပါတယ်။ တခြားလုပ်ငန်းနဲ့ မတူပါဘူး” ဟု ဦးလှထွန်းအောင် က ဆိုသည်။

စည်ပင်မှဆွေးနွေး တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ပြောင်းရွေ့ရမည့်ရက် အလွန်နီးကပ်ချိန်တွင် တဘက်သတ် ပြောင်းရွှေ့မိန့် ထုတ်ကာ ဆိုင်ခန်းများအား ဖြိုချခဲ့သည်ဟု ၎င်းက ဆိုသည်။

စည်ပင်သာယာမှ ကစားကွင်းနှင့် မြို့တော်ဥယျာဉ် အဆင့်မြှင့်တင်ရေး စီမံချက်အတွက်ဟု အကြောင်းပြ၍ ထိုသို့ ဆိုင်ခန်းများအား ပြောင်းရွှေ့နေရာချထားစေခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဥယျာဉ် အနီးတဝိုက် စည်းကား လာမှုကြောင့် ဥယျာဉ်အတွင်းရှိ ကစားကွင်းအား လေလံဆွဲသည့် လုပ်ငန်းရှင်ကြီးများ ဝင်ရောက်လာခြင်းကြောင့်ဟု လူအများက ခန့်မှန်းပြောဆိုကြသည်။

ယခင်က အဆိုပါ ပန်းပညာရှင်နှင့် စည်ပင်သာယာတို့ ပူးပေါင်းကာ အကြိမ်ဖန်များစွာ အစိမ်းရောင် ဗဟုသုတ အတွက်
ပြည်သူအား ပန်းပြပွဲ၊ ပန်းပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခဲ့လေ့ရှိသည်။

No comments:

Post a Comment

My Blog List