Thursday, July 19, 2012

ဆီးရီးယားအစိုးရ ဓာတုလက်နက် သုံးနိုင်


 
ဒမားစကပ်စ် မြို့လယ်နေရာတွေမှာလည်း တိုက်ပွဲ တွေ ဖြစ်နေ
 
ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ တိုးပွား ပြင်းထန်လာနေချိန်မှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရကို ဆန့်ကျင်ပြီး ဘက်ပြောင်းခဲ့တဲ့ ဆီးရီးယား သံအမတ်ဟောင်း Nawaf Fares က သမ္မတ အားဆာ့တ် အနေနဲ့ ဆီးရီးယား ပြည်သူတွေကို တိုက်ခိုက်ရာမှာ ဓါတု လက်နက်သုံးဖို့ ဝန်လေးမှာ မဟုတ်ဘူး၊ တိုက်ခိုက်မှုတွေကို အယ်လ်ကိုင်ဒါတွေနဲ့ ပူးပေါင်း လုပ်နေတယ် လို့ ထုတ်ဖေါ် ပြောလိုက်ပါတယ်။
မစ္စတာ Fares ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အီရတ်နိုင်ငံ ဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတ အားဆာ့တ် အစိုးရ အဖွဲ့ကို ဆန့်ကျင်ပြီး လောလောဆယ် ဘက်ပြောင်းလာသူတွေထဲမှာ အဆင့်အမြင့်ဆုံး သံတမန် တဦး ဖြစ်ပါတယ်။
နှစ်ပေါင်း ၃၄ နှစ် လုံးလုံး တာဝန် ထမ်းဆောင်ခဲ့တဲ့ သူ့အစိုးရ အဖွဲ့အပေါ် စွပ်စွဲ ပြောဆိုတဲ့ စကားတွေ တခုပြီး တခု ပြောခဲ့ ပါတယ်။
ဘရှား အယ်လ် အားဆာ့တ် အစိုးရဟာ ချောင်ပိတ်ခံထားရပြီး ဒဏ်ရာ အနာတရ ရထားတဲ့ မြေခွေးတကောင်လို သွေးရူးသွေးတန်းနဲ့ လျှောက်လုပ်မှာပဲလို့ ဆိုပါတယ်။အတိုက် အခံ တွေကို ချေမှုန်း နိုင်ရေး အတွက် ဆီးရီးယား အစိုးရဟာ ပြည်သူတွေကို ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ဖို့ အယ်လ်ကိုင်ဒါတွေနဲ့ ပူးပေါင်းနေတယ်လို့ သူက စွပ်စွဲပြောသွားပါတယ်။
အားဆာ့တ် အစိုးရဟာ နိုင်ငံရေး အရ စေ့စပ် ဖြေရှင်းတာမျိုးနဲ့ အာဏာ စွန့်ပေးမှာ မဟုတ်ပဲ အင်အားသုံး တိုက်ထုတ်တာမျိုး လုပ်မှ အာဏာ စွန့်မှာလို့လည်း ပြောပါတယ်။
အားဆာ့တ် အစိုးရ အနေနဲ့ နောက်ထပ် ချောင်ပိတ်ခံရမယ်ဆိုရင် ဓါတု လက်နက် သုံးဖို့ ဝန်လေးမှာ မဟုတ်ဘူး၊ Homs မြို့မှာ လုပ်ခဲ့တဲ့ တိုက်ခိုက်မှု တချို့မှာ ဓါတု လက်နက်တွေ သုံးကောင်း သုံးခဲ့ဖွယ် ရှိတယ်လို့ လည်း ဆိုပါတယ်။
အတွင်း သတင်းတွေ အတော်အတန် သိထားတဲ့ ဘက်ပြောင်းလာသူတဦးရဲ့ ဒီစွပ်စွဲမှုတွေ ဟာ အတော်လေး အလေးထားရမယ့် စွပ်စွဲချက်တွေလို့ ပြောရမှာပါ။ ဒါပမယ့် တကယ်တမ်း မှာ မစ္စတာ Fares ဟာ သိပ္ပံ ပညာရှင် တဦး မဟုတ်သလို စစ်တပ် တပ်ဖွဲ့ဝင် တဦးလည်း မဟုတ်ပါဘူး။
သူ့ရဲ့ စွပ်စွဲ ပြောဆိုချက်တွေဟာ ၂၀၀၃ခုနှစ် အီရတ်ကို ကျူးကျော်တိုက်ခိုက်မှုတွေ မလုပ်ခင် ဆဒမ် ဟူစိန်မှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းနိုင်မယ့် အဖျက် လက်နက်တွေ ရှိနေတယ်ဆိုတဲ့ ကျယ်ကျယ် လောင်လောင် ပြောဆိုမှု မျိုးတွေနဲ့ အလားတူနေပါတယ်။
ဆီးရီးယား အစိုးရ အနေနဲ့ ဓါတု လက်နက်တွေ သုံးဖို့ ဆုံးဖြတ်ရင်တော့ ထုတ်ဖေါ် ဆွေးနွေးတာမျိုး လုပ်မှာ မဟုတ်ကြောင်းနဲ့ သူသိထား သမျှ ဆီးရီးယား အစိုးရရဲ့ စိတ်နေ သဘောထားတွေကို အခြေခံပြီး အခုလို ထုတ်ဖေါ်ပြောတာ ဖြစ်တယ်လို့ မစ္စတာ Fares က ဆိုပါတယ်။
ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ အားလုံး အထူးသဖြင့် အပြစ်မဲ့ ပြည်သူတွေ အများအပြား သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ဟာ အားဆာ့တ် အစိုးရရဲ့ လက်ချက် ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောသွားပါတယ်။
အခုအခါ ဆီးရီးယား အစိုးရဟာ ပြည်သူတွေကို တိုက်ခိုက် ချေမှုန်းဖို့ အယ်ကိုင်ဒါတွေနဲ့ ပေါင်းနေပြီးလို့လည်း ပြောပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်လို့ ဘာသက်သေ အထောက် အထားမှ သူ့အနေနဲ့ မပြနိုင်ခဲ့ပါဘူး။
တခါအယ်ကိုင်ဒါတွေ အနေနဲ့ သမ္မတ အားဆာ့တ် အစိုးရကို အမြဲ ဝေဖန် ပြောဆို နေခဲ့တာ ဖြစ်ပြီး သူ့ကို ဆန့်ကျင် တိုက်ခိုက်ဖို့ မွတ်ဆလင် ဘာသာရေး ဝါဒီတွေကို တိုက်တွန်း နေခဲ့တာကြောင့် ဒီ စွပ်စွဲချက်တွေဟာ သိပ်ယုတ္တိ မရှိဘူးလို့ ပြောရမှာပါ။
မစ္စတာ Fares ကတော့ အယ်ကိုင်ဒါတွေ အနေနဲ့ သူတို့ကို ထောက်ခံအားပေးမယ့် သူတွေကို ရှာနေသလို ဆီးရီးယား အစိုးရကလည်း ပြည်သူတွေကို ချေမှုန်းနိုင်မယ့် နည်းလမ်း တွေ ရှာနေတာမို့ တဖက်နဲ့ တဖက် အဆင်ပြေသလို ကြည့်ပေါင်းနေကြတာ ဖြစ်တယ်လို့ ပြန်ဖြေသွားပါတယ်။

No comments:

Post a Comment

My Blog List