တပိုင်တနိုင် ရွှေတူးခွင့်ကို အမျိုးသား
ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုက ပြန်လည် ခွင့်ပြု ခဲ့သော်လည်း လိုအပ်သည့်
စက်ကိရိယာများကို သယ်ဆောင်မည့် ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်ပင်
ထားဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ
အလုပ်သမားများက ပြောသည်။
မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ဆန္ဒပြရန် ချီတက်စဉ် ခရီးတထောက်အရောက် ဇွန်လ ၁၄ ရက်နေ့တွင် ကုမ္ပဏီက ပြန်လည် လုပ်ကိုင်ရန် သဘောတူခဲ့သော် လည်း အလုပ်သမားများ ရွှေတွင်းသို့ ပြန်ရောက်ချိန်မှ စ၍ ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်လိုက်ခြင်း
ဖြစ်သည်ဟု ဆိုသည်။
“ပြန်လုပ်ဖို့ ဆိုတာက အလုပ်သမားတို့၊ စက်ကိရိယာတို့၊ ဆီတို့၊ ရိုက်ပြား ဇကာတို့ ဒါတွေ လိုမယ်ပေါ့ဗျာ။ ဒါတွေ
တောင်ပေါ် ရောက်အောင် ကားတွေ ဆိုင်ကယ်တွေကို တက်ခွင့် မပေးဘူး။ ဒီလို မပေးတာဟာ အင်းလုပ်ခွင့်ကို ပိတ်လိုက်တာနဲ့ အတူတူပဲ” ဟု လွတ်လပ်သော ရွှေလုပ်သားများ အခြေခံ အလုပ်သမား အဖွဲ့အစည်း ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုသက်လွင် က ပြောသည်။
သို့သော် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကမူ လုံခြုံရေးအရ လုပ်ငန်းခွင်နှင့် လုပ်ငန်းဧရိယာ ပြင်ပကို ဇွန်လ ၁၅ ရက်နေ့မှ စ၍ ပိုင်းခြားလိုက်ခြင်းသာ ဖြစ်ပြီး လုပ်ငန်းခွင် ပြင်ပမှ သယ်ဆောင်လာသည့် ပစ္စည်းများကို လုပ်ငန်းခွင်သုံး ကားများ
ဖြင့် နေ့စဉ် တနေ့သုံးကြိမ် သယ်ပို့ပေးကြောင်း ပြောသည်။
“ကျနော်တို့မှာ ဂိတ် ၁၊ ဂိတ် ၂ ဆိုတာ ရှိတယ်ခင်ဗျ။ ဂိတ် ၁ ဆိုတာက ကျနော်တို့ လမ်းစလုပ်ထားတဲ့ နေရာပေါ့။ register (မှတ်ပုံတင်) လုပ်ထားတဲ့ ကားတွေအားလုံး ဂိတ် ၁ ကို ပေးတက်တယ်။ ဂိတ် ၂ ဆိုတာက မိုင်းဧရိယာထဲ
ရောက်သွားပြီပေါ့။ မိုင်းတွင်းသွားတဲ့ လုပ်ငန်းခွင်သုံး ကားအားလုံးကိုပဲ ထားပြီးတော့ ဂိတ် ၂ ကို လာတဲ့ ကားအားလုံး ကို အဲဒီကနေ ပစ္စည်းတွေ သယ်ပေးတယ်” ဟု အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က
ပြောသည်။
ယခင်က တောင်ပေါ်တက်ရန်အတွက် ကားတစီးလျှင် နှစ်သိန်းကျပ်၊ ဆိုင်ကယ်တစီးလျှင် ၃,၀၀၀ ကျပ်ဖြင့်
တောင်ပေါ်တက်ခွင့် လက်မှတ် ကုမ္ပဏီက လုပ်ပေးထားပြီး မှတ်ပုံတင်ထားသည့်ကား အစီး ၅၀ ခန့် ရှိကြောင်း သိရသည်။
၎င်းပြင် ရွှေဗြုံး ကြိတ်ရန်အတွက် ကြိတ်စက်ကို ကုမ္ပဏီက တောင်ခြမ်း မြောက်ခြမ်း နှစ်နေရာ သတ်မှတ်ထား
သော်လည်း နေရာပြင်ဆင်သည့် အဆင့်သာ ရှိသေးသည့်အတွက် ကြိတ်ခွဲနိုင်ရန် အချိန်အတန်ကြာ လိုသေးကြောင်း လည်း ကိုသက်လွင်က ပြောသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊
မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁၀၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်း
ကျော်ကို ငါးနှစ်သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နှုတ်ကတိ ပြုခဲ့သော်လည်း ၇ လအကြာ တွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။
အသေးစား ရွှေထုတ်လုပ်မှုသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်ဟု ကုမ္ပဏီဘက်မှ အကြောင်းပြသော်လည်း အလုပ်သမားဘက်ကမူ ၎င်းမှာ ခိုင်လုံသော အကြောင်းပြချက် မဟုတ်ဟု ဆိုသည်။
“ရွှေတွေက အရမ်းထွက်နေလို့ ကုမ္ပဏီက လောဘကြီးပြီးတော့ အင်းပိုင်တွေကို ပေးမစားချင်တော့လို့ လူတိုင်း မလုပ်နိုင်အောင် အင်းလေးတွေကို ပိတ်လိုက်တယ်လို့ ရွှေလုပ်သားတွေက ပြောတယ်” ဟု ရွှေလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး က ပြောသည်။
အသေးစား ထုတ်လုပ်မှု ဖြစ်သည့် အင်းတခုလျှင် သိန်း ၁၀၀ ခန့် ကုန်ကျပြီး အကြီးစားလုပ်ငန်း ဖြစ်သည့် အက်ဒစ်
ခေါ် အက်တာတခုလျှင် သိန်း ၃၅၀ ခန့် ကုန်ကျသည့်အတွက် အင်းပိုင်များအနေနှင့် အကြီးစား လုပ်ငန်းကို လုပ်နိုင် စွမ်း မရှိကြောင်း ဒေါ်မြင့်မြင့်အေး က ပြောသည်။
ရွှေလုပ်သားများ အနေနှင့် ဇွန်လ ၁၄ ရက်နေ့က သဘောတူထားချက်အတိုင်း လုပ်ကိုင်ခွင့် မရရှိသေးသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးရန် တောင်းဆိုထားပြီးနောက် ကုမ္ပဏီများဘက်က ဇူလိုင်လ ၁၈ ရက်တွင်
ပြေလည်အောင် ဖြေရှင်းပေးမည်ဟု အကြောင်းပြန်ထားသည်။
ကုမ္ပဏီများဘက်မှ သတ်မှတ်ရက်တွင် ဖြေရှင်းမပေးပါက လူထုအင်အားဖြင့် တောင်အောက် တဖန်ဆင်းကာ
နေပြည်တော်ထိ ချီတက်ဆန္ဒပြရန် သို့မဟုတ် ကုမ္ပဏီက ပိတ်ထားသည့် ဗြုန်းကြိတ်စက်တွင် ဝင်ကြိတ်ရန်တို့
ကို ဆုံးဖြတ်ထားကြောင်းလည်း ဒေါ်အေးအေးမြင့် ပြောပြချက်အရ သိရသည်။

No comments:
Post a Comment