Friday, July 20, 2012

ခွပ်ဒေါင်းခေါင်းစည်း၊ ဗိုလ်ချုပ်ဓာတ်ပုံနဲ့ မြန်မာ့ တပ်မတော်သား

ဓာတ်ပုံ- လူငယ်လေး တဦး
ယမန်နေ့က ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဟာ ထူးခြားမှုတွေ များစွာရှိခဲ့ ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော် ရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ကာ လွမ်းသူ့ ပန်းခွေချ အလေးပြုခဲ့ပါတယ်။

ဒီအပြင် နိုင်ငံတော်ကလည်း အရင်နဲ့ မတူ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းကိုလည်း ပြန်လည်ပြောဆိုနေခဲ့ကြပါတယ်။ နိုင်ငံပိုင် ရုပ်သံတွေနဲ့ စကိုင်းနက်တို့ကလည်း တိုက်ရိုက်လွှင့်ထုတ်ခဲ့ကြတာ စသဖြင့် ထူးခြားမှုတွေထဲကတော့ ဒီ ဓာတ်ပုံက အထူးခြားဆုံးပါ။

လက်မောင်းမှာ ထောက်/ပို့ တပ် တံဆိပ်ပါ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ တပ်မတော်သား တဦးက ခွပ်ဒေါင်း ခေါင်းစည်း နဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို လက်မှာ ကိုင်ထားတဲ့ မြင်ကွင်းပါ။

ဒီဓာတ်ပုံထဲကလို တပ်မတော်သားတိုင်းဟာ တပ်မတော်ရဲ့ ဖခင် တကယ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဒီလို စိတ်သဘောထားမျိုး ရှိကြမယ်ဆိုရင် သိပ်ကောင်းမယ့် တပ်မတော်ရဲ့ သမိုင်းဖြစ်စဉ်တခုအဖြစ်လည်း မှတ်တမ်း တင်ကြရမှာပါ။
ဖေ့စ်ဘုတ်ပေါ်မှာ ခွန်ဒီးယမ်က တင်ထားပြီး ဓာတ်ပုံရိုက်သူကတော လူငယ်လေးတယောက် လို့ ဖော်ပြထားပါ တယ်။ တကယ့် တပ်မတော်သားစစ်စစ်ကို ရိုက်ထားတဲ့ ဓာတ်ပုံ ဟုတ်မဟုတ်ကတော့ ကာယကံရှင်တွေပဲ သိကြမယ် ထင်ပါတယ်။ နောက်ခံ ၀န်းကျင်ကတော့ ရွှေတိဂုံ စေတီအနီးတ၀ိုက်လို့ ခန့်မှန်းရပါတယ်။

No comments:

Post a Comment

My Blog List