Monday, March 23, 2015

ကျောင်းသားသပိတ် ရဲတပ်ဖွဲ့ဖြိုခွင်းမှု နိုင်ငံတကာလုပ်ထုံးလုပ်နည်း ကျော်လွန်ခဲ့ခြင်းမရှိဟု သမ္မတပြောကြား


လက်ပံတန်းမြို့တွင် ကျောင်း သားသပိတ် ပင်မစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းမှာ  ရဲတပ်ဖွဲ့ အနေဖြင့် ၎င်း၏လုပ်ငန်းကို အဆင့်ဆင့်ပြု လုပ်ခြင်း ဖြစ်ပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ထက်ကျော် လွန်ခြင်း မရှိကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူး၌ ဖြေကြား ခဲ့သည်။
လက်ပံတန်းတွင် ကျောင်းသား သပိတ်ပင်မစစ်ကြောင်း အကြမ်းဖက်ဖြိုခွင်း ခံရသည့် ကိစ္စ အပေါ် ‘‘ဒီဟာ ကို အကြမ်းဖက် ဖြိုခွဲတယ်ဆိုပေမယ့်လည်း ကျွန် တော်တို့မှာ ဟိုက ရိုက်လို့ ဒီက ပြန်ပြီး ရိုက်ရတဲ့ သဘော ပဲရှိ တယ်။ ဟိုက ခဲနဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့ သဘောပဲရှိတယ်။ တစ်ချက်မှ မျက်ရည်ယိုဗုံးတို့ ဘာတို့ နဲ့ ပစ်ပြီး ဖြိုခွဲရတာတွေ၊ Water Canon နဲ့ ပစ်ပြီးတော့ ဖြို ခွဲရတာတွေ၊ နောက်တစ်ခါ Rubber Bullet နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ၊ ဒါတွေ တစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ခင်ဗျား တို့ အီးယူကလည်း ရဲလုပ်ငန်း နဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ စနစ်တကျသင်ကြားပေးနေတာ တွေရှိပါတယ်။

ဒါဆန္ဒပြတဲ့သူ တွေဘက်က ရဲတွေကို ခဲနဲ့ ပေါက် တာ ရဲအမျိုးသမီးတွေ ခေါင်းတွေ ကွဲသွားတာ။ ရဲကားတွေ မှန်တွေ ကွဲသွားတာ၊ ရဲအတားအဆီးတွေ ကို ရိုက်ချိုးပြီး ဖျက်ဆီးတာ ဒါ တွေ အများကြီးပါပဲ။ ဒါတွေနဲ့ Balance လုပ်ပြီး ကြည့်ဖို့ကောင်း တယ်’’ဟု ဘီဘီစီသတင်းဌာနသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြန် လည်ဖြေကြားခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် ရဲတပ်ဖွဲ့အနေဖြင့် ၎င်း၏ လုပ်ငန်းကို အဆင့် ဆင့်လုပ်ဆောင်ခြင်း ဖြစ်ပြီး International Practice ထက် ကျော်လွန်ခြင်းမရှိကြောင်းနှင့် ယခုထက်ဆိုး သည့် ထိန်းသိမ်းမှုများ အနောက်နိုင်ငံများတွင် ယနေ့အထိဖြစ်နေဆဲဖြစ် ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

‘‘ကျောင်းသားတစ်ယောက် ကို တုတ်တွေနဲ့ အယောက် ၂၀ လောက်က ၀င်ရိုက်တဲ့ ကိစ္စကတော်တော် လွန်တယ်။ ကျောင်း သားတစ်ယောက်ကို ရဲ ငါး ယောက်က လက်နဲ့ပဲ ဖမ်းရင် တောင် ရနေတယ်။ ကျောင်း သားက အဖမ်းခံမယ်ပြောတာကို ရဲတွေက တုတ်တွေနဲ့ ရိုက်နှက် ဖမ်းဆီးခဲ့တယ်။ ဒါကဆီလျော်မှု မရှိတဲ့ အကြောင်းပြချက်တွေပါ။ 

ကျွန်တော်တို့ ရှေ့မှာတင်ဖြစ် သွားတယ်။ သတင်းမီဒီယာတွေ ရဲ့ ဗီဒီယိုမှတ်တမ်းတွေ မှာလည်း ပြန်ကြည့် ရင် တွေ့နိုင်တယ်’’ဟု အဆိုပါဖြစ်ရပ်တွင် ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ NNER အဖွဲ့ဝင် ကိုရဲ ၀င်းကပြောသည်။

လက်ပံတန်းမြို့၌ မတ်လ ၁၀ ရက်တွင် ရဲများက ကျောင်း သားသပိတ်ကို အကြမ်းဖက်ဖြို ခွင်းခဲ့သည့် ဖြစ် ရပ်အား နိုင်ငံတ ကာနှင့် ပြည်တွင်းမီဒီယာများ၌ ဖော်ပြခဲ့ကြပြီး ကန့်ကွက်ဝေဖန် မှုများစွာ ရှိခဲ့သည်။

‘‘သမ္မတရဲ့ မှတ်ချက်ဟာ မြေပြင်အခြေအနေတွေ၊ မှတ် တမ်းတွေနဲ့ ကွဲလွဲကွာခြားနေတာ တွေ့ရပါတယ်။ သမ္မတအနေနဲ့ အချက်အလက်ခိုင်ခိုင်မာမာရှိ ရင်၊ ကိုယ်ပြောတာကို သေချာတယ်လို့ ယုံရင် သပိတ်မှောက် ကျောင်းသားတွေနဲ့ မိဘတွေရဲ့ နစ်နာမှုကို တရားရုံးမှာ အမှုဖွင့်တိုင်တန်းနိုင်ဖို့ တရားဝင် ရုံးရှေ့ မှာ ထွက်ဆိုနိုင်ဖို့ ခွင့်ပြုရပါမယ်။ မတ်လ ၁၀ ရက်အကြမ်း ဖက်ဖြိုခွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရ မဟုတ်တဲ့ သီးခြားလွတ် လပ်သောစုံစမ်းစစ်ဆေးမှုပြု လုပ်ဖို့လိုအပ်ပါတယ်’’ ဟု မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုး သိမ်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်ရေးသားခဲ့ သည်။

ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မ သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် ရဲများက အကြမ်း ဖက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားနှင့် ၀န်းရံသူ ၁၂၇ဦးအား ဖမ်းဆီးကာ သာယာဝတီထောင်သို့ ပို့ဆောင် ခဲ့ပြီးနောက် ၎င်းတို့ကို လက်ပံ တန်းမြို့နယ်တရားရုံးတွင် မတ် လ ၁၁ရက်၌ ရုံးထုတ်စစ်ဆေး၍ ပုဒ်မငါးခုဖြင့် တရားစွဲကာ မတ်လ၂၅ ရက်တွင် ရုံးချိန်းသတ်မှတ် ထားသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့အပါအ၀င် မြို့ကြီးများ၌ ကျောင်းသားသပိတ် အကြမ်း ဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးကာ အမှုဖွင့်အရေး ယူထားမှုကို ကန့်ကွက်ရှုတ်ချပွဲ၊ ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ အစိုး ရနုတ်ထွက်ပေးရန် တောင်းဆိုပွဲ၊ ဆုတောင်းပွဲများနှင့်လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

‘‘နိုင်ငံတော်သမ္မတကြီးပြော တဲ့စကားကို သဘောမတူပါဘူး။  သမ္မတက တကယ့်ဖြစ်ရပ်ရဲ့သတင်းအချက် အလက်အပြည့်အစုံ ကို မရလိုက်ဘူးလို့ထင်ပါတယ်။ ကိုယ့်အပြစ်လွတ်အောင် လိမ်လည်ပြီးတော့ တင်ပြ တာမျိုးကိုပဲ ဖတ်ရလို့ ဒီလိုပြောတာလို့မြင်ပါ တယ်။ 

ဒီကိစ္စကို လွတ်လပ်တဲ့သူ တွေစုပေါင်းထားတဲ့စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းပါမယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။


7Day News Journal

No comments:

Post a Comment

My Blog List