Monday, March 23, 2015

ဟတ်ကြီးကပေးတဲ့ သံလွင်ခြောက်အိပ်မက်


သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာစီမံကိန်းတည်ဆောက်တော့မည်ဆိုသဖြင့်ထိုနေရာနှင့် နှစ် မိုင်ကျော် သာကွာဝေးသည့် ဘော့တရောရွာမှ ကျေးရွာသားများက သူတို့ရွာလေးသုံးကြိမ်မြောက် အဖြစ် ရွှေ့ပြောင်းရတော့ မည်ကို စိုးရိမ်ပူပန်နေကြသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ခွဲတွင် တည်ရှိသည့် ဘော့တရောရွာသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင် ၁၉၉၄ ခုနှစ် မာနယ်ပလောစစ်ဆင်ရေးကြောင့် တစ်ကြိမ်၊ ၂၀၁၀ တွင် DKBA နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့ စစ်ပွဲများကြောင့် တစ်ကြိမ် ရွာလည်းပျက်စီးခဲ့ပြီး ရွာသားများလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

ယခင်က ယင်းရွာမှာ လူနေအိမ်များပြားသည့် ရွာကြီးဖြစ်ခဲ့သည့် ဘော့တရောရွာသည် လက်ရှိတွင် လူနေအိမ်ခြေ ၄၀ လုံး၊ လူဦးရေ ၂၀၀ ကျော်သာ ကျန်ရှိတော့ပြီး အများစုမှာ ဒုက္ခသည်စခန်းများ တွင် ရောက် ရှိနေသလို ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းရောက်ရှိသွားသူများလည်းရှိသည်။

 ‘‘အသက်(၃၅)နှစ်အတွင်းမှာ ရွာနှစ်ခါပျက်ပြီးသွားပြီ။ ဒုတိယအကြိမ် ပြောင်းရွှေ့ရတုန်းက ရွာအခြေအနေ မဆိုးပေမယ့် ပထမတစ်ကြိမ်တုန်းက ရွာတွေကို ဖျက်ဆီးသွားတာ။ အခုရေကာတာဆောက်မယ်ဆိုရင် တတိယအကြိမ်ရွှေ့ပြောင်းရမှာ’’ဟု ယင်းရွာသားဦးကျော်လှက ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းရာ သံလွင်မြစ်ကြောင်းတစ်လျှောက် ရေကာတာစီမံကိန်းခြောက်ခု တည်ဆောက်မည်ဖြစ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့တွင် ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်း၊ တန့်ယန်းမြို့နယ်တွင် နောင်ဖ၊ မိုင်းဖောမြို့နယ်တွင် မန်တောင်း၊ မိုင်းတုံနှင့် မိုင်းပန်မြို့နယ်ကြားတွင် မိုင်းတုံရေကာတာ၊ ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ရွာသစ်ရေအားလျှပ်စစ်စီမံကိန်း၊ ကရင်ပြည် နယ် လှိုင်းဘွဲမြို့တွင် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းတို့ တည်ဆောက်မည်ဖြစ်သည်။

ကရင်ပြည်နယ်တွင်တည်ဆောက်မည့် ဟတ်ကြီးရေကာတာစီမံကိန်းကို မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ Eletricity Generating Authority of Thailand (EGAT)၊ တရုတ်နိုင်ငံမှ ဆိုင်နိုဟိုက်ဒရိုကုမ္ပဏီ၊ မြန်မာနိုင်ငံသားပိုင် IGE ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် မည်ဖြစ်သည်။

ဟတ်ကြီးရေကာတာစီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီများမှာ၂၀၀၆  ခုနှစ်ကတည်းက ဆည်ဆောက်မည့်အနီးဝန်းကျင်ရှိရွာများ၌ လေ့လာမှုများပြုလုပ်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။

ဟတ်ကြီးရေကာတာစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁,၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း စီမံ ကိန်း စတင်သည်နှင့် အနီးဝန်းကျင်ရှိရွာ ၁၁ ရွာကို ရေလွှမ်းမိုးခံရမည်ဖြစ်သည်ဟု ကုမ္ပဏီက ဒေသခံ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

‘‘ရေကာတာဆောက်မှာကို ဒီဒေသကလူတွေက မကြိုက်ကြဘူး။ ရေကာတာတွေဆောက်ရင် ရွာကပျက်စီး မှာ။ ဒေသခံတွေကလည်း ရွာကနေဖယ်ပေးရမှာ။ ကုမ္ပဏီကလည်း ပြောင်းရွှေ့ရမယ်ပြောတယ်။ ရွာသားတွေ က မပြောင်းချင်ကြဘူး’’ဟု ဦးကျော်လှကပြောသည်။

ရေကာတာဆောက်မည့်နေရာအနီးဝန်းကျင်မှာ ရေအောက်နစ်မြုပ်သွားမည်ဖြစ်သဖြင့် ဒေသခံများကို ပဲခူး ဘက်သို့ပြောင်းရွှေ့ပေးမည်ဟု ၎င်းတို့က ပြောဆိုနေကြသည်။

‘‘ပဲခူးဘက်မှာ နေရာချထားပေးမယ်ပြောတယ်။ ဦးတို့ကတော့ တောမှာပဲနေမယ်။ မြို့ရောက်ရင် ဘာမှလုပ် ကိုင်စားသောက်တတ်မှာမဟုတ်ဘူး။ ပြီးတော့ ရလာတဲ့ လျှပ်စစ်ကို ထိုင်းကိုပို့မယ်လို့လည်းပြောတယ်’’ဟု ဟတ်ကြီးရေကာတာအနီးရှိ ဘုရားကျောက်ရွာမှ ရွာလူကြီးဦးသာရင်က ပြောသည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာစီမံကိန်းများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံများကရရှိမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမည်ဖြစ်သည်။ အထူးသဖြင့် ဟတ်ကြီးရေကာတာစီမံကိန်းမှာ ထိုင်းနှင့်နီးစပ်သည့်အတွက် ထိုင်းနိုင်ငံသို့သာ ပို့မည်ဟု သံလွင်မြစ်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ဆိုကြသည်။

‘‘ရင်းနှီးမြှုပ်နှံမှုတွေက ထိုင်းနဲ့တရုတ်ကများတယ်။ အကျိုးအမြတ်ရမှာကလည်း ထိုင်းနဲ့တရုတ်ပဲ။ သံလွင် စီမံကိန်းက ထွက်လာမယ့် လျှပ်စစ်က မဂ္ဂါဝပ်တစ်သောင်းကျော်။ ဒါတွေက ဘယ်သူ့အတွက်လဲ။ သတင်း အချက်အလက်အရ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှုကလည်း နှစ်စဉ်မြင့်တက်နေတယ်’’ဟု မဲခေါင်စွမ်း အင်နှင့် ဂေဟဗေဒကွန်ရက်မှ မစ္စတာဝက်ဒ်အွန်းက လွန်ခဲ့သည့်နှစ် ၂၀၁၄ နိုဝင်ဘာတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် သံလွင်မြစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ ရေကာတာစီမံကိန်းများ စတင်ပါက အနီးဝန်းကျင်ရှိ ရွာများမှာ ရေလွှမ်းမိုးခံရခြင်းကြောင့် ပြောင်းရွှေ့ ရမည်ကို စိုးရိမ်သကဲ့သို့ စီမံကိန်းမစတင်မီ အစိုးရက နယ်မြေရှင်းလင်းမှုများ ပြုလုပ်လေ့ရှိသည့်အတွက် တိုက်ပွဲများဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်ကြသည်။

မြစ်ကြောင်းတစ်လျှောက်တွင် ရေကာတာစီမံကိန်းများ လုပ်ဆောင်ရန် အစပြုချိန်မှစ၍ နယ်မြေရှင်းလင်းမှု များကြောင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။ အဆို ပါ ပဋိပက္ခများကြောင့် လူဦးရေတစ်သိန်းကျော်မှာ စစ်ပြေးဒုက္ခသည်များအဖြစ် ရွှေ့ပြောင်းခဲ့ရပြီး လက်ရှိ အချိန်ထိ ဒေသခံများမှာ ရွှေ့ပြောင်းနေရဆဲဖြစ်သည်ဟု ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ အစီ အစဉ်ညှိနှိုင်းရေးမှူး ကိုစောသာဘိုးကပြောသည်။

‘‘တိုင်းရင်းသားလက်နက်ကိုင်တွေ အဓိကနေထိုင်တဲ့ကြားထဲမှာ ရေကာတာကြီးက တည်ဆောက်မှာဖြစ်တဲ့ အတွက် အကယ်၍ ဒီကြားထဲမှာ တစ်ချိန်မှာ သူတို့တွေ ယုံကြည်မှုပျက်စီးတာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုဖြစ်လာရင် ငြိမ်းချမ်းမှုကို ပျက်စီးစေနိုင်တယ်’’ဟု ၎င်းကဆိုသည်။

ထို့အပြင် ဟတ်ကြီးရေကာတာတည်ဆောက်ပါက ဒေသခံများမှာ ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်ပေါ် လာမည့်အတွက် ဟတ်ကြီးရေကာတာစီမံကိန်းကို ကန့်ကွက်သည်ဟု KNU တပ်မဟာ(၅) အထူးနယ်မြေ ဒုတာဝန်ခံ စောအဲ့ရိုးက ပြောသည်။

‘‘ဟတ်ကြီးရေကာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သဘောထားက ရေကာတာဆောက်မယ်ဆို ရင် ရေကာတာရဲ့ အထက်ပိုင်းပဲဖြစ်ဖြစ်၊ အောက်ပိုင်းပဲဖြစ်ဖြစ် ဆိုးကျိုးရှိတဲ့အတွက် ကန့်ကွက်တယ်။ အတင်းလုပ်မယ်ဆိုရင် ကာကွယ်ဖို့တော့ အဆင်သင့်ပဲ’’ဟု ၎င်းကပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများကို သံလွင်မြစ်ကြောင်းတစ်လျှောက် နေထိုင်နေသည့် တိုင်းရင်းသားဒေသခံများက ကန့်ကွက်လျက်ရှိပြီး စီမံကိန်းများရပ်တန့်ရန် လက်မှတ်ရေးထိုးတောင်းဆိုမှု များ ပြုလုပ်နေသည်။

ထို့အပြင် မတ်လ ၁၄ ရက်တွင် ကျရောက်သည့် နိုင်ငံတကာမြစ်ချောင်းများနေ့၌လည်း ရှမ်းနှင့် ကရင်ပြည် နယ်ရှိ ဟတ်ကြီးရေကာတာ တည်ဆောက်မည့်နေရာအနီးတွင် ရေကာတာဆန့်ကျင်ရေး ဆန္ဒပြတောင်းဆို မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စီမံကိန်းများရပ်တန့်ရန် တောင်းဆိုနေသော်လည်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာ တာ စီမံကိန်းများမှာ မကြာမီကာလ၌ စတင်တော့မည်ဖြစ်ပြီး လူထုတွေ့ဆုံမှုများ ပြုလုပ်နေပြီဖြစ်သည်။

ဒေသခံများ နောက်ဆုံးရရှိသည့် အချက်အလက်အရ ဟတ်ကြီးရေကာတာစီမံကိန်းကို ၂၀၁၆ တွင် စတင် မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများ၏ စိုးရိမ်ပူပန်မှုက မြင့်တက်နေပြီး သီးနှံများ စိုက်ပျိုးရမည်ကိုပင် ချိန်ဆနေကြသည်။

 ‘‘ရေကာတာကလုပ်တော့မယ်လို့ ကြားနေရတဲ့အတွက် ဘယ်တော့ပြေးရမလဲ ပြင်နေရတယ်။ တိုက်ပွဲဖြစ် ရင်လည်း ပြေးရမယ်။ ရေကာတာဆောက်ရင်လည်း ရေမြုပ်မယ်။ မျှော်လင့်ပါတယ်။ ရေကာတာမဆောက်ရင် ကောင်းမယ်။ ရေကာတာဆောက်ရင် အကုန်ဒုက္ခရောက်ကုန်မှာ’’ဟု ဦးကျော်လှကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List