Monday, March 23, 2015

ဖမ်းဆီးချုပ်နှောင်ထားသည့် သပိတ်မှောက်ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား ဒုတိယအကြိမ် ရုံးထုတ်သည့်နေ့တွင် ရှေ့နေ ၂၅ ဦးက ရှေ့နေပါဝါလွှဲခွင့် ထပ်မံလျှောက်တင်မည်


လက်ပံတန်းမြို့၌ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရပြီး သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရ သည့် ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းမှ ကျောင်းသူကျောင်းသားများနှင့် ၎င်းတို့ကိုဝန်းရံပေး သည့် ပြည်သူ များအား ဒုတိယအကြိမ်မြောက် ရုံးထုတ်သည့်နေ့တွင် ရှေ့နေ ၂၅ ဦးက ရှေ့နေပါဝါလွှဲခွင့် အား ထပ်မံလျှောက်တင် သွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက်တွင် စုံစမ်းသိရှိရသည်။
ယင်းသို့ ဒုတိယအကြိမ် ရုံးထုတ်သည့်နေ့ မတ် ၂၅ ရက်တွင် လက်ပံ တန်းမြို့နယ် တရားရုံး၌ပင် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

“ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၁၀၀ လောက်အတွက် လိုက်ပါဆောင်ရွက် မယ့် ရှေ့နေက ၂၅ ဦးရှိပါတယ်။ အဲ့ဒီနေ့ကျမှ ဘယ်သူတွေအတွက် ဘယ်ရှေ့နေက လိုက်ပါဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးဆုံးဖြတ် သွားမှာပါ။ သက်ဆိုင်ရာအနေနဲ့ ရှေ့နေပါဝါတင်ခွင့်ကို မပေးဘူးဆိုရင် အဲ့ဒီအတွက် တရားဝင်အမိန့်ချပေး ဖို့ တောင်းဆိုမှာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီခါကျမှ အထက်ကို တက်ဖို့ဆောင်ရွက်တာတွေ ဆက်လုပ်လို့ရ မှာပါ” ဟု ကျောင်းသားကျောင်းသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က မတ်၂၂ ရက်တွင် ပြော ကြားခဲ့သည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များက မတ် ၁၀ ရက်တွင် အကြမ်းဖက်ဖြို ခွင်းပြီးနောက် မတ် ၁၁ ရက်တွင် ပထမအကြိမ် လက်ပံတန်းတရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရှေ့နေများ က ကျောင်းသားများ အတွက် ရှေ့နေပါဝါရရှိရန် လျှောက်ထားခဲ့သော်လည်း မရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ရှေ့နေပါဝါလျှောက်ထားခွင့် မရှိသည်မှာ ကျောင်းသားများ အတွက် လူ့အခွင့်အရေးနှင့် အကျဉ်းသား အခွင့်အရေး ဆုံးရှုံးနေခြင်းဖြစ်ကြောင်း ရှေ့နေများနှင့် အများပြည်သူက ဝေဖန်ပြောဆိုမှုများရှိခဲ့ကြသည်။

ထို့အပြင် ယင်းကဲ့သို့ ပထမဆုံးရုံးထုတ်ခဲ့သည့်နေ့တွင် လုံခြုံရေးအင်အားမှာလည်း ၁၀၀ ကျော်ရှိကာ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြောင်းသိရပြီး တရားရုံးစစ်ဆေးမှုမှာ တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့ကာ မိသားစုများနှင့် တွေ့ ဆုံခွင့် မရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ သပိတ်မှောက်ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူ များအား အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးချုပ်နှောင်သည့်နေ့ မတ် ၁၀ ရက်မှစတင်ကာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်း မရှိခဲ့ဘဲ မတ် ၂၀ ရက်မှသာ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့် ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများ အနက်မှ မတ် ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်တို့တွင် ကျောင်းသား ၂၇ဦး၊ သတင်းထောက်နှစ်ဦးနှင့် မတ် ၁၇ ရက်တွင် ကျောင်းသားတစ်ဦးတို့ အား ပြန် လွှတ်ပေးခဲ့သော်လည်း သာယာဝတီ အကျဉ်းထောင်၌ လက်ပံတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ ၁၀၀ နီးပါး ကျန်ရှိနေသေးကြောင်း သိရသည်။

ဖမ်းဆီးချုပ်နှောင် ခံထားရသော ပင်မကျောင်းသား သပိတ်စစ်ကြောင်းမှ ကျောင်း သား၊ ကျောင်းသူ များနှင့် ကျောင်းသားသပိတ်အား ၀န်းရံပြည်သူ များကို လက်ပံတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ -၁၄၃၊ ပုဒ်မ -၁၄၅၊ ပုဒ်မ -၁၄၇၊ ပုဒ်မ-၃၃၂ နှင့် ပုဒ်မ-၅၀၅ (ခ) တို့ဖြင့် လည်းကောင်း၊ သပိတ် စစ်ကြောင်း ဖြတ်သန်း လာခဲ့သည့် မြို့နယ်အားလုံးတွင်လည်း ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။    


Eleven Media Group

No comments:

Post a Comment

My Blog List