Tuesday, March 24, 2015

စင်္ကာပူဝန်ကြီးချုပ်ဟောင်း ကွယ်လွန်မှု နိုင်ငံတကာတုံ့ပြန်


ခေတ်သစ်စင်္ကာပူနိုင်ငံကိုတည်ထောင်ခဲ့တဲ့ စင်္ကာပူ ခေါင်းဆောင်ဟောင်း Lee Kuan Yew ကွယ်လွန်သွား တဲ့အတွက် ကမ္ဘာအရပ်ရပ်က ဝမ်းနည်းကြေ ကွဲကြောင်း ပြောဆိုမှုတွေ တဖွဲဖွဲရောက်လာနေပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေက သူ့ကို ဘယ်လို အမှတ်ရအောက်မေ့ကြသလဲ ဆိုတာကိုတော့ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံကနေ တင်ပြပေးထားပါတယ်။
ကျန်းမာရေး ချို့ယွင်းနေတဲ့ အသက် ၉၁ နှစ်အရွယ် မစ္စတာလီကွမ်ယုဟာ စင်္ကာပူ အထွေထွေဆေးရုံကြီးမှာ တနင်္လာနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့တာပါ။

ခေတ်သစ် စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ မစ္စတာလီကွမ်ယုဟာ ခြောက်ကပ်ကပ် အင်္ဂလိပ် ကိုလိုနီ ကျွန်းလေးကနေ စင်္ကာပူနိုင်ငံကို ခေတ်မီတိုးတက်တဲ့ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အချက် အချာနေရာတခုဖြစ်အောင် ဦးဆောင် ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာထက် ထိရောက်တဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရား၊ စီးပွားလုပ်ငန်းရှင်တွေ အကြိုက် ပေါ်လစီတွေ ချမှတ်ပြဌာန်းတာနဲ့ စည်းကမ်း သေဝပ်မှုတွေကို ဦးစားပေးဆောင်ရွက်ခဲ့သူ တဦး ဖြစ်ပေမယ့်လည်း သူ့လုပ်ဆောင်ချက်တွေက ထွက်လာတဲ့ ရလဒ်တွေကြောင့် မစ္စတာ လီကွမ်ယုကို အများက ကြည်ညို လေးစားကြပါတယ်။

မစ္စတာ လီကွမ်ယုဟာ စစ်မှန်တဲ့ သမိုင်းမှာ အထင်ကရအကျဆုံး တကယ့် ခေါင်းဆောင်တဦးဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama က တနင်္လာနေ့မှာ ပြောကြားလိုက်သလိုပဲ သမ္မတအိမ်ဖြူတော်က လည်း သူဟာ အမြော်အမြင်ကြီးမားသူတဦးဖြစ်သလို အာရှရေးရာတွေမှာ မဟာဗျူ ဟာမြောက် တွေးခေါ် မြော်မြင်တတ်သူတဦးဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း မစ္စတာလီကွမ်ယုနဲ့ တွေ့ဆုံစဉ် ဘဝ အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ကမ္ဘာ့ရေးရာ အဖြာဖြာတို့ကို ပြောခွင့်ရခဲ့တဲ့အတွက် သူ့အနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်္ခန်းစာတွေကို ရရှိခဲ့ကြောင်း တနင်္လာနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

သူဟာ တိုင်းပြည် စည်းလုံးညီညွတ်ပြီး တိုးတက် သာယာဝပြောအောင် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ် တယ်လို့ မစ္စတာလီကွမ်ယုရဲ့ သားကြီးလည်းဖြစ်၊ လက်ရှိ စင်္ကာပူနိုင်ငံဝန်ကြီးချုပ်လည်းဖြစ်တဲ့ Lee Hsien Loong က ပြောပါတယ်။

“သူဟာ ကျနော်တို့ တိုးတက် ကြီးပွားအောင်၊ သတ္တိရှိအောင်၊ အတူတကွ လက်တွဲ လုပ်ဆောင်နိုင်အောင်၊ ကျနော်တို့ ဒီအဆင့်ကို ရောက်လာအောင် စွမ်းဆောင်ပေးခဲ့သူပါ။ သူဟာ ကျနော်တို့အတွက် လွတ်လပ်ရေး ရအောင်၊ တိုင်းပြည်မရှိတဲ့နေရာ တိုင်းပြည်တခု ဖြစ်လာအောင် တည်ထောင်ပေးခဲ့သူ ဖြစ်သလို စင်္ကာပူနိုင် ငံသားအဖြစ် ဂုဏ်ယူ ဝင့်ကြွားနိုင်အောင် လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သူလိုလူမျိုး ကျနော်တို့ နောက် တယောက် တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံသားတွေအတွက်ရော၊ တခြားသူတွေအတွက်ပါ လီကွမ်ယုဟာ စင်္ကာပူပါပဲ။”

အာရှတိုက်တလွှားက ခေါင်းဆောင်တွေကလည်း လီကွမ်ယုလို ခေါင်းဆောင်မျိုးဖြစ်ဖို့ အတုယူ လုပ်ဆောင် ခဲ့ကြတာပါ။

စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ မစ္စတာ လီကွမ်ယုဟာ မဟာဗျူဟာမြောက် တွေးခေါ်တဲ့ခေါင်းဆောင် အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း အသိအမှတ် ပြုခံရသူဖြစ်တယ်လို့ တရုတ်သမ္မတ Xi Jinping က ပြော ကြားလိုက်ပြီး သူဟာ ထူးခြားတဲ့ အာရှတိုက်ရဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei ကလည်း ဘေဂျင်းမြို့မှာ ပြောပါတယ်။

“မစ္စတာလီကွမ်ယုဟာ သြဇာတိက္ကမရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တဦးဖြစ်သလို အရှေ့တိုင်း တန်ဖိုးတွေနဲ့ နိုင်ငံ တကာအမြင်တွေကို ပေါင်းစပ်ထားတဲ့ မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်တတ်တဲ့သူ တဦး ဖြစ်ပါ တယ်။”

မစ္စတာ လီကွမ်ယုဟာ သြဇာရှိတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တဦးဖြစ်သလို အာရှတိုက် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးဆောင် လမ်းပြခဲ့သူ ဖြစ်တယ်လို့ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုသမ္မတ Jusuf Kalla က ပြောပါတယ်။ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကခွဲထွက်ပြီး စင်္ကာပူနိုင်ငံသစ်ကို စင်္ကာပူနိုင်ငံကို စတင် တည်ထောင်တဲ့အချိန်ကစလို့ ကနေ့မြင်နေရတဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခုဖြစ်အောင် မစ္စတာ လီကွမ်ယုက တစိုက်မတ်မတ် ကြိုးစား လုပ်ဆောင်ခဲ့တယ်လို့ မလေးရှား သမ္မတ Najib Razak ကလည်း ချီးကျူး ပြောဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မစ္စတာလီကွမ်ယုဟာ အာရှတိုက်ရဲ့ အကြီးမားဆုံးခေါင်းဆောင် တဦးဖြစ်ကြောင်း ပြောကြားသလို ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကလည်း သူဟာ ခေတ်သစ်ကမ္ဘာ ရဲ့ အထူးချွန်ဆုံး ခေါင်းဆောင်တယောက်ဖြစ်တယ်လို့ ချီးကျူး ပြောဆိုထားပါတယ်။

မစ္စတာလီကွမ်ယုက ခေါင်းဆောင်ကောင်းပီပီ ကြိုးစားအားထုတ် တည်ထောင်ခဲ့တဲ့အတွက် စင်္ကာပူနိုင်ငံ ကနေ့အချိန်မှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံအဆင့်ကို ရောက်လာပေမယ့်လည်း တချို့ သူ့လုပ်ရပ်တွေအပေါ် ဝေ ဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ အထူးသဖြင့်တော့ ဒီမိုကရေစီအရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အတိုက်အခံတွေကို ဖမ်းဆီးအပြစ်ပေးတဲ့ကိစ္စတွေဟာ ထင်ရှားတဲ့သာဓကတွေ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ သူ့ရဲ့ အလေ့အ ထကြောင့် သံတမန်ရေးရာကိစ္စတွေမှာ မကြာခန ပြဿနာ တက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်သံတမန်တွေကို ပြောကြားတဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ချလိုက်တဲ့ WikiLeaks ရဲ့ အဆိုအရ ၂ဝဝ၇ ခုနှစ်က အမေရိကန် သံတမန်နဲ့ တွေ့ဆုံစဉ် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရတာဟာ လူသေတွေနဲ့ ဆက်ဆံရသလိုပဲလို့ ပြောခဲ့တဲ့အကြောင်း ရေးသားထားတာကို တနင်္လာနေ့ထုတ် The Washington Post သတင်းစာရဲ့ နာရေးကြော်ငြာကဏ္ဍမှာ ထည့်သွင်း ရေးသားထားပါတယ်။

၁၉၅၉ ခုနှစ်ကနေ ၁၉၉ဝ ခုနှစ်အထိ ၃၁ နှစ်ကြာ ကမ္ဘာ့ သက်တမ်းအရှည် ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာလီကွမ်ယုဟာ သူ ဝန်ကြီးချုပ်အဖြစ် ရာထူးကအနားယူပြီးတဲ့အချိန်ထိ စင်္ကာပူ နိုင်ငံရေးမှာ သြဇာရှိတဲ့ပုဂ္ဂိုလ်အဖြစ် ဆက်လက် တည်ရှိနေခဲ့ကြောင်း သားဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။

“အသက်အရွယ်ကြီးရင့်လာတဲ့အထိ စင်္ကာပူနိုင်ငံရဲ့ အခြေအနေကို သူအမြဲ စောင့်ကြည့်နေခဲ့ပါတယ်။ စင်္ကာပူနိုင်ငံအပေါ် သူ့ရဲ့ ချစ်ခင်မြတ်နိုးမှုဟာ ပျောက်ကွယ် မသွားပါဘူး။ စင်္ကာပူနိုင်ငံအတွက် သူ့ဘဝ တခုလုံးကို မြှုပ်နှံထားခဲ့သူ ဖြစ်ပါတယ်။ သူ့ဝဘရဲ့ နောက်ဆုံးရက်တွေမှာ သူပြောသွားတာကို ပြန်ပြောပြ ပါရစေ။ ဒီတိုင်းပြည် သာယာဝပြောဖို့အတွက် ငါ့ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့ပြီးပြီ။ ငါလုပ်စရာ ဘာမှ မကျန်တော့ဘူး။ အဆုံးသတ်မှာ ငါ ဘာပြန်ရခဲ့သလဲ? …. အောင်မြင် တိုးတက်တဲ့ စင်္ကာပူနိုင်ငံကို ရခဲ့တယ်။ ငါ့အနေနဲ့ ဘာတွေ ပေးဆပ်ခဲ့သလဲ?...... ငါ့ဘဝကို ပေးဆပ်ခဲ့တယ်။”

ကွယ်လွန်ခေါင်းဆောင်ဟောင်း လီကွမ်ယုအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် သီတင်းပတ် တပတ် သတ်မှတ်ထားပြီး သူ့ရုပ်အလောင်းကို မတ်လ ၂၉ ရက်၊ တနင်္ဂနွေနေ့မှာ နိုင်ငံတော် ဈာပနနဲ့ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

VOA

No comments:

Post a Comment

My Blog List