Tuesday, March 24, 2015

လွတ်လပ်ရေးသမိုင်းဝင် အတွင်းဝန်များရုံးတွင် ပြုလုပ်သည့် ဧည့်ခံပွဲ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စစ်ဆေးမည်


မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အရေးပါသော အာဇာနည်များ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်များရုံးတွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်၏သမီး ဧည့်ခံပွဲ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ လက်ရှိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အနော်မာ အနုပညာအဖွဲ့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါကော်မရှင်မှ စုံစမ်းသိရှိရသည်။
ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်များအရ ပြုပြင်ဆဲကာလတွင် Outdoor အခမ်းအနားများ ကျင်းပခွင့် ပေး မထားဘဲ စီမံကိန်းပြီးစီးသွားမှ လုပ်ခွင့်ပေးထားခြင်း ဖြစ်သဖြင့် တာဝန်ယူ ပြုပြင်နေသည့် အနော်မာအဖွဲ့ ကို မေးမြန်းစိစစ်သွားမည် ဖြစ်ကြောင်း ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“သူတို့ကို ဆက်သွယ်မေးတော့ မွေးနေ့ပွဲလုပ်တာ မဟုတ်ဘဲ စီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ ကို ခေါ်ပြီး လုပ်ငန်းအကြောင်း ရှင်းပြတယ်။ မြန်မာမုန့်တွေ ကျွေးတယ်။ သောက်တာ စားတာ မပါဘူး လို့ ပြောတယ်။ မှန်၊ မမှန် စိစစ်မှုတွေ လုပ်ရမယ်။ ပြောတာလွဲရင် MIC ဥပဒေအရပဲ လုပ်ရမယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အနော်မာ အနုပညာအဖွဲ့မှာ အတွင်းဝန်ရုံးကို ပြုပြင်မှုများ ဆောင်ရွက်ပြီးပါက ပြတိုက်အဖြစ် လုပ်ကိုင်ခွင့် ရရှိထားပြီး ပန်းချီပြခန်း၊ တိုင်းရင်းသားရိုးရာ ပစ္စည်း၊ အစားအသောက်များ ရောင်းချခွင့်၊ ရက်ကန်း၊ ဂျက်ခုတ်စင် အပါအဝင် ပန်းဆယ်မျိုး ပြသခွင့်၊ ရိုးရာဖျော်ဖြေပွဲများ ပြသခွင့်ပါ ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။

“ဘယ်သူပဲလုပ်လုပ် ပိုင်ဆိုင်မှုက သူတို့ လက်ထဲမှာပဲ ရှိတဲ့အတွက် ဒီကိစ္စမှာ အနော်မာမှာပဲ တာဝန်ရှိနေ တယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြော ဆိုသည်။

ယင်းအတွင်းဝန်များရုံးကို Conservation Management Plan ရေးဆွဲခဲ့သည့် Yangon Heritage Trust ကလည်း လက်ရှိတွင် ယင်းအဆောက်အအုံ စီမံခန့်ခွဲမှု ရှိသကဲ့သို့ ဆုံးဖြတ်ချမှတ်ရာတွင် ပါဝင်ခြင်း မရှိကြောင်း အဆိုပါအဖွဲ့က ပြောဆိုထားသည်။

“မွေးနေ့ပွဲလုပ်တယ် ဆိုရင် ဒီလုပ်ရပ်ကို ကျွန်တော်လည်း မနှစ်သက်ပါ။ဒီအဆောက်အအုံ ပြုပြင်ထိန်း သိမ်းရေးကို ကိုသန့်မြင့်ဦးတို့ YHT နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါကြောင့် YHT အနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန် ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List