Tuesday, March 24, 2015

ပါကစ္စတန်စစ်တပ်က ၇ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖွဲ့စည်းပုံနေ့ကျင်းပ





ပါကစ္စတန်စစ်တပ်သည် ၇ နှစ်တာမျှမကျင်းပခဲ့သည့် ဖွဲ့စည်းပုံနေ့အခမ်းအနား (Republic Day) ကို ပထမ ဦးဆုံးအကြိမ်အဖြစ် တင်္နလာနေ့တွင် ပြန်လည် ကျင်းပခဲ့သည်။

အလံများတလူလူလွင့်လျှက်ပါကစ္စတန်ဝေဟင်ထက်တွင်စစ်ရေးပြ ပျံသန်းနေ သည့် လေယာဉ်များသည် တစ်နည်းအားဖြင့် ပါကစ္စတန် စာသင်ကျောင်း တစ်ကျောင်းကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများအား ၄င်းတို့ စစ်အင်အား မည်မျှရှိသည်ဆိုသည့် အကြောင်းကို ပြသနေခြင်းလည်းဖြစ်သည်။

ပါကစ္စတန်ဖွဲ့စည်းပုံနေ့စစ်ရေးပြအခမ်းအနားကို သေနတ် ၃၁ ချက်ပစ်ဖောက်၍ ဦးညွတ်ဂုဏ်ပြုခဲ့ကြပြီး အခမ်းအနား အစီအစဉ်အတွင်း လုံခြုံရေး တင်းကြပ်စွာချမှတ်ထားသည်။ စစ်သွေးကြွများသည် ဆယ်လူ လာဖုန်းများဖြင့် ဖုန်းခေါ်ဆို၍ ဗုံးဖောက်ခွဲခြင်းများပြုလုပ်လေ့ရှိသောကြောင့် ၄င်းတို့ရန်ကို ကာကွယ်ရန် အတွက် အခမ်းအနား အစီအစဉ်အတွင်း ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားခဲ့သည်။

ပါကစ္စတန်စစ်တပ်သည် စစ်သွေးကြွများနှင့် စစ်ပွဲများဆင်နွှဲနေရသောကြောင့် ၂၀၀၈ ခုနှစ်မှစ၍ စစ်ရေးပြ ချီတက်မှုများကို ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံကို သမိုင်းထက်ဝက်ကျိုးလုနီးပါးအုပ်အုပ်ချုပ်လာခဲ့သည့် စစ်တပ်ကမူ လွန်ခဲ့သည့်နှစ်မှစ၍ ပါကစ္စတန်တပ်ဖွဲ့များက အာဖဂန်နစ္စတန် နယ်စပ်ဒေသရှိ ကိုင်ဘာနှင့် မြောက်ဝါဇီရစ်စတန်ဒေသများတွင် ခိုလှုံနေသည့် သောင်းကျန်းသူ စစ်သွေးကြွများကို တိုက်ထုတ်နေခဲ့သည့်အတွက် ယခုအခါ စစ်သွေးကြွများ ရှုံးနိမ့်၍ ၄င်းတို့ သိမ်းပိုက်ထားသည့် နေရာများမှ ဆုတ်ခွာ ထွက်ပြေးနေရသည်ဟု ပြောသည်။

ပါကစ္စတန်နိုင်ငံ၏ စစ်ရေးပြအခမ်းအနားသည် ပြိုင်ဘက် အိန္ဒိယနိုင်ငံကို ၄င်းတို့စစ်အင်အားမည်မျှရှိသည် ဆိုသည့်အကြောင်းကို အလိုအလျှောက် သတင်းအချက်အလက်ပေးပြီးသားလည်းဖြစ်သည်။ ၁၉၄၇ ခုနှစ် တွင် ဗြိတိန်နိုင်ငံထံမှ လွတ်လပ်ရေးရပြီးချိန်မှစ၍ နျူကလီးယားလက်နက် ကိုယ်စီပိုင်ဆိုင်ထားသည့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံသည် စစ်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး အာဖဂန်နစ္စတန်အပါအဝင် နယ်စပ် ဒေသ အသီး သီးရှိ ပဋိပက္ခများကြောင့် နှစ်နိုင်ငံကြား ပြဿနာများဆက်လက်ကြီးထွားနေခဲ့သည်။

ဗြိတိသျှကိုလိုနီအောက်ရှိ အိန္ဒိယနိုင်ငံတွင်းမှ မူဆလင်များကို ကာကွယ်ရန် အတွက် အိန္ဒိယမှ ပါကစ္စတန် ကို သီးခြားခွဲထွက်၍ နိုင်ငံတည်ထောင် ရန်တောင်းဆိုခဲ့သည့်နေ့ဖြစ်သည့် ၁၉၄၃ ခုနှစ် မတ် ၂၃ ကို ပါကစ္စတန်နေ့ အဖြစ် သတ်မှတ်ကျင်းပကြခြင်းဖြစ်သည်။

အလင်းအိမ်
Source: Reuters

No comments:

Post a Comment

My Blog List