Monday, September 10, 2012

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်



ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်
စံကွန့်

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်။
ဟိုတုန်းကလို ကြိုးဝိုင်းထောင့်ထဲ အသေပိတ်ထိုးနေတာမျိုး မဟုတ်တော့ဘူး။ မျက်နှာကို ဖွင့်ပေးလာတယ်။ ရင်ဘတ်ကို ဟပေးလိုက်တယ်။ ချောင်ပိတ်အထိုးခံနေရာကနေ တချက် တချက် ပြန်ထိုးဖော်ရလာတယ်။ ပရိသတ်က “ဟေး ကနဲ” အားပေးလာတယ်။ ပွဲလေး စိုပြည်လာအောင် နည်းနည်း ဖွင့်ပေးတာကို အခွင့်ကောင်းယူပြီး နှာခေါင်းသွေးထွက်အောင် ထိုးလာရင်တော့ စောစောကလိုပဲ ကြိုးဝိုင်းထောင့် ပို့ပြီး အသေပြန်ထိုးလိမ့်မယ်။ မယုံ … ကြည့်။ 

*******
ပွဲက အခုမှ ပိုကြည့်လို့ ကောင်းလာတယ်။
မတတ်သာလို့ သွားဖြဲပြတာကို ပြုံးတယ်လို့ တချို့က ထင်လာကြတယ်။ ကိုယ့်ရောဂါကြောင့် အသားရှောင်တာကို သက်သတ်လွတ်စားတဲ့ သူတော်စင်ကြီးလို့ မြင်တဲ့လူက မြင်တယ်။ ၀န်ကြီးချုပ်ကနေ သမ္မတရာထူး ‘ပြောင်း’ သွားတာ၊ စစ်ယူနီဖောင်းကနေ ပုဆိုးတိုက်ပုံ ‘လဲ’ လိုက်တာကို တချို့ ‘ပြောင်းလဲ’ ပြီဆိုပြီး လက်ခေါက်မှုတ်ကြတယ်။ အာဏာလက်ဆုပ်မဖြေချင်တဲ့ စစ်အုပ်စုဟာ ဒီအတိုင်း ရှေ့ဆက်သွားဖို့ ခက်ခဲလာတဲ့အခါမှာ သူတို့ ဆက်လက် ရှင်သန် ရပ်တည်ဖို့ (Survival ဖြစ်ဖို့) နည်းလမ်းတခုကို ရှာနေတဲ့အချိန်၊ အမေရိကန်ဟာ စစ်ပွဲနှစ်ခုနဲ့ စစ်ပန်းနေချိန်၊ အရှေ့အလယ်ပိုင်းမှာ သြဇာကျနေချိန်မှာ အာရှ-ပစိဖိတ်မှာ တရုတ်ကြီး ‘ထောင်’ နေတယ်။ မြန်မာဟာ တရုတ်ကြီးရဲ့ ရင်ခွင်ထဲမှာ သူပြုသမျှ နုရတဲ့ ဘ၀၊ အာရှ-ပစိဖိတ်မှာ အင်အားချိန်ခွင်လျှာ ညှိချင်နေတဲ့ အမေရိကန်က မြန်မာကို မျက်စတချက် လှမ်းပစ်လိုက်တယ်။ ပေါက်ဖော်ကြီးနဲ့ ဖွတ်ဖွတ်ကြေနေတဲ့ မြန်မာ ငေါက်ကနဲ ထလာတယ်

တနည်းပြောရရင် မသာအိမ်ရှာနေတဲ့ ဖဲသမားနဲ့ ဖဲသမား မျှော်နေတဲ့ မသာအိမ် တွေ့ကြတာပဲ။ ဒါကို အူကြောင်ကြောင် နိုင်ငံရေးသမားအချို့နဲ့ အရိုးမျှော်အုပ်စုတချို့က သမ္မတကြီးကို ယုံပါတယ်၊ သမ္မတကြီး ကျန်းမာပါစေဆိုပြီး ထအော်ကြတယ်။ တကယ်တမ်း စစ်အာဏာရှင်တို့ရဲ့ အကျင့်စရိုက်နဲ့ အဇ္ဈတ္တကို သိသူတွေက ရင်ထုမနာဖြစ်ကြရတယ်။ တချို့က ပြုံးကြတယ်။


No comments:

Post a Comment

My Blog List