Thursday, August 23, 2012

ဇေကမ္ဘာကုမ္ပဏီက ဦးနေမျိုးဝေအပေါ် စွဲဆိုသည့်အမှု ရုံးထုတ်


ဇေကမ္ဘာကုမ္ပဏီက လယ်သိမ်းခံလယ်သမားတွေကို ကူညီဆောင်ရွက်တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှုနဲ့ တရားစွဲတဲ့အမှုကို ဒီနေ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ စတင်ရုံးထုတ်ပါတယ်။
ဦးနေမျိုးဝေ (ဓာတ်ပုံ-ဒီဗွီဘီ)
ဦးနေမျိုးဝေအတွက် သူလိုက်ပါဆောင်ရွက်ကူညီတဲ့ လယ်သမား ၂ ဦးက ကျပ်ငွေ ၁၀ သိန်း အာမခံခဲ့ပါတယ်။  အမှုကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီမှာ ထပ်မံချိန်းဆိုပါတယ်။
ဒီနေ့အဖို့တော့ မစစ်ဆေးဖြစ်ဘဲ လာမယ့်ရုံးချိန်းမှာ တရားလိုဘက်က သက်သေတွေကို စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။
ဒီနေ့ ရုံးချိန်းကို အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်တဲ့ မစုစုနွေး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လာရောက် နားထောင်ကြပါတယ်။
ဦးနေမျိုးဝေဟာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုအတွင်း ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နစ်နာခဲ့တဲ့ လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
ဦးနေမျိုးဝေရဲ့ လယ်သမားအရေးနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာတွေကို ပြောဆိုလုပ်ဆောင်ရွက်တွေဟာ ဦးခင်ရွှေပိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်ဆိုပြီး ဇူလိုင်၂၃ ရက်နေ့က အသရေဖျက်မှုနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ဇေကမ္ဘာကုမ္ပဏီက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List