Saturday, August 25, 2012

ဥပဒေရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ အာဏာရယ်


            ဥပဒေဆိုတာ ပြည်သူတွေ လိုက်နာဘို့အတွက် ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဥပဒေမှာ လိုအပ်ချက်တွေ ရှိကောင်းရှိတာဖြစ်နိုင်ပေမဲ့ ပြဋ္ဌာန်းထားပြီဆိုရင်တော့ လူတိုင်းမှာ လိုက်နာရမဲ့ တာဝန် ရှိပါ တယ်။ ပြည်သူတစ်ယောက်ဟာ ဥပဒေကိုမသိလို့ အပြစ်ကျူးလွန်မိရင်လဲ အရေးယူခံရမှာပါဘဲ။ ဥပဒေကို နားမလည်လို့ဆိုပြီး ခွင့်မလွှတ်ပါဘူး။ အဲ… လုပ်ပိုင်ခွင့်ကိုအသုံးချပြီး အာဏာကို အလွဲသုံးစား လုပ်ခဲ့လို့ ကျွန်တော်တို့တစ်တွေ ခံလာရတာ အခုထိပါဘဲ။ ကျွန်တော်တို့တတွေ ဒုက္ခပေါင်း များစွာနဲ့ ခံစားခဲ့ရပါတယ်။ ဥပဒေအရ အရေးယူသင့်လို့ ခံရပေမဲ့ လူတိုင်းပြစ်မှုမကျူးလွန်ခဲ့ပါဘူး။ ပြစ်မှုကြီးကြီး မားမားမရှိဘဲ အာဏာ ကို အလွဲသုံးစားလုပ်ခဲ့လို့ ခံခဲ့ရတဲ့ ကျွန်တော်တို့ဒုက္ခဟာ ဒီတစ်သက် မေ့နိုင်စရာ မရှိတော့ပါဘူး။ လုပ်ပိုင်ခွင့် ဆိုတာကတော့ ဥပဒေပြုပြီးမှ အခွင့်ရလာတာဖြစ်တယ်။ အာဏာဆိုတာတော့ ရယူခြင်းဖြစ်တယ်လို့ ကျွန်တော်ကြားဘူးခဲ့ပါတယ်။
              အခုအခါမှာ လွှတ်တော်မှာ အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက အခြေခံဥပဒေကို ကျော်လွန်ချင်တဲ့ ဆန္ဒနဲ့ ကျန်တဲ့သူတွေကို မြှောက်ပင့်ပေးပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကို   နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာကို ကြားသိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆို ရာမှာ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး   နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်”လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပေမယ့် ယခုဆိုရင် အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်   တွေကိုနှုတ်ထွက်ပေးဖို့ ဦးမန်း ဦးဆောင်တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုနေပါပြီ။ ဒီထက်တစ်ဆင့်တက်ပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေ”ကိုပါ ထိပါးလာလေမလား ဆိုတာ စဉ်းစားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။
              ၂၀၀၄ ခုနှစ် ကျွန်တော်တို့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဖျက်သိမ်းတုန်းကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဇေယျသီရိဗိမာန်မှာ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဘူး” လို့ ပြောခဲ့ တာကို ကျွန်တော်တို့ သံတိုင်ကြားမှ ကြားခဲ့ရပါတယ်။ ကျွန်တော်အပါအ၀င် ကျွန်တော်တို့ အဖွဲ့အစည်း ထဲမှာ လူတိုင်းပြစ်မှုကျူးလွန်သူတွေ မဟုတ်ပါဘူး၊ အပြစ်ရှိလို့ အရေးယူခြင်း ခံခဲ့ရတဲ့ကိစ္စတွေကလည်း ဘယ်လိုမှ   ငြင်းပယ်လို့မရနိုင်ပါဘူး။ ဒီလိုဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာ တပ်မတော်ရဲ့သမိုင်းမှာ အင်မတန်ဆိုးဝါးတဲ့ အမည်းစက်တစ်ခုအဖြစ် သမိုင်းတွင်နေမှာပါ။ ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ ကလည်း ရန်ကုန်တိုင်း   ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမမှာ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အချိန်မှာလည်း  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက “No one is above the law - ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူး၊ No one can stay beyond the law - ဥပဒေပြင်ပမှာ ဘယ်သူမှမနေရဘူး”လို့ ပြောခဲ့ပါတယ်။ အခြေအနေတွေကပဲ ပြောင်းလဲသွားလို့လား၊ လူတွေရဲ့ စိတ်ဓာတ်အခြေခံတွေကပဲပြောင်း လဲသွားလို့ လားတော့ကျွန်တော်မသိပါဘူး။ အခုအချိန်မှာ   ပြည်သူ့လွှတ်တော်မှာ ခေါင်းပေါင်းစ တစ်ထောင်ထောင်နဲ့ ကျန်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကို သိမ်းသွင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအ၀င် အဖွဲ့ဝင်တွေကို   နှုတ်ထွက်ခိုင်း  နေတာဟာ ဦးမန်း အနေနဲ့ ကိုယ့်ကိုကိုယ် ဥပဒေအထက်မှာ ရှိတယ်လို့ သုံးသပ်ပြီးလုပ်နေ တာလားဆိုတာ စဉ်းစားစရာပါပဲ။
              ကျွန်တော်တို့အမြင်ပြောရရင်တော့ ဦးသိန်းစိန်ရော၊ ဦးမန်းတို့ပါ အာဏာသိမ်းခဲ့ကြတာပါဘဲ။ ကျွန်တော်တို့ ထောက်လှမ်းရေးအဖွဲ့တွေထက်ပိုပြီး လက်ဦးသွားလို့ အခုလို ရာထူးတွေ ရခဲ့ကြတာပါ။ ဒီလိုနဲ့ဘဲ ကျွန်တော်တို့အဖွဲ့တွေပြုတ်တဲ့သူကပြုတ်၊ နှစ်ရှည်ထောင်ကျတဲ့လူတွေကကျနဲ့ဘ၀တွေပျက်ခဲ့ ကြရပါတယ်။ ဒါပေမယ့် သမ္မတကြီးဦးသိန်းစိန်ကတော့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် ကြင်နာမှုတွေ၊ သနားညှာတာမှုတွေအများကြီးပေးနိုင်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ကျေးဇူးကြောင့်လည်း ကျွန်တော်တို့အဖွဲ့   တွေထောင်ထဲကနေထွက်လာကြရတာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ကျေးဇူးရှင်အနေနဲ့ သမ္မတကြီးကို ညအိပ်ယာဝင်တိုင်း ကန်တော့ဖြစ်ပါတယ်။ ထောင်ထဲမှာရှိသေးတဲ့ ကျန်တဲ့အဖွဲ့ကို လွှတ်ပေးဖို့ကိုလည်း သမ္မတကြီးကိုတောင်းပန်လိုပါတယ်။
              သိက္ခာဆိုတာ ကိုယ့်ဘာသာကိုယ် ပြဋ္ဌာန်းတာဖြစ်ပါတယ်။ မိမိသိက္ခာကို မိမိဘာသာ ပြဋ္ဌာန်း တာဟာ မိမိရဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အခုကိစ္စကိုပြန်ကြည့်ရင်လည်း မိမိမှာ လုပ်ပိုင်ခွင့် အခွင့် အာဏာရှိတယ်ဆိုပြီး ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာပဲ ဖြစ်ပါတယ်။ ငါးချဉ်ကို ကိုယ့်ဟာကို စားကြည့်လို့   ကောင်းတယ်လို့ထင်ပေမယ့် လူအများက စားကြည့်ပြီးမှ ကောင်း မကောင်းကို သတ်မှတ်လို့ရမှာပါ။ ဦးမန်း အနေနဲ့ ဦးသိန်းစိုးကို ဖြုတ်ချနိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီများမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ သွယ်ဝိုက်တဲ့နည်းနဲ့ ငေါက်ငမ်းပြီး အတင်းအကျပ် လက်မှတ်ရေးထိုး ခိုင်းနေတာလည်း အကုန်ပြန်ကြားနေရပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ဆန့်ကျင်မနေဘူးလား။ ကိုယ်အာဏာရရှိရေးအတွက် အခုလိုလုပ်တာကို လွှတ်တော်ထဲက ကိုယ်စား လှယ်တွေကို မသနားတော့ ဘူးလား ဦးမန်း။ နဂိုကတည်းက လေးစားပြီးကြောက်ပြီးသားမို့ သိပ်လဲ မဟောက်ပါနဲ့၊ ကိုယ်စားလှယ်တွေက သနားစရာကောင်းပါတယ်။
              ကြုံလို့ပြောရဦးမယ်ဗျာ- အဖေတင်မကပါဘူး- သားကိုယ်တိုင်က ဥပဒေအထက်မှာရှိတဲ့ သာဓကလေးတစ်ခု ပြောပြချင်ပါသေးတယ်။၂၀၀၀ ခုနှစ်လောက်က ဦးမန်းရဲ့သားဖြစ်တဲ့(ဗိုလ်ကြီးဟောင်း)    တိုးနိုင်မန်းဟာ ဗထူးတပ်မြို့မှာ တပ်စုမှူးသင်တန်းတက်ရောက်တဲ့အချိန် ညဘက်မြို့ထဲကို  ခိုးထွက်ပြီး   ပြန်အလာမှာ သူကိုယ်တိုင်မောင်းတဲ့ကားက သစ်ပင်ကိုဝင်တိုက်ပြီး ဘေးကလိုက်လာတဲ့ ဗိုလ် ညီမင်းလတ် (ခမရ-၃၈၈)နဲ့   ဗိုလ် စောအေးလှိုင်တို့   ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ တိုးနိုင်မန်း ကတော့   လေအိတ် ပွင့်ပြီး ကံကောင်းထောက်မလို့ သေကံမရောက်ခဲ့ပါဘူး။ လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီး ယာဉ်မောင်းသူနေရာ မှာ အခြားအဆင့်စစ်သည်တစ်ဦးကို အစားထိုးကာ ဥပဒေကို လက်တစ်လုံးခြား   ဆောင်ရွက်ခဲ့တာကြောင့်   ပြစ်ဒဏ်မကျခံခဲ့ရတဲ့အပြင် အခုဆိုရင် ဦးတိုးနိုင်မန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးက   ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင် တစ်ဦးဖြစ်နေပါပြီ။ တိုးနိုင်မန်း ကိစ္စမှာ စဖြစ်ကတည်းက ကျွန်တော်တို့ရဲ့ အဘကြီး ကိုယ်တိုင်သိပါတယ်။ ဗထူးမှာ သင်တန်းတက်နေကြတဲ့ အရာရှိအားလုံးဖြစ်ရပ်မှန်ကိုသိကြပေမယ့် ကျွန်တော်တို့ အဘကြီးက အဘမန်းရဲ့ ရှေ့ရေးကိုကြည့်ပြီး မသိချင်ယောင်ဆောင်ပေးခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ အဘကြီး တင်မကပါဘူး ယခင်ဒုချုပ်ဟောင်း   ဖြစ်တဲ့ အဘအေးလည်း သိပါတယ်။ တိုးနိုင်မန်းဟာ ကော်မတီဝင် တစ်ဦးအနေနဲ့ အဖေဖြစ်သူ ရဲ့ ပြောဟန်/ဆိုဟန်/ငေါက်ငမ်းဟန် လုပ်ကိုင်ပုံတွေကို လေ့လာပြီး အဖေ့ခြေရာ နင်းနိုင်အောင် ကြိုးစား   နေသူတစ်ဦး ဖြစ်ပါတယ်။ သားကြီး၊ သားငယ်များက အဖေဖြစ်သူရဲ့ လုပ်ပိုင်ခွင့်၊ အာဏာကိုအသုံးချပြီး လွှမ်းမိုးဆောင်ရွက်နေတာတွေကို အများသိပြီးသားမို့ ဋီကာချဲ့ပြီး မပြောလိုတော့ ပါဘူး။ ကျွန်တော်တို့ဟာ အခုဆိုရင် သမ္မတကြီးကျေးဇူးနဲ့ ပြင်ပကိုရောက်နေကြပါပြီ။ ကျွန်တော်တို့အနေနဲ့ အမျိုးသားရေး ကိစ္စတွေ မှာ နိုင်ငံတော်အတွက် လက်ပိုက်ကြည့်ပြီး မနေနိုင်ပါဘူး။ ကျွန်တော်တို့က မှားခဲ့ သူတွေ မှားခဲ့လို့ ဥပဒေ အရလည်း အရေးယူခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အဲဒီလို အရေးယူခံရတဲ့ လူတွေအားလုံး မမှားကြပါဘူး။ အဲဒီတုန်းက အာဏာကို အလွဲသုံးစားလုပ်ပြီး မှားခဲ့ကြလို့ တပ်မတော်သမိုင်းမှာ အမည်းစက် ထင်ခဲ့တယ်။ ဦးမန်းတို့ရဲ့ အခုလုပ်ရပ်တွေကြောင့် နိုင်ငံရဲ့ သမိုင်းမှာ အမည်းစက်တစ်ခုဖြစ်ပြီး သမိုင်းတရားခံများ မဖြစ်စေလိုပါ။
              ဒီလောက်ဆိုရင်တော့ လုပ်ပိုင်ခွင့်နဲ့အာဏာကိုအသုံးချပြီး ဥပဒေကိုကျော်လွန်ခဲ့တဲ့ဖြစ်ရပ်တွေ ကို သိလောက်ပြီထင်ပါတယ်။ ကိုယ်အာဏာရရှိဘို့အတွက် အသုံးချခံ၊ စတေးခံခဲ့ကြရတဲ့ အရာရှိတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်ပြီးတော့ မပေါ်ပေါက်လာစေဘို့အတွက် လူတိုင်းက ကိုယ်ရဲ့ ကိုယ်ကျင့် သိက္ခာကို ထိန်းသိမ်းပြီး အနာဂတ် တိုင်းပြည်ကောင်းစားရေးအတွက် ရှေးရှုကာ လွှတ်တော်အတွင်း   ဆွေးနွေးကြတာကိုပဲ မြင်ချင်ပါတယ်ဗျာ - ဒီထက်ပိုပြီး အာဏာမရူးကြဘို့ အားလုံးရဲ့ကိုယ်စား ပြောလိုက် ပါရစေ…..
                                                                                                                                                                                                                                                အမျိုးသားရေးစစ်သည်တော်ဟောင်းတစ်ဦး

No comments:

Post a Comment

My Blog List