Wednesday, August 22, 2012

ခုံရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ အကြောင်းပြန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအရ စွပ်စွဲပြစ်တင်ခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား





ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင် သည့်နည်းလမ်းအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်မှာ ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်သို့ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

လွှတ်တော်မှဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦး စုပေါင်းလက်မှတ်ထိုးကာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးရန်
တင်ပြလာ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ သြဂုတ်လ ၁၈ ရက်နေ့က သ၀ဏ်လွှာပေးပို့ခဲ့ပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့တွင် သမ္မတက ဥက္ကဋ္ဌထံ ပြန်လည်ပေးပို့ခဲ့သော သ၀ဏ်လွှာတွင် ထိုသို့ ထည့်သွင်း အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသ၀ဏ်လွှာတွင် 'လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့်အညီ လျော်ညီသည့် ငွေကြေးကိစ္စများနှင့်  အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ ခုံရုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့ပါကြောင်း၊ ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှ မဖြစ်နိုင်ပါသဖြင့် အစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ကြောင်း၊ မိမိအပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ခုံရုံး၏ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေပုဒ်မ ၂၃ ပြဋ္ဌာန်းချက်အရ လိုက်နာ ရမည်ဖြစ်ကြောင်း၊ လွှတ်တော်က စွပ်စွဲပြစ်တင်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါက မည်သူ့ကိုမျှ ထိခိုက်မှုမရှိစေဘဲသင့် လျော်ကောင်းမွန်မည်ဟု ယူဆပါကြောင်း၊ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးနည်းလမ်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်'ဟု ပါရှိသည်။
အဆိုပါသ၀ဏ်လွှာတွင် ပါဝင်သည့် နောက်ဆုံးအပိုဒ်တွင် ပါဝင်သောစကားရပ်၏ အဓိပ္ပာယ်အတိုင်း မိမိတို့ လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်းသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ဖတ်ကြားအပြီး ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦး စုပေါင်းလက်မှတ်ထိုးကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးရန် တင်ပြလာ၍ မိမိအနေနှင့် ခေတ္တမျှ စောင့်ဆိုင်းစေခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းဆွေးနွေးပေးပါမည်ဟု ပြောကြားခဲ့ကြောင်း၊ သတ်မှတ်ထားသည့်ရက် ကျော်လွန်မှသာ ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်းသာ လုပ်ဆောင်ကြရန် ပြောကြားခဲ့ကြောင်းနှင့် ယနေ့ နိုင်ငံတော်သမ္မတထံမှ သ၀ဏ်လွှာကို ရရှိခဲ့၍ များစွာ စိတ်မကောင်းဖြစ်မိပါ ကြောင်း ပြောကြားခဲ့သည်။

''ယနေ့ ဆွေးနွေးချက်များတွင်လည်း ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီများ၊ ကော်မရှင်များ၊ အဖွဲ့များသည် ပြည်ထောင်စု အဖွဲ့အစည်းဖြစ်ပြီး သို့ရာတွင် ပြည်ထောင်စု အဖွဲ့အစည်းအချင်းချင်း လွှတ်တော် အပေါ် ဒီလိုသဘောထား ဆောင်ရွက်နေခြင်းဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်လို့ ဆွေးနွေးမှုများဟာလည်း ယနေ့ ထပ်မံပေါ်ပေါက်လာပါကြောင်း၊ အဲဒီအတွက်လည်း မိမိလွှတ်တော် ဥက္ကဋ္ဌတစ်ယောက် အနေနဲ့လည်း စိတ်မကောင်း ဖြစ်မိပါကြောင်း၊ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လွှတ်တော်ရဲ့ အခွင့်အရေး ရရှိအောင်  ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါကြောင်း၊ တာဝန်ရှိသည်နှင့်အညီ ဆက်လက်လည်း ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း' ထည့်သွင်းပြောကြားခဲ့သည်။
''ဒီနေ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ ပြီးတဲ့အခါမှာ ပြည်ထောင်စု အဖွဲ့အစည်းဝင်အားလုံးဟာ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ဒီနေ့ လွှတ်တော်အသီးအသီးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေများမှာ ဘာပါလဲဆိုရင် ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၂ (ဇ) အမျိုးသားလွှတ်တော် ဥပဒေပုဒ်မ ၂(ဇ)နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေပုဒ်မ ၂(စ) တို့မှာ လွှတ်တော်များက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စု အဖွဲ့အစည်းဖြစ်သည်လို့ တရားဝင် ပြဋ္ဌာန်းထားပါတယ်။ ဒီဟာသည် တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ မှာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း နယကလက်ထက်က ပြဋ္ဌာန်း အတည်ပြုလိုက်သော ၄၄၃၊ ၄၄၄၊ ၄၄၅၊ ၄၄၆ စသည်ဖြင့် အသွင်ကူးပြောင်းရေးကာလမှာ ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးနောက်  ပြဋ္ဌာန်းသကဲ့သို့ ဥပဒေဖြစ်သည်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လည်း ကျွန်တော်တို့အားလုံး လေးစားလိုက်နာမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၆ မှာ ဘာထပ်မံပြဋ္ဌာန်းထားလဲဆိုတော့ တည်ဆဲဥပဒေများကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်သ၍ အတည်ဖြစ်သည် လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒီနေ့တည်ဆဲ ဥပဒေများဟာ အားလုံးတည်ဆဲ ဖြစ်ပါတယ်။ ဒီတည်ဆဲဥပဒေကို ပြည်ထောင်စုလွှတ်တော်ကသာ ပယ်ဖျက်ခွင့် ရှိပါတယ်၊ ပြင်ဆင်ခွင့် ရှိပါတယ်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ပြည်ထောင်စု လွှတ်တော်ကသာ ပြဋ္ဌာန်းဆောင်ရွက်နိုင်တဲ့ တာဝန်နဲ့ လုပ်ဆေင်ရပါတယ်။ လွှတ်တော်များက ဖွဲ့စည်းလိုက်သော၊ ဖွဲ့စည်းထားသော ကော်မရှင်နဲ့ကော်မတီ၊ အဖွဲ့များသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ မဟုတ်ကြောင်း ဒီလိုဆုံးဖြတ်ခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာခြင်း မရှိ၊ တည်ဆဲဥပဒေများကို လိုက်နာခြင်း မရှိ၊ အဲလိုမရှိတဲ့အတွက် ကိုယ်စားလှယ် ၃၀၁ ဦးက လက် မှတ်ရေးထိုးပြီး စွပ်စွဲပြစ်တင်ဖို့ တင်ပြလာခြင်းဖြစ်တယ်လို့ ဥက္ကဋ္ဌက ဥပဒေနဲ့ ယှဉ်တွဲဖြစ်စဉ်အကြောင်းကိုလည်း ယှဉ်တွဲလို့ ဒီလိုပဲ ခံယူထားပါတယ်''ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌက ''နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့တဲ့ အခြေခံဥပဒေအရ သီးခြားလွတ်လပ်သော အဖွဲ့များဖြစ်ပါသဖြင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဆိုသည်မှာ ဒီနေရာမှာ ယူဆစရာရှိတာက အုပ်ချုပ်ရေးအဖွဲ့အစည်းကိုလည်း ရည်ညွှန်းနိုင်ပါတယ်။ သို့မဟုတ်ရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကိုလည်း ရည်ညွှန်းနိုင်ပါတယ်။ သေချာတာကတော့ မိမိတို့လွှတ်တော်က သေချာပါတယ်။ ဒါကြောင့်မို့ သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ရဲ့ ဆန္ဒအရ ကြိုက်နှစ်သက်သည့် နည်းလမ်းဆိုတာလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကိုလည်း မိမိသိပြီးဖြစ်ပါတယ်။ ဒီဆန္ဒကို ကျွန်တော်ငြင်းပယ်ခွင့် မရှိပါဘူး။ ငြင်းပယ်ခွင့်မရှိတဲ့အတွက် ဒီဆန္ဒကို ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာလည်း ကတိပေး တင်ပြခြင်းဖြစ်ပါတယ်''ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါသ၀ဏ်လွှာတွင် ပါဝင်သည့် နောက်ဆုံးအပိုဒ်တွင် ပါဝင်သော စကားရပ်၏ အဓိပ္ပာယ်အတိုင်း မိမိတို့လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာဖတ်ကြားအပြီး . . .


ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သည် အလုံးစုံပြီးပြည့်စုံသည့် ဥပဒေ မဖြစ်နိုင်သော်လည်း တည်ဆဲဥပဒေဖြစ်သည့်အတွက် လိုက်နာရမည်ဖြစ်ကြောင်း၊ မလိုက်နာသင့်၊ မလိုက်နာထိုက်သော အချက်များကို ကာလတစ်ခုအကြာတွင် ပြင်ဆင်သွားရမည်ဖြစ်ကြောင်း၊ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို အတတ်နိုင်ဆုံး ပိုင်းခြား၍ ကျင့်သုံးရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုရှိစေရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားပါကြောင်း၊ လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်အဖွဲ့များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်မှသာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်သည့်တာဝန်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထေင်စုအဆင့် မဟုတ်ပါက မည်သို့မျှ ထိန်းကျောင်းနိုင်မည်မဟုတ်ကြောင်းကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ''ပြည်ထောင်စုအဖွဲ့ကြီးဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်မခံ ပစ်ပယ်ပြီး ဆုံးဖြတ်ထားခြင်းသည် သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိတာကို ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း မှားယွင်းစွာ ဆုံးဖြတ်တယ်။ မှားယွင်းစွာ ဆုံးဖြတ်တဲ့အတွက် ဒီ လောက် လွယ်ကူရှင်းလင်းတဲ့ ဥပဒေကို ဥပဒေပညာရှင်များနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ကြီးက မသိဘူးဆိုရင် ဥပဒေပညာရှင်များ ဟုတ်ပါသေးလား၊ ဥပဒေပညာရှင်များ ဆိုရင်ကော ဆုံးဖြတ်ချက်က မှားယွင်းစွာ ဆုံးဖြတ်ချက် ဖြစ် မဖြစ်ဆိုတာကို သုံးသပ်ဖို့ ရှည်ရှည်ဝေးဝေး စဉ်းစားဖို့ မလိုပါဘူး။ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်လို့ရတဲ့ အနေအထားဖြစ်တယ်''ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို မေးခွန်းထုတ် ပြောကြားခဲ့သည်။

ဤကဲ့သို့ ပြဿနာဖြစ်ပေါ်စေရန် ဖန်တီးသူများမှာ မိမိတို့ မဟုတ်ကြောင်း၊ ဖန်တီးသူများကသာ မိမိတို့ဖန်တီးမှုကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်ကို ပြင်ဆင်ရန်မှာ ပြင်ဆင်ရန် မလိုအပ် သည့် ကိစ္စတစ်ခု ဖြစ်ကြောင်း၊ ၎င်းတို့မှာ တာဝန်မရှိပါဘဲ နှင့် ဆုံးဖြတ်ချက်ချခဲ့ပြီး ဆုံးဖြတ်ချက်မှာလည်း မှားယွင်းနေခဲ့သဖြင့် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါက နစ်နာမှုအနည်းဆုံး ဖြစ်ပါလိမ့်မည်ဟု ယူဆ၍ သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု အဖွဲ့ကြီးဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်မခံပစ်ပယ်ပြီး ဆုံးဖြတ်ထားခြင်းသည် သူ့မှာဆုံးဖြတ်ပိုင်ခွင့် မရှိတာကို ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း မှားယွင်းစွာ ဆုံးဖြတ်တယ်။ မှားယွင်းစွာ ဆုံးဖြတ်တဲ့အတွက် ဒီလောက်လွယ်ကူရှင်းလင်းတဲ့ ဥပဒေကို ဥပဒေပညာရှင်များနဲ့ ဖွဲ့ထားတဲ့အဖွဲ့ကြီးက မသိဘူးဆိုရင် ဥပဒေပညာရှင်များ ဟုတ်ပါသေးလား  .  .  .

''လွှတ်တော် ကိုယ်စားလှယ်အသီးသီး။ လွှတ်တော်ကိုယ်စားလှယ် အသီးသီးဆိုတဲ့နေရာမှာ တပ်မတော်သား ကိုယ်စားလှယ်များလည်း လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ လွှတ်တော်ရဲ့ အဓိကရည်မှန်းချက်၊ အဓိက လိုလားချက်ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို၊ ပြည်ထောင်စု အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ပြောနေကျစကားနဲ့ ပြောမယ်ဆိုရင် လူပုဂ္ဂိုလ်တစ်ဦး အတွက် မဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခုအတွက် မဟုတ်ဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် ဖြစ်တယ်။ ဒီ ထက်ပိုပြီး ကျွန်တော် ပြောပါသေးတယ်။ အုပ်ချုပ်ရေး အဖွဲ့အတွက်လည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးအဖွဲ့ကလည်း တကယ်တမ်းတော့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်တယ်။ ကျွန်တော်တို့ လွှတ်တော်ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ ဒါကြောင့်မို့ ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့အယူဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ နောက်ထပ်ပြီးတော့ ပြောပါမယ်။ ဌာနစွဲမထားဘဲနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်သာ ဆောင်ရွက်ကြပါစို့လို့ လွှတ်တော်ကို တင်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့ ရှေ့ဆက် သွားမယ့် နေရာမှာလည်း နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွား၊ ပြည်ထောင်စု အကျိုးစီးပွားအတွက် ဆေင်ရွက်နိုင်ဖို့ဆိုရင် ကျွန်တော်တို့လွှတ်တော်မှာ ထိုက်တန်သော ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း ရှိရပါမယ်။ ထိုက်တန်တဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း မရှိဘူးဆိုရင် ကျွန်တော်တို့လုပ်ချင်တဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားပြည်ထောင်စု အကျိုးစီးပွားအတွက် ပြည်သူ့ကိုယ်စားလှယ်များဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးဆိုတာလည်း သတိပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ သ၀ဏ်လွှာကို ၀မ်းနည်းစွာ လက်ခံပြီး ဒီကိစ္စကို ကျွန်တော် ဒီမှာ မတင်ပြလိုပါဘူး။ သို့ပေမယ့် သ၀ဏ်လွှာ လာတဲ့အတွက် တင်ပြဖို့အတွက် ကျွန်တော့်မှာတာဝန်ရှိလို့ တင်ပြခြင်းဖြစ်ကြောင်း လွှတ်တော်ကို မတင်ပြလိုသော်လည်း တင်ပြရ၊ လွှတ်တော် ကိုယ်စားလှယ်များ မလုပ်လိုသော်လည်း လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် တင်ပြပါကြောင်း''ဟု ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါသည်။
လွှတ်တော်မှ ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ပြည်ထောင်စုအဆင့် သတ်မှတ်ရေးမှာ အပြန်အလှန် ထိန်းညှိရန်အတွက်သာ ဖြစ်ကြောင်း၊ ခံစားခွင့်များကို တောင်းခံခြင်း မဟုတ်ကြောင်းနှင့် မိမိတို့အနေနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန်အတွက် စွပ်စွဲပြစ်တင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆိုပါသည်။

from- eleven 

No comments:

Post a Comment

My Blog List