Friday, August 24, 2012

လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော် ကန့်ကွက် သဖြင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ ဖတ်ကြားရန် ရွှေ့ဆိုင်း



နေပြည်တော်တွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင် ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏ ၁၇ ရက်၊ ၈ လ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော်က ကန့်ကွက်ခဲ့သဖြင့် ဖတ်ကြားခြင်း မပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်း ရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။
နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် ကန့်ကွက် ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်များ အများဆုံး ပါဝင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။ ယင်းကဲ့သို့ ကန့်ကွက်ရသည့် အဓိက အကြောင်းအရင်းမှာ သ၀ဏ်လွှာနှင့်အတူ ပေးပို့လာသော သတင်း သုံးသပ်ချက်တွင် ဖော်ပြထားသော ရခိုင် တိုင်းရင်းသားများ၏ အခြေအနေ ဖော်ပြထားမှု အပေါ် မကျေနပ်သဖြင့် ကန့်ကွက် ခဲ့ကြခြင်း ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။

အဆိုပါ သတင်း သုံးသပ်ချက်တွင် ရခိုင် တိုင်းရင်းသားများသည် နိုင်ငံရေး ပါတီများ၊ သံဃာ အချို့နှင့် လူပုဂ္ဂိုလ် အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အစိုးရများ အနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မပြု၊ ကာကွယ်ပေးခြင်း မရှိဘဲ သယံဇာတများကိုသာ ထုတ်ယူ သုံးစွဲခဲ့သည် ဟူသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုး တွေ့ရှိရကြောင်း၊ ရခိုင် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘဂါင်္လီများ၏ စီးပွားရေး လုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာသည်ကို တွေ့ရကြောင်း စသည့် အချက်တို့ ပါဝင်သဖြင့် ယင်းအချက်တို့နှင့် ပတ်သက်ကာ လွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
TheVoice

No comments:

Post a Comment

My Blog List