Tuesday, August 21, 2012

ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?

ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?

21-8-2012
ကျွန်တော်ကတော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေအနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်းအလဲတွေမြင်ရတော့ အားတက်မိပါတယ်။ အဲလိုအပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်း ကွပ်ကဲရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကိုတပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ရွှေမန်းက တတိယအဆင့်ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ပြောနိုင်မယ်ထင်ပါတယ်၊ ညှိကွပ် ဘ၀မှာ သဘောကောင်း တယ်လို့


တော့ တပ်မတော်သားတွေက ပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော်တိုးတက်ရေးမှာ ဘာတွေစွမ်း စွမ်းတမံ လုပ်ခဲ့ သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါကတော့ သူကိုယ်တိုင်က လူအထင်ကြီး မခံချင် လို့ နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလို ကျွန်တော် အကြားအမြင်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်၊ တပ်မတော်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့
နာမည်အကြီးဆုံးကိစ္စကတော့ မြောက်ကိုရီးယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံစာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့
အရေးယူမခံခဲ့ရဘူးဆိုတာ သေချာပါတယ်။
ဗိုလ်ချုပ်ကြီးဘ၀ကနေပြီးတော့ ၂၀၁၁ ခုနှစ် အစိုးရသစ်ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ထမ်း ဆောင်တဲ့ အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင်အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီကမဟုတ်တဲ့ အမတ်တွေ ကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစားတဲ့ အသံတွေကြားရပါတယ်။ လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော်တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံးကောင်း ပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်တွေးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမဆိုင် အားတက်မိပါတယ်။ စိတ်သဘောထားဖြောင့်မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးရေးကောင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံအချိန်တို အတွင်း တိုးတက်လာမှာ မြေကြီး လက်ခတ်မလွဲဆိုပြီးတော့ပေါ့။
          ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ် ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။        “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအား စိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။  ဒီကိစ္စကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးလဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက်လို့ရတဲ့ကိစ္စကို အဲဒီမှာ တော့ မကန့်ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုးသား အကျိုး စီးပွားနဲ့ ဘာမှမဆိုင်ပါဘူး။  ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူ အာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံလုပ်တာပါ။
အဲဒီကိစ္စဖြစ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌအပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့် ဘေးကမြောက်ပေးတဲ့ လူတွေရှိ လို့ နားယောင်ပြီး လုပ်တာဖြစ်မယ်လို့ လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။ ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယအကြိမ် တိုက်ကွက်ကို မြင်ရတဲ့အခါမှာတော့ ဥက္ကဌရဲ့လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိအပေါ် ကျွန်တော်ရဲ့သံသယက ပိုမိုကြီးထွားလာ ခဲ့ပါတယ်။ ၀န်ထမ်းအားလုံးမျှော်လင့်တောင့်တနေတဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ်ထုတ်ပြတာလို့ပြောလို့ရမယ်။ ၀န်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေ ဖက်က ရှေ့နေလိုက်ပေး တဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော် အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။
http://sonenaykya.blogspot.com/2012/02/blog-post_844.html
          သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင်တန်းမှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီတစ်ချက်မစွမ်းဘူး။ တပ်ထဲမှာလူစွာလုပ်ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင်ယောင် လုပ်တော့မယ်ပေါ့။ သူရဦးရွှေမန်းရဲ့ အကြံကလည်း အကြီးသား။ သားကြီးကို အဖေအရှိန်နဲ့ စီးပွားရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်းမျိုးဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။
          တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန်လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလို လေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ဆို အောက်တန်းစာရေး တောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက်တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင်အဖွဲ့ဝင်ပေးပြီးတဲ့အချိန် မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက် တော့ တကယ့်အကွက်ကောင်း ရတော့တာပဲ။ အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် တွေကို ခဏချွေးသိပ်ထားတော့ ဘာလဲပေါ့၊ ကျွန်တော်မျက်စိလည်သွားသေးတယ်၊ လွှတ်တော်စတုတ္ထအကြိမ် အစည်းအဝေးမှာ ဒေါ်စုကို ကော်မတီဥက္ကဌ ပေးတော့မှပဲရှင်းတော့တယ်။ ဒါဆိုရင် ကော်မတီများပြည်ထောင်စု ဖြစ်ရေး တိုက်ပွဲမှာ ပြည်သူ လူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့အကျိုးအတွက် လုပ်ပေး နေတယ်ပေါ့။
အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်းများဖြစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။ လွှတ်တော် ကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကို ဒီလူကြီးတွေကတော့ အားတက် သရောထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်အများစု (ကျွန် တော့်စကားမဟုတ်ပါ၊ လယ်ဆည် ၀န်ကြီးစကားကို အငှားယူသုံးခြင်းသာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆို တာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။ နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ်ဒေါ်ဒွဲဘူရဲ့ပြောစကားကိုပြချင်ပါတယ်။ “ဘာပဲ ပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာ ပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလိုအတွေးအခေါ် မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင်စုပါတီဆိုပြီးပါတီထောင်လိုက်ရင် ချက်ချင်း ပြည်ထောင်စုအဆင့်ဖြစ်သွား မလားမသိဘူး။
နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့်ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့အဖွဲ့ဝင်အားလုံး ထွက်ရမယ်ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊  ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ်လို့ အာဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့ သူတို့လုပ်ငန်းဆောင်တာ တွေကို ပြည်ထောင်စုအဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့ တတိယအကြိမ်လွှတ်တော်တုန်းက လယ်ဆည်ဝန်ကြီးကို လွှတ်တော်အခွင့်အရေး ကော်မတီက ခေါ်ယူကြားနာခဲ့ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရ ပါတယ်။ ဒါဆိုရင် လွှတ်တော်ကော်မတီတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့် အဖြစ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူ လုပ်နိုင်တဲ့အခွင့်အာဏာရှိဖို့က လိုရင်းပဲ မဟုတ် လား။
ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ရန်အဆို ကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ပယ်ချရသလဲ ဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော်ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါတွေကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်း ပြည်သူလူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော်တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက်ရိုးစင်း တဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။ ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ်အရေးမကြီးလှဘူးလို့ ယူဆပါတယ်။ တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ် ကြောင်းပြလိုက်တာပါ။ သူဆန့်ကျင်ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက် လိုက်တာပါ။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအတွက် လုပ်ပေးတယ်ဆိုပြီး ကိုယ်စားလှယ်တွေကိုစည်း ရုံးတယ်။ အမေစုကို ကော်မတီဥက္ကဌပေးထားပြီး အမေစုကို ထောက်ခံတဲ့ သူတွေကို စည်းရုံးတယ်။ ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးနဲ့ အုပ်ချုပ်ရေးနဲ့ တရားရေး မဏ္ဍိုင် ၊ ကုန်ကုန်ပြောရ ရင် အမျိုးသားလွှတ်တော်ကိုပါ ခြိမ်းခြောက်တယ်။
သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-
(၁)     ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။
(၂)     လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။
(၃)     ကိုယ်စားလှယ်တွေကို အပေါစားစည်းရုံးရေးနဲ့စည်းရုံးပြီးတော့ အခြေခံဥပဒေခုံရုံးဆိုတာ ပြည်သူ့လွှတ် တော်အလို ကျ ဆုံးဖြတ်ပေးရမယ်ဆိုတဲ့ပုံစံလုပ်တယ်။
ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားကဘာလဲ။ နောက်ထပ်ဘာဆက်လုပ်ဦးမှာလဲ။ အဖြေက ရှင်းနေ တာပဲလို့ မြင်တယ်။ နောက်အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့လွှတ်တော်က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသမ္မတဖြစ်လာမယ်။
ဘာလို့ဒီလိုလုပ်မှာလဲလို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင်ငံတော်ရဲ့နံပါတ်(၁) နေရာ ကိုမှန်းထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေရတဲ့သူတယောက်ရဲ့ အာဏာမက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့် နိုင်ဖို လိုပါလိမ့်မယ်။
သူရဦးရွှေမန်းသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက်ကွက်တွေအောင်မြင် ပြီး သမ္မဖြစ်သွားတဲ့အခါမှာ မင်းသားခေါင်းဆောင်းကျွတ်သွားမှာကိုပဲ စိတ်ပူပါတယ်။ နဂိုကတည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်းစားပဲ နေရာပေး တတ်တဲ့လူမျိုးသာ နိုင်ငံတော်အကြီးအကဲ ဖြစ်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြပါ။
အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာလည်း သူပြောသမျှနားထောင်မဲ့သူကို ဥက္ကဌအဖြစ် ထားခဲ့ပါလိမ့် မယ်၊(တစ်နာရီလောက်မတ်တပ်ရပ်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူကို ကျွန်တော့်စကား နားထောင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာမလိုတော့ဘူးလို့ ပြောပြီးနေရာပေးတာမျိုးဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေးတိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာရလိုမှုမှာ အသိမဲ့ အသုံးချမခံကြရပါစေနဲ့လို့ ကျွန်တော်ဥာဏ်မီသမျှတင်ပြလိုက်ရပါတယ်။

from-ဧရာဝတီ

No comments:

Post a Comment

My Blog List