Thursday, August 23, 2012

ရေနံချောင်း လူသားစွမ်းရည်မြှင့်တင်ရေးသင်တန်း ကော်မရှင် တားမြစ်



မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်ခင်စောဌေးတို့ ဖွင့်လှစ်တဲ့ လူသားစွမ်းရည်မြှင့်တင်ရေး သင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၂ ရက်နေ့မှာ စာပို့တားမြစ်ခဲ့တယ်လို့ ရေနံချောင်းမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ဦးသန်းအောင်က ပြောပါတယ်။
“ဦးမောင်မောင်ဦး၊ ဒေါ်ခင်စောဌေးတို့ မိသားစုက သူတို့ငွေကြေးနဲ့ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ဖွင့်တယ်။ ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က သင်တန်းမဖွင့်ရဘူးလို့ တားမြတ်တဲ့စာ မနေ့က ရောက်လာတယ်။ နိုင်ငံသူနိုင်ငံသား ပညာရေးမြင့်မားရေးအတွက် လုပ်နေတာကို ရွေးကောက်ပွဲ ကော်မရှင်ဆိုတာကလည်း ပြည်သူတဦးချင်းအပေါ် ၀င်စွက်ဖက်နိုင်တဲ့
အခွင့်အာဏာကို မရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ပုဂ္ဂလိကပိုင်း လုပ်တဲ့ကိစ္စကို လာရောက်ပြီး
စွက်ဖက်နေတဲ့ကိစ္စက ကော်မရှင်ရဲ့ဘောင်ကို ကျော်ပြီး လုပ်နေတယ်။ ကော်မရှင်က ဒီသင်တန်းကို တားမြစ်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး တားမြစ်တာ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။”
လူသားစွမ်းရည်မြှင့်တင်ရေးသင်တန်းကို ရေနံချောင်းမြို့လယ်ခန်းမမှာ ပြုလုပ်တာ ဖြစ်ပြီး ဩဂုတ် ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ သင်ကြားမှာဖြစ်ပါတယ်။ ဒီသင်တန်းအတွင်း သင်ကြားတဲ့ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ဦးသန်းက အခုလို ပြောပါတယ်။
“ပို့ချတာတွေက နိုင်ငံသူ နိုင်ငံသားတွေ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရှိစေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သင်ပေးတယ်။ နိုင်ငံသားကောင်းတွေဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ လူ့အခွင့်အရေးတွေ၊ ပြည်တွင်းဥပဒေတွေ ဒါတွေ သင်ပြပေးနေတာပါ။ ရည်ရွယ်ချက်က ဒီနိုင်ငံမှာ ဥပဒေတွေ၊ နည်းဥပဒေတွေက ပြည်သူလူထုကြားမှာ လက်လှမ်းမမီဖြစ်နေတယ်။ ပြည်သူလူထု ကိုယ့်နိုင်ငံရဲ့ ဥပဒေတွေ သိဖို့၊ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုရှိတယ်ဆိုတာ သိဖို့၊ နောက်တကမ္ဘာလုံးမှာ ကျင့်သုံးနေတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွေကို နားလည်ဖို့ပါ။ အဓိကကတော့ နိုင်ငံရေးအသိပညာ ပေးဖို့ရည်ရွယ်ချက်ပါပဲ။”
ဒီသင်တန်းကို ပခုက္ကူ၊ ရေစကြို၊ တောင်တွင်းကြီး၊ ပွင့်ဖြူ အစရှိတဲ့ဒေသက နိုင်ငံရေစိတ်ဝင်စားတဲ့  လူငယ် ၆၀ လောက် တက်ရောက်ပါတယ်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က တားဖြစ်ပေမယ့် သူတို့အနေနဲ့ ဆက်လက် သင်ကြားသွားမယ်လို့ ဦးသန်းအောင်က ပြောပါတယ်။

from-DVB

No comments:

Post a Comment

My Blog List