Thursday, February 18, 2016

ရှမ်းမြောက်ဒေသ စစ်ပွဲများနှင့် ဒုက္ခသည်များအရေး သက်ဆိုင်ရာအစိုးရများ အမြန်ဆုံးဖြေရှင်းရေးအဆို ကန့်ကွက်သူမရှိ ပြည်သူ့လွှတ်တော် အတည်ပြု


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး နှင့် စစ်ဘေးရှောင် ပြည်သူများအား ဒုက္ခသည်အဖြစ် ရောက်ရှိနေမှုကို ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆောင်ရွက်ပေးရန် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
စစ်ကိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက “ဗမာအပါအဝင် တိုင်းရင်းသားများ အားလုံး ဝိုင်းဝန်းဖြေရှင်းမှသာလျှင် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

“AA နဲ့ TNLA တို့ပူးပေါင်းပြီး တရားမဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ နယ်မြေချဲ့ထွင်ရာမှ RCSS/SSA နဲ့ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ပါတယ်၊ RCSS/SSA အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်အလက်တွေ ချိုးဖောက်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်” ဟုလည်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦးက ထောက်ပြဆွေးနွေးခဲ့ သည်။

အဆိုမဆွေးနွေးမီ လွှတ်တော်ဥက္ကဋ္ဌက “အဆိုကို ဆွေးနွေးရာတွင် လူမျိုး၊ ဘာသာ၊ သာသနာ၊ လူပုဂ္ဂိုလ်အစွဲဖြင့် ဆွေးနွေးခြင်းမပြုရန်၊ တည်ဆဲဥပဒေ များ ထိခိုက်စေနိုင်သော အသုံးအနှုန်းများ သုံးစွဲခြင်းမပြုရန်၊ နိုင်ငံတော်နှင့် ပြည်သူများ ထိခိုက်စေသော အသုံးအနှုန်းများ အသုံးမပြုရန် ပြောကြားလို ပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင် ဒုက္ခသည်များ ၃၀၀၀ ကျော်ထဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ခန့် ပါဝင်နေပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား ၅၄ ဦးရှိနေကာ ယင်းကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် စားမေးပွဲဖြေဆိုရန် နီးကပ်နေချိန် စိုးရိမ်စိတ်များ မြင့်တက်နေကြောင်းလည်း ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုက ပြောသည်။

“RCSS/SSA နှင့် TNLA လက်နက်ကိုင် အဖွဲ့များသည် နယ်မြေကျော်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်၊ တပ်မတော်အနေဖြင့် လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးရရှိရန် မူဝါဒ ၆ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသူရိန်ဇော်က ဆိုသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြည်နယ်ဦးစီးမှူး ကိုယ်တိုင် ကျောက်မဲမြို့တွင် ရောက်ရှိနေပြီး ပြည်နယ်အစိုးရ ဦးဆောင်မှုဖြင့် စီမံခန့်ခွဲလျက်ရှိကာ အိမ်ထောင်စု ၆၉၀၊ လူဦးရေးပေါင်း ၃၁၀၁ ဦး ရှိကြောင်း ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ပြည်သူ့လွှတ်တော်တွင် ပြောသည်။

“စစ်ဘေးရှောင် ပြည်သူများနှင့် ပတ်သက်ပြီး ဗဟိုမှ လိုအပ်တာကို ထောက်ပံ့ပေးပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရက ဦးဆောင် ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်၊ ယခုဖြစ်စဉ်မှာ သက်ဆိုင်ပြည်နယ်၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဟာ ပါဝင်စောင့်ရှောက်မှုများ ရှိနေပါပြီ” ဟု ဒု-ဝန်ကြီးက ဆိုသည်။

စစ်ဘေးသင့် ပြည်သူများအား တစ်နေ့လျှင် လူတစ်ဦး ဆန်နို့ဆီ ၂ ဘူးဖြင့် ၇ ရက်စာ ဆန်ဖိုး ၅,၇၆၂,၄၀၀ ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း ၉ မျိုးအတွက် တန်ဖိုးငွေ ၁၂,၁၃၆,၃၀၀ ကျပ်၊ စုစုပေါင်း ၁၇,၈၉၈,၇၀၀ တန်ဖိုးရှိ ပစ္စည်းနှင့်ငွေများ လှူဒါန်းပေးခဲ့ကြောင်းလည်း ၄င်းက ထပ်လောင်းပြော သည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဟာ NCA စာချုပ်မှာ လက်မှတ်ရေးထိုး ထားတဲ့အတွက် အရပ်သားများနဲ့ ဆက်ဆံရာ တွင် စာချုပ်ပါ စည်းကမ်းချက်များအား လိုက်နာရန် JMC ကတစ်ဆင့် တိုက်တွန်း ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြည်သူ့လွှတ်တော်တွင် ပြောသည်။

တအာင်း-ပလောင် လွတ်မြောက်ရေး တပ်မတော်သည် ပြည်နယ် အဆင့် စာချုပ်နှင့် NCA စာချုပ်များအား လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အတွက် အရပ်သားများနှင့် ဆက်ဆံရေးကိစ္စများ တိုက်ပွဲမဖြစ်ပွား စေရေး ကိစ္စများ ကြီးကြပ်ဆောင်ရွက်ရန် အခက်အခဲရှိကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

“NCA စာချုပ်ကို ၃ နှစ်ကြာ ရေးဆွဲခဲ့ရပါတယ်၊ NCA စာချုပ်ဟာ အချက် ပေါင်း ၁၁၀ ပါပြီးတော့ စစ်ရေးအရ ၅၅ ချက်၊ နိုင်ငံရေးအရ ၃၅ ချက်၊ အခြားအချက် ၂၀ ပါရှိပြီး နိုင်ငံတကာ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်များနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ စာချုပ်တစ်ခုဖြစ်ပါ တယ်” ဟု ဦးအောင်မင်းက ဆိုသည်။

ယင်းအရေးကြီးအဆိုအား တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး အပါအဝင် ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံ ဆွေးနွေးသွားခဲ့ပြီး အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ၄၂၄ ဦးအနက် ထောက်ခံသူ ၄၀၆ ဦး ကြားနေ ၄ ဦးရှိခဲ့ ပြီး ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုကြောင်း ပြည်သူ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာသည်။

သတင်း - ကိုပေါက်
The Ladies News

No comments:

Post a Comment

My Blog List