Wednesday, February 17, 2016

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးက ဆက်နွယ်နေဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောကြား


မြန်မာအစိုးရသစ်၏ ဦးစားပေး လုပ်ငန်းများမှာ အခြေခံဥပဒေ ပြင်ဆင် ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရေးတို့ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက Karen News သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ KNU သည် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် (နှစ်ပေါင်း) ၆၀ ကျော် အသင့်ရှိနေခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။
ယင်းက “ကျွန်တော်တို့ဟာ လက်နက်ကိုင်လို့ မဟုတ်ဘဲ အခြေအနေအရ လက်နက်ကိုင် ခဲ့ရတဲ့ နိုင်ငံရေးပါတီတစ်ခုပါ။ ကျွန်တော်တို့ဟာ လက်ရှိ အစိုးရ လက်ထက်မှသာ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရ အဆက်ဆက် ကို တောင်းဆိုခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

ယခင်အစိုးရများက KNU နှင့် နိုင်ငံရေး ဆွေးနွေးရန် စစ်မှန်သည့် ဆန္ဒမရှိခဲ့ခြင်းကြောင့် ပြည်တွင်းစစ် ရှည်ကြာခဲ့ရသည်ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။ ၂၀၁၂ က အစိုးရနှင့် KNU တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ရခဲ့ခြင်းက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရှေ့ဆက်နိုင်ရန် အခွင့်အလမ်း ဖြစ်ခဲ့သည်ဟု ယင်းက ဆိုသည်။ KNU သည် NLD အစိုးရသစ်နှင့် ငြိမ်းချမ်း ရေး ဆွေးနွေးရန် ဆန္ဒရှိသည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးမှာ အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က KNU ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။

ယင်းက “ကျွန်တော်တို့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။ သူတို့ အစိုးရဖွဲ့ရင် ဦးစားပေးအစီအစဉ် နှစ်ခုရှိတယ်လို့ ဆိုပါတယ်။ ပထမတစ်ခုက ငြိမ်းချမ်းရေးဖြစ်ပြီး နိုင်ငံရေးပြသ၁နာတွေ ဖြေရှင်းဖို့ CNA မှာ တိုင်းရင်းသား တပ်ဖွဲ့အားလုံး ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒုတိယ လုပ်ငန်းတစ်ခု ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးပါ” ဟု ပြောကြားခဲ့သည်။ ထိုလုပ်ငန်း နှစ်ခုမှာ တိုင်းပြည် ငြိမ်းချမ်းရေးရရန် အလွန်အရေးပါသည်ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။

“ကျွန်တော်တို့က လွှတ်တော်ထဲကို မ၀င်နိုင်တဲ့အတွက် လွှတ်တော်ပြင်ပ ချဉ်းကပ်မှုတွေကနေ တစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့ တောင်းဆိုထားပါတယ်။ နည်းလမ်းနှစ်မျိုးလုံးက တစ်ခုကို တစ်ခု အထောက်အကူ ဖြစ်စေပါတယ်။ လွှတ်တော်တွင်းမှာ ဖြစ်စေ၊ လွှတ်တော် ပြင်ပမှာဖြစ်စေ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးက ဆက်နွယ်နေပါတယ်” ဟု ပဒိုကွယ်ထူးဝင်းက ပြောကြားခဲ့သည်။

KHTun
The Ladies News

No comments:

Post a Comment

My Blog List