Tuesday, February 16, 2016

၅၉ (စ) ပြင်ဆင်ရေး ပြည်သူ့လက်ကို အပ်လိုက်ပါ



ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံ အများစုတွင် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ် စသည့် နိုင်ငံတော် အကြီးအကဲကို ပြည်သူများက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြသည်။ အချို့သော နိုင်ငံများတွင်မူ ထိုသို့မဟုတ်ဘဲ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူတို့ကိုယ်စား ထပ်ဆင့်၍ ရွေးချယ်တင်မြှောက်ကြပါသည်။မြန်မာနိုင်ငံသည် နိုင်ငံတော်သမ္မတအား ပြည်သူတို့က တိုက်ရိုက် ရွေးကောက်တင်မြှောက်ခွင့် မရှိသည့်အတွက် ဒုတိယ အမျိုးအစားတွင် ပါဝင်သည်ဟု ဆိုရပါမည်။ 



သို့ရာတွင် အခြေခံဥပဒေကို ပြင်ဆင်ရမည့် အခြေအနေမျိုး ကြုံကြိုက်လာသည့်အခါ၌် ပြည်သူ့ကိုယ်စားလှယ်များ၏ အဆုံးအဖြတ် သက်သက်ဖြင့်သာ ဆောင်ရွက်စေခြင်း မပြုဘဲ ပြည်သူလူထုအား ယုံကြည်စွာ လွှဲအပ်ထားသည်ကို တွေ့ရှိရပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) တွင် သတ်မှတ်ထား သည့် အရေးကြီးသည့် ပြဋ္ဌာန်းချက် (ပုဒ်မ) များကို ပြင်ဆင်လိုပါက ‘ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်’ ဟူ၍ ပြဋ္ဌာန်းထားပါသည်။

အဆိုပါ ပြဋ္ဌာန်းချက်ကို လေ့လာကြည့်ပါက နိုင်ငံတော်အတွက် အရေးကြီးသည့် (ပုဒ်မ ၅၉ (စ) အပါအဝင်) ဥပဒေ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အဆုံးအဖြတ် ရယူရမည့် အခြေအနေမျိုးတွင် ပြည်သူက ရွေးကောက်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား ကိုယ်စားလှယ်များး၏ ဆုံးဖြတ်ချက် သက်သက်ဖြင့်သာ ဆောင်ရွက်ခြင်း မပြုစေဘဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ အဆုံးအဖြတ် ရယူရမည်ဟု ပြဋ္ဌာန်းထားခြင်းမှာ လွှတ်တော်ကိုယ်စားလှယ် သက်သက်၏ အဆုံးအဖြတ်ကို အပြည့်အဝ ယုံကြည်စိတ်ချခြင်း မပြုဘဲ ပြည်သူ့ဆန္ဒကို အလေးထားခြင်း ဖြစ်သည်မှာ သိသာထင်ရှားပါသည်။ ဤသည်မှာ ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့သည့် အမျိုးသားညီလာခံကြီးကို ဦးစီးဦးဆောင် ကျင်းပခဲ့သူ ထိုအချိန်က နိုင်ငံတော် အကြီးအကဲနှင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်များ၏ အမြော်အမြင် ကြီးမားမှုဟုပင် ဆိုရမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များသည် လူသားများ ဖြစ်ကြသည့် အားလျော်စွာ ပုဂ္ဂိုလ်ရေး ချစ်ခင်လေးစားမှု၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှု စသည်တို့ကို အခြေခံ၍ အဆုံးအဖြတ် ပြုနိုင်ကြသည်ဖြစ်ရာ နိုင်ငံတော်၏ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ဆုံးဖြတ်ရာတွင် မှားယွင်းမှု မဖြစ်ပေါ်စေရန်အတွက် အဆိုပါ လုပ်ပိုင်ခွင့် (ရွေးချယ်ပိုင်ခွင့်) ကို ပြည်သူ့လက်ဝယ် အပ်နှင်းထားခြင်းသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။

ယခုအခါ အချို့သော ပုဂ္ဂိုလ်များက ပြောဆိုရေးသား ဝေဖန်မှုများ ရှိနေရာ အဆိုပါ ပြောဆိုရေးသား ဝေဖန်မှုများတွင် ‘၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သည့် အခွင့်အရေးကို ကန့်သတ်ပိတ်ပင်ရာ ရောက်သည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အား ပြင်ဆင်ရန် ကိစ္စသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ (တစ်နည်း- တပ်/ချုပ်) ၏ လက်ဝယ်တွင် ရှိနေပြီး ၎င်းတို့ကသာ သဘောမတူလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ သမ္မတဖြစ်နိုင်စရာ အကြောင်းမရှိ’ ဟူ၍ ပါရှိနေခြင်းပင် ဖြစ်ပါသည်။

အမှန်တကယ်အားဖြင့် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ အဆိုပါပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား အပ်နှင်းထားခြင်း မဟုတ်ဘဲ မဲဆန္ဒရှင် ပြည်သူများကိုသာ အပ်နှင်းထားခြင်း ဖြစ်သည်ကို သဘောပေါက်ဖို့ လိုအပ်ပါသည်။ ဤအချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအား နားလည်အောင် ရှင်းပြဖို့ လိုအပ်မည် ဖြစ်ပါသည်။ ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ယူဆပါ သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဤအချက်ကို လက်ခံလိမ့်မည်ဟု ယုံကြည်ပါသည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တပ်/ချုပ်က ပြည်သူများက ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သည့် ပါတီကို လက်ခံ၍ လက်တွဲဆောင်ရွက်သွားမည် ဟူ၍ ပြောကြားထားသည် ဖြစ်ရာ ယခုလည်း သမ္မတဖြစ်ခွင့် ကိစ္စနှင့် ပတ်သက်၍ အလားတူပင် ဆန္ဒရှိမည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော သမိုင်းဝင်ဖြစ်ရပ်များကို ကြည့်ပါက ပြည်သူမပါဘဲနှင့် မအောင်မြင်ခဲ့သလို ပြည်သူကသာလျှင် သမိုင်းဖြစ်ရပ်များကို အဆုံးအဖြတ်ပြုကာ အောင်ပွဲခံခဲ့ကြသည်သာ ဖြစ်ပါသည်။

မြန်မာ့လွတ်လပ်ရေးကို အရယူရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်ပြည်မှ စစ်ပညာများကို သင်ယူခဲ့ကြပြီး ပြည်သူလူထု ပါဝင်ဖွဲ့စည်းထားသော မြန်မာ့လွတ်လပ်ရေး တပ်မတော်က အင်္ဂလိပ်နယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ခဲ့ကြပါသည်။ သို့သော် ဂျပန်တို့သည် ပေးထားသောကတိကို ဖျက်၍ အတုအယောင် လွတ်လပ်ရေးကိုသာ ပေးခဲ့ပြီး မြန်မာပြည်သူတို့ကို နှိပ်စက်ခဲ့ကြသဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် မောင်းထုတ်ခဲ့ကြပါသည်။ ထိုကဲ့သို့ ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးတွင် မြန်မာပြည်သူတို့ အင်နှင့်အားနှင့် ပါဝင်ခဲ့ရာ အင်္ဂလိပ်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ပြည်သူတို့ ပါဝင်သော ဖက်ဆစ်တော်လှန်ရေးကို အသိအမှတ် ပြုခဲ့ကြရပါသည်။

ထိုမျှသာ မကသေးပါ မြန်မာတို့အား လွတ်လပ်ရေးပေးရေး အတွက် ဗြိတိသျှတို့နှင့် အပေးအယူ အလျှော့အတင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနောက်တွင် တိုင်းရင်းသားလူမျိုးစုများ အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံး ရှိနေကြသည်ကို သိရှိသည့် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေး မပေးလျှင် မဖြစ်တော့သည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကို မပေးချင် ပေးချင် ပေးလိုက်ရခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့သော သမိုင်းဝင်ဖြစ်ရပ်များ အပါအဝင် အခြားသောဖြစ်စဉ် များစွာတွင်လည်း ပြည်သူတို့၏ အခန်းကဏ္ဍမှာ ထိရောက်အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်ကို ထောက်ရှု၍ တပ်မတော်သည် ပြည်သူ့အား (ပြည်သူ့ဆန္ဒ) ကို ယုံကြည်မှုရှိမည် ဆိုခြင်းမှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို ကြည့်မည်ဆိုလျှင် ပြည်သူတို့သည် မိမိတို့ ကြိုက်နှစ်သက်ရာ ပါတီအသီးသီးကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှနေ၍ အေးဆေးတည်ငြိမ်စွာ ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် မြန်မာပြည်သူတို့သည် နိုင်ငံရေး အတွေးအခေါ် မြင့်မားစွာဖြင့် ဒီမိုကရေစီစနစ် တစ်ခုကို တည်ဆောက်ရန် အဆင်သင့် ဖြစ်နေပြီ ဆိုခြင်းကို ပြသခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို တိုက်ရိုက်ရွေးချယ် တင်မြှောက်ခွင့် မရသည့်တိုင်အောင် သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် အဟန့်အတား ဖြစ်နေသည့် ဥပဒေပုဒ်မကို ပြင်ဆင်ရာတွင် နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင် အစစ်အမှန်ဖြစ်သည့် ပြည်သူလူထုကို ယုံကြည်စွာ အပ်နှံဆောင်ရွက်စေသင့်သည်ဟု ထင်မြင်မိပါသည်။ ဤသို့ဖြစ်သင့်သည်ဟု ဆိုရခြင်းမှာလည်း အခြေခံဥပဒေ ပုဒ်မ ၄၃၆ က ပေးအပ်ထားသည့် ဥပဒေပါ အခွင့်အရေးကို ပြည်သူလူထုအား အသုံးချစေလို၍ ဖြစ်ပါသည်။ သို့မဟုတ်ပါက ပြည်သူတို့သည် မိမိတို့အား အခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အပြည့်အဝ အသုံးမချလိုက်ရဘဲ လူနည်းစုဖြစ်သည့် (တပ်မတော်သား အပါအဝင်) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ လက်ဝယ်သို့ (မျက်နှာလွှဲခဲပစ်) လွှဲအပ်လိုက်သလို ဖြစ်ကာ မိမိကိုယ်မိမိ မည်သည့်အခါမျှ ခွင့်လွှတ်နိုင်ကြမည် မဟုတ်ဘဲ တစ်သက်လုံး တအုံနွေးနွေး ဖြစ်နေကြရတော့မည် ဖြစ်ပါသည်။

သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးတို့သည် နိုင်ငံတော်သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသည့်အချက်များအား မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်သက်သက်ဖြင့် ဆုံးဖြတ်လုပ်ကိုင်ခြင်း မပြုကြဘဲ ပိုမို၍ အမြင်ကျယ်ပြန့်သော၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို ပိုမိုလိုလားမည်ဖြစ်သော (အခြေခံဥပဒေ ပုဒ်မ ၄ အရ) အချုပ်အခြာအာဏာ၏ စီးဆင်းရာ မူလပိုင်ရှင် ဖြစ်သော ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာနိုင်ငံသား၏ လက်ဝယ်သို့ မနှေးအမြန် အပ်နှံရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်အဆက်ဆက်တို့သည် ပြည်သူ့စွမ်းအားကို ယုံကြည်သည်အကြောင်း အကြိမ်ကြိမ် အထပ်ထပ် ပြောကြားခဲ့ကြပါသည်။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြည်သူတို့၏ ရွေးချယ်ပိုင်ခွင့်ကို လက်ခံသူတစ်ဦး ဖြစ်သည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို လက်ခံခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ငါးသန်းကို စုစည်းရယူတင်ပြခဲ့ရာ အဆိုပါ လက်မှတ်ငါးသန်းသည် ပြည်သူ ၅၁ သန်းကို ကိုယ်စားမပြုသည့်အတွက် လက်မခံနိုင်သည့် အကြောင်း တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ဖြေကြားခဲ့ဖူးသည်ကို ဖတ်ရှုလိုက်ရပါသည်။ သို့ဖြစ်ရာ ၅၁ သန်းသော ပြည်သူကို ကိုယ်စားပြုသည့် တစ်နည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသောပြည်သူများကို ကိုယ်စားပြုသည့်ရလဒ် ဆိုပါက လက်ခံမည်ဟူသည့် သဘော အဓိပ္ပာယ် သက်ရောက်သည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း အထက်ကသာ ပြည်သူ၏ အဆုံးအဖြတ်ကို လက်ခံမည်ဟူ၍ သဘောတူညီကြပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ကန့်ကွက်စရာအကြောင်း မမြင်ပါ။

ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်သည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သဘောတူညီ ဆုံးဖြတ်ဆောင်ရွက်ရန် ကိစ္စမှာလည်း များစွာခက်ခဲသည်တော့ မဟုတ်ပါချေ။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) တွင် ဖော်ပြပါရှိသည့်အတိုင်း ပြင်ဆင်ရန် တင်ပြလာပါက ထိုသို့ တင်ပြလာခြင်းကို သဘောတူညီကြောင်း ထောက်ခံဆန္ဒမဲပေးကြ၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းထက် ပိုသော ဆန္ဒမဲအရေအတွက် ရရှိပါက ဥပဒေအဖြစ် ပြဋ္ဌာန်း၍ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ပြည်သူ့ဆန္ဒ ခံယူလိုက်ရုံသာ ဖြစ်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရန်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၄၅) ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေတစ်ရပ်အား ၂၂.၇.၂၀၁၅ ရက်နေ့က ပြဋ္ဌာန်းပြီးဖြစ်ရာ အဆိုပါ ဥပဒေနှင့်အတူ ယခု ထပ်မံပြင်ဆင်သည့် ဥပဒေကို ပေါင်းစပ်၍ ပြင်ဆင်မည် ဆိုပါက ဖြစ်နိုင်ပါသည်။

ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရန် ကိစ္စမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပရမည်ဖြစ်ရာ သာမန်အားဖြင့် ကြည့်ပါက မည်သို့မျှ အချိန်မီစရာအကြောင်း မရှိပါချေ။ သို့ရာတွင် ပြည်သူတို့ မေ့နေကြသော အချက်တစ်ခုမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂) အဖြစ် ၁၀.၂.၂၀၁၅ ရက်နေ့က နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပြီး ဖြစ်သလို မဲစာရင်းများလည်း အဆင်သင့်ရှိနေပြီး ကော်မရှင် အဆင့်ဆင့်လည်း ဖွဲ့စည်းပြီး ရှိနေသည်ဖြစ်ရာ ရေကန်အသင့် ကြာအသင့်ပင် ဖြစ်ပါသည်။ အဆိုပါ ဥပဒေပုဒ်မ ၄ (က) တွင် ‘ကော်မရှင်သည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့် နေ့ကို အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ကြေညာရမည်’ ဟု ပြဋ္ဌာန်းထားသလို ပုဒ်မခွဲ (ခ) တွင် ‘မြို့နယ်/ရပ်-ကျေး ကော်မရှင်များသည် ဆန္ဒမဲပေးခွင့် ရှိသူများ၏ အမည်စာရင်းများကို အနည်းဆုံး ၁၅ ရက် ကြိုတင်ကြေညာရမည်’ ဟူ၍ ပြဋ္ဌာန်းထားပါသည်။

သို့ဖြစ်ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ် တော် အစည်းအဝေးတွင် နိုင်ငံတော် ဒုတိယသမ္မတများ ရွေးချယ်ရေး အတွက် အစုအဖွဲ့များ၏ အစည်းအဝေးများကို မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ရန် ကြေညာထားရာ ယခုလာမည့် ရက်သတ္တပတ် အတွင်းတွင် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ၍ အဆုံးအဖြတ် ခံယူမည် ဆိုပါက အချိန်ကာလအားဖြင့် အတိအကျပင် ဖြစ်ပါသည်။ လိုအပ်နေသည်မှာ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ အပါအဝင်) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးပါ အရာရောက်သော နိုင်ငံတော် သမ္မတ ရွေးချယ်ရေး ကိစ္စကို မိမိတို့ စိတ်ဆန္ဒရှိသည့်အတိုင်း ပြုမူဆောင် ရွက်ခြင်း မပြုဘဲ ပြည်သူတို့အလိုကျ၊ ပြည်သူတို့ကိုယ်တိုင် ဆုံးဖြတ်၍ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ကြစေရန် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို ပြည်သူ့လက်ဝယ်သို့သာ အပ်နှံဆောင်ရွက်စေသင့်ပါကြောင်း တင်ပြလိုက် ရပါသည်...။

The Voice Weekly

No comments:

Post a Comment

My Blog List