Wednesday, February 17, 2016

ဖမ်းဆီးခံ ကျောင်းသားများအရေး လွှတ်တော်ကိုယ်စားလှယ်များက လွတ်မြောက်အောင် စွမ်းဆောင်ပေးရန် မျှော်လင့်


ဖမ်းဆီးခံ ကျောင်းသားများအရေး လွှတ်တော်အတွင်း ရောက်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် လွတ်မြောက်အောင် စွမ်းဆောင်ပေးရန် မျှော်လင့်ကြောင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက သိရှိရသည်။ လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် လွှတ်တော်တွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နုတ်ထွက်ပေးရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ အပါအ၀င် အခြားပုဒ်မများဖြင့် အရေးယူခံနေရခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ကိုယ်လုပ်ပြီး ကိုယ်ပြန်မခံချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဖမ်းဆီးထားတဲ့ အမှုတွေက မတရား ဖမ်းဆီးခံထားရတဲ့ အမှုတွေဖြစ်တယ်။ တရားမျှတမှုကိုသာ ပြောခြင်းဖြစ်တယ်။ လွတ်ခြင်း၊ မလွတ်ခြင်းကို ပြောတာ မဟုတ်ဘူး။ လွှတ်တော်ထဲ ရောက်နေတဲ့ အမတ်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းသားဘ၀က ထောင်ကျဘူးတဲ့ သူတွေ အများကြီးပါတယ်။ ကျွန်တော်တို့ အကျဉ်းကျခံနေရတာတွေ၊ မတရားပုဒ်မတွေ တပ်ခံထားရတာတွေကို သူတို့ ကိုယ်ချင်းစာလိမ့်မယ်လို့ ယုံကြည်တယ်။ သို့ပေမယ့်လည်း ဒီနိုင်ငံမှာက ဥပဒေ ပြုရေးပဲဖြစ်ဖြစ်၊ တရားစီရင်ရေးမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေး ပဲဖြစ်ဖြစ် အကန့်အသတ်တွေ ရှိနေတယ်” ဟု ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

ဖမ်းဆီးခံကျောင်းသားများ အရေးနှင့်ပတ်သက်၍ အစိုးရသစ်ဖွဲ့စည်းပြီးသည့် အချိန်တွင် ၎င်းတို့ လွတ်မြောက်အောင် ဆောင်ရွက်ပေးမည်ဟု ဖမ်းဆီးခံကျောင်းသားများက မျှော်လင့်နေကြခြင်း ဖြစ်သည်။

“အနိုင်ရ လွှတ်တော်အမတ် တော်တော် များများက နိုင်ငံရေးအကျဉ်းသား တော်တော် များပါနေတယ်။ လက်ရှိ အစိုးရက နိုင်ငံရေးပြဿနာကို ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီး ထောင်ကျထားတဲ့ ကိစ္စမှာ ဒီကိစ္စကို အတတ်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်။ လက်ရှိ ထောင်ထဲတွေမှာ ရောက်နေတဲ့သူတွေက တကယ်ပြစ်မှုကျူးလွန် လို့ ရောက်နေတာလား၊ ဆိုတာကို လေ့လာပြီး အတတ်နိုင်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း နိုင်ကျဉ်းဘဝကနေ လွှတ်တော်အမတ် ဖြစ်သွားခဲ့တာပါ” ဟု ဖမ်းဆီးခံကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသား ပညာရေး ဥပဒေအား လက်မှတ်ရေးထိုး အတည်ပြုလိုက်သည့်အတွက် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ ဦးဆောင်၍ မြန်မာနိုင်ငံ အနှံ့ အပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

အမျိုးသား ပညာရေး ဥပဒေအား မန္တလေးမှ ရန်ကုန်သို့ ကန့်ကွက်ဆန္ဒပြ ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံသူများကို လက်ပံတန်း အရောက် ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှ ဖြိုခွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

သတင်း - MMK
The Ladies News

No comments:

Post a Comment

My Blog List