Wednesday, February 17, 2016

ငြိမ်းချမ်းရေးမှ ညီညွှတ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆီသို့


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန်မှာ တိုင်းရင်းသားအားလုံး ပါဝင်နိုင်ခွင့်က မရှိမဖြစ် အရေးပါသည်။နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအနှံ့ အပြားရှိ တိုင်းရင်းသား ဒေသများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီ ၆၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း NLD က တစ်နိုင်ငံလုံးတွင် ပြတ်သားစွာ အနိုင်ရခဲ့သည် လူနည်းစု တိုင်းရင်းသားများ အများစု နေထိုင်သည့် ပြည်နယ် ၇ ခု အနက် ၅ ခုတွင် NLD က အများစု အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အနိုင်ရခဲ့ခြင်းမှာ မဲဆန္ဒရှင်များ၏ ရိုးရိုးသားသား ထောက်ခံမှုကြောင့်ဖြစ်သည်။
သမိုင်းကြောင်းအရမူ လူနည်းစု တိုင်းရင်းသားများသည် လူများစု ဗမာများနှင့် ညီညွတ်မှုရှိလိုသည့် အဖြစ်မျိုးမှာ ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်သည် ဗမာ အများစုနေထိုင်ရာ ဧရာဝတီ မြစ်ဝှမ်းကို အဓိက အုပ်ချုပ်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် သီးခြားအုပ်ချုပ် သည့် နိုင်ငံများ ပေါ်ထွက်ခဲ့သည်။ ကိုလိုနီခေတ် တွင် ဗြိတိသျှတို့က သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ဗမာနှင့် တိုင်း၇င်းသားများကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

၁၉၄၈ တွင် နိုင်ငံလွတ်လပ်ရေးရပြီးနောက် မကြာမီတွင်ပင် ဗမာအများစု ပါဝင်သည့် အစိုးရက တိုင်းရင်းသားများက ပုန်ကန်ခဲ့သည်။ အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပြီး နိုင်ငံအနှံ့ ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ထို ပြည်တွင်းစစ်မှာ ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့သည်။ ၁၉၈၈ တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တိုင်းရင်းသား တပ်ဖွဲ့များအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပြီး သေဆုံးမှု အများအပြား ဖြစ်ပေါ်စေခဲ့ကာ ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်တွင် သိန်းနှင့်ချီသည့်စစ်ဘေးဒုက္ခသည်များ နယ်စပ်ဖြတ် ကျော်၍ ထွက်ပြေးခဲ့ရသည်။

သမ္မတဦးသိန်းစိန် ၏ အရပ်သားတစ်ပိုင်းအစိုးရ ၂၀၁၁ တွင် အာဏာရယူ ခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ပထမခြေလှမ်းကို စတင်ခဲ့သည်။ တိုင်းရင်းသား တပ်ဖွဲ့ ၂၀ ခန့်နှင့် သမိုင်းဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အစိုးရက တိုင်းရင်းသားတပ်ဖွဲ့များကို ဖျက်သိမ်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားရှိရန် အဆိုပြုခဲ့သဖြင့် တိုင်းရင်းသားတပ်ဖွဲ့ များနှင့် ညှိနှိုင်းမှု အဆင်မပြေဖြစ်ကာ ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် တိုင်းရင်းသား တပ်ဖွဲ့ ထက်ဝက် ခန့်က ဆွေးနွေးခြင်းကို ရပ်ဆိုင်းခဲ့ပြီး မနှစ်က အောက်တိုဘာတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးချိန်တွင် အဖွဲ့ ၈ ဖွဲ့သာ ပါဝင်တော့သည်။

ဇန်န၀ါရီ ၁၂ က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ လွတ်လပ်ရေးမှာ တိုင်းရင်းသား လူမျိုးအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားတပ်ဖွဲ့အားလုံး ပါဝင်ရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးခြင်းမရှိသည့် တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့က NLD အစိုးရသစ်နှင့် ဆွေးနွေးမှုပြုလုပ်ပါက ပိုမိုလွယ်ကူ မည်ဟု ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး မျှော်လင့်ချက်များ အကောင် အထည်ဖော်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဦးစားပေး လုပ်ငန်းဖြစ်သော် လည်း လွယ်ကူသည့် လုပ်ငန်းမဟုတ်သကဲ့သို့ နိုင်ငံရေး ရည်ရွယ်ချက် တစ်ခုတည်းကြောင့် မဟုတ်ပေ။

လွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလို ၁၉၄၇ ဖေဖော်ဝါရီတွင် ဗမာအများစု ပါဝင်သည့် ဗဟိုအစိုးရသည် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ရှမ်းနှင့် ချင်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသောအခါ တိုင်းရင်းသားအားလုံး သာတူညီမျှ အခွင့်အရေး ရရှိမည့် ဖက်ဒရယ်စနစ်ဖြင့် တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ခေါင်းဆောင်အဖြစ် ပင်လုံစာချုပ် တွင် လက်မှတ်ရေးထိုးခဲ့သည်။

လက်နက်ကိုင် တပ်ဖွဲ့များ အများအပြားရှိနေခြင်းကို စစ်တပ်က လက်မခံ သလို ဆယ်စုနှစ်များစွာ ဖိနှိပ်မှုများ ရင်ဆိုင်ခဲ့ရသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း လက်နက်ဖြုတ်သိမ်းရန် (သို့) စစ်တပ်အတွင်း ပေါင်းစပ်ပါဝင်ရန် လိုလာခြင်းမရှိပေ။ NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် တိုင်းရင်းသား တပ်ဖွဲ့များအား အလွန်အကျွံ လိုက်လျောပါက လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားဆဲဖြစ်ပြီး အာဏာကြီးမားသည့် စစ်တပ်၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရနိုင်သည်။

စစ်တပ်အတွင်း အမျိုးသား လုံခြုံရေးမှာ တစ်ခုတည်းသော ဦးတည်ချက် မဟုတ်ပေ။ ပဋိပက္ခများ ဖြစ်ပွားနေသည့် ကချင်နှင့် ရှမ်းပြည်နယ်များသည် ကျောက်စိမ်းနဲ့ သစ်ကဲ့သို့ သယံဇာတများ ကြွယ်ဝပြီး တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်ရေး လမ်းကြောင်းများ တည်ရှိသည်။ ထိုဒေသများရှိ လုပ်ငန်း အများအပြားကို စစ်တပ်အရာရှိကြီးများ ကျောထောက်နောက်ခံ ပြုထားသည့် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ ထို့ကြောင့် သယံဇာတများအား တိုင်းရင်းသားများကြားတွင် မျှတစွာ ခွဲဝေလိုသည့် NLD ၏ မူဝါဒကို ထိုလုပ်ငန်းများနှင့် ပဋိပက္ခများမှ အကျိုးအမြတ် ရနေသူများက နှစ်ခြိုက်မည် မဟုတ်ပေ။

သမ္မတဦးသိန်းစိန်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန(လ၀က) အား စစ်တပ်ထိန်းချုပ်ထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန အောက်သို့ ထည့်သွင်းရန် ဇန်န၀ါရီလအတွင်းက လွှတ်တော်သို့ အဆိုပြုခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန ကဲ့သို့ပင် ပြည်ထဲရေးဝန်ကြီးအား စစ်တပ်က ခန့်အပ်ရန် အခြေခံဥပဒေတွင် ဖော်ပြထားသည်။ လွှတ်တော်က ပယ်ချခဲ့သည့် ထိုအဆိုပြုချက်မှာ လ၀က အား ထိန်းချုပ်ကာ နယ်စပ်ဒေသ များရှိ အကျိုးစီးပွားကို ကာကွယ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု လေ့လာ သူများက ယူဆထားသည်။

ထို့အပြင် သယံဇာတ ကြွယ်ဝပြီး ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည့် ရခိုင်၊ ရှမ်း နှင့် ကချင် ပြည်နယ်များအတွက် ၀န်ကြီးချုပ်နေရာကို စစ်တပ်က တောင်းဆို ထားသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားများ၏ မျှော်လင့်ချက်နှင့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ခြင်းကြားတွင် သတိကြီးကြီး ဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။

တိုင်းရင်းသားများ ဗမာ့ကျွန်မဖြစ်စေရဟု ကတိပေးခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ ဇူလိုင် ၁၉ တွင် လုပ်ကြံခံခဲ့ရပြီး ပင်လုံစာချုပ်ပါ သဘောတူညီချက်များမှာ မည်သည့်အခါမှ အကောင်အထည် မပေါ်တော့ပေ။ နှစ်ပေါင်း ၇၀ ကြာပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဖခင်စတင်ခဲ့သည့် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် ကတိပြု ကြိုးစားလျက်ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမည့် တိုက်ပွဲမှာ ယခုမှ အစပြုခြင်းဖြစ်သည်။

The Ladies News

No comments:

Post a Comment

My Blog List